ကြုံရပလေ
"အစ်မရေ ဓါးခုတ်ခံရတဲ့ လူနာရောက်လာတယ် "
စက်ဘီးမှောက်ပြီး ခေါင်းကွဲလာသောလူနာကို ခေါင်းချုပ်နေသော ဆရာဝန်မှာ ဆရာမလေးပြောလိုက်သော စကားကြောင့် စိတ်ညစ်သွားတော့သည်။ တစ်ခုတောင်မပြီးသေး နောက်တစ်ခုလာပြန်ပြီ...
"ဆရာမရေ သွေးပေါင်ချိန်ထား လိုတာလုပ်ထားဦး"
"အစ်မ အစ်မ" "လူနာက မူးနေတယ် ဒေါသတွေလဲ ထွက်နေတယ် "
"ဟင်ဟုတ်လား" ချုပ်လက်စကို မြန်မြန် လက်စသတ်ပြီး လူနာသွားကြည့်ဖို့ပြင်ရသည်။
"ခွေးမသားတွေ နောက်ကျောက ဓါးနဲ့ လာထိုးတယ် ... ငါဆေးရုံက ဆင်းရင် မင်းတို့သေမယ်မှတ် "
အခန်းထဲ မဝင်ခင် ကြားလိုက်ရသော အသံကြောင့် ဆရာဝန်မလေးတွန့်သွားသည်။
အခန်းထဲ ဝင်လိုက်တာနှင့် အရက်နံ့က တထောင်းထောင်း ... ကုတင်ပေါ်မှာ အကျႌချွတ်ထားသော လူကြီးက တကိုယ်လုံးဆေးမှင်ကြောင် အပြည့်နှင့် ဗလ တောင့်တောင့် ...ကျောဘက်မှာ ဓါးဒဏ်ရာက အပြည့်နှင့် သွေးတောက်တောက်ကျလျှက် ... ဒီလောက် များတာ ခွဲခန်းထဲ ချုပ်မှ ရလိမ့်မည်
"ဦးလေး ဒဏ်ရာကို ခွဲခန်းထဲ ချုပ်ဖို့ ကျွန်မတို့ပြင်ပေးမယ်နော် "
သူ့ဒေါသ ကိုယ့်စီ ကူးလာမှာ စိုး၍ အချိုသာဆုံး အပြုံးဖြင့် ပြောလိုက်သည်။
"ရတယ် ဆရာမ ဒီလောက်က အသေးအမွှားပဲ"
'ဘုရားရေ သတ္တိကောင်းလှ ချည်လား ... အေးလေ ဒါကြောင့် လူမိုက်ဖြစ်နေတာပေါ့ '
ဒဏ်ရာကို ဆေးထည့်တော့ တစ်ချက်တောင်မတွန့်။ အခြေအနေ အေးဆေးပြီ ဖြစ်၍ အခန်းပြင် ထွက်ရန် ပြင်လိုက်စဉ်...
"ဆရာမ ဒါ ဘာလုပ်ဖို့လဲ " ကြောက်မက်ဖွယ်အော်သံကြောင့် လှည့်ကြည့်လိုက်ရာ ဆေးထိုးအပ် ကိုင်ထားသော ဆရာမလေးမှာ အူကြောင်ကြောင် ပြန်ကြည့်သည်
"ဆေးထိုးမလို့လေ "
"ဘာဆေးလဲ မထိုးဘူး" အကြောက်အကန်ငြင်းဆန်နေသော လူနာကြောင့် ဆရာဝန်မလေးလဲ ချိုချိုသာသာ ဝင်ပြောရသည်။
" ဦးလေးက ဒဏ်ရာရထားတော့ မေးခိုင် ကာကွယ်ဆေး ထိုးရမယ်လေ "
"မထိုးဘူး !"
စိတ်က သိပ်မရှည်ချင်တော့ ...
"ထိုးရပါမယ်ဆို ဦးလေးက ဘာလို့ မထိုးချင်ရတာတုန်း "
"ကျွန်တော် ..." ရုတ်တရက် အသံတိတ်သွားကာ
" ဆေးထိုးရမှာကြောက်လို့ပါ ဆရာမရယ် "
" ဘာာ... ဗလကြီးမှ အားမနာ ထိုးရမယ် ဒါပဲ" ခပ်မာမာပြောလိုက်သည့် ဆရာဝန်စကား အဆုံး ဆရာမလေးက လူနာ လက်မောင်းကို ဆေးထိုးဖို့ပြင်လိုက်သည်။
အခန်းပြင်ထွက်လာရင်း သံယောဇဉ်မကုန်စွာ လှည့်ကြည့်လိုက်တော့ လူမိုက်ကြီး မျက်ရည်တွေ ဝဲလို့ ...
Khin Cho






























