/
node/4049

ကလေးလေးတွေအိပ်အောင် ဘာလိုသိပ်မလဲ

Category
ကလေးများနှင့်ကျန်းမာရေး

          မွေးကင်းစကလေးတွေဟာ အိပ်ချိန်အတိအကျမရှိဘဲ နိုးလိုက်၊ နို့စို့လိုက်၊ အိပ်နေလိုက်ဖြစ်နေတတ် ပါတယ်။ တခါတရံမှာ ညအချိန်မတော်နိုးနေပြီး တော်တော်နှင့်ပြန်မအိပ်တာကြောင့် ကလေးကိုပြုစုရတဲ့ မိဘများအနေဖြင့် မနက်ခင်းရောက်တဲ့အခါမှာ ပင်ပန်းနွမ်းနယ်နေလေ့ရှိပါတယ်။

          ကလေးတယောက်နှင့် တစ်ယောက် အိပ်စက်ချိန်မတူညီကြပါဘူး။ မွေးကင်းစကလေးငယ်တွေဟာ တနေ့လျှင် 10 နာရီမှ 18 နာရီအထိ အိပ်စက်လေ့ရှိပြီး အသက် 4 လမှ 1 နှစ်အရွယ်ကလေးတွေကတော့ တနေ့မှာ 9 နာရီမှ 12 နာရီအထိ အိပ်စက်လေ့ရှိပါတယ်။ အသက် 3 လအရွယ်မှစပြီး အိပ်ပျော်စေ တဲ့ ဟော်မုန်း မယ်လတိုနင် စတင်ထွက်ရှိလာတာကြောင့် အဲဒီအရွယ်မှစပြီး ကလေးတွေရဲ့ အိပ်စက်ချိန်ဟာ ပိုမိုမှန်ကန်လာမှာဖြစ်ပါတယ်။

          လအနည်းငယ်ရလာတဲ့အခါမှာ ကလေးငယ်တွေဟာ မောပန်းနွမ်းနယ်လာချိန်မှာ သူအလိုလိုအိပ်သွားလေ့ရှိပါတယ်။ သူအလိုလိုလည်း မအိပ်ဘူး၊ သိပ်ရမယ့် အချိန်လဲရောက်လာပြီဆိုရင်တော့ ကလေးငယ်ကို စောင်ပါးပါးလေးဖြင့် ညင်သာစွာထွေးပွေ့ပေးခြင်း၊ သာယာငြိမ့်ညောင်းသော သီချင်းသံများဖွင့်ပေးခြင်း၊ အခန်းအလင်းရောင်လျှော့ချပေးခြင်း စတဲ့နည်းလမ်းတွေက ကလေးအိပ်ပျော်စေဖို့ အထောက်အကူပြုမယ့် နည်းလမ်းတွေဖြစ်ပါတယ်။ သတိပြုရမယ့်အချက် မိခင်က ကလေးငယ်နှင့်အတူ မရှိနိုင်ဘူးဆိုရင်တော့ စောင်ဖြင့်ထွေးပွေ့ခြင်းကို မလုပ်သင့်ပါဘူး။ စောင်က ကလေးငယ်ကို ဖိမိပြီး ကလေးငယ်ရုတ်တရက် သေဆုံးခြင်း (SIDS) ကိုဖြစ်စေနိုင်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com