/
node/4088

မေတ္တာတရား -၂

Category
ကလေးများနှင့်ကျန်းမာရေး

"အစ်မ လူနာလာတယ် " ဆေးခန်းအကူ ညီမလေးရဲ့ အသံ အဆုံးမှာ လိုက်ကာဟ လာပြီး အမျိုးသမီးတစ်ယောက် ဝင်လာသည်။ အခန်းဝမှာ အမျိုးသားဖြစ်ဟန်တူသူက ၃နှစ်အရွယ်ခန့် ကလေးမလေးကို ချီလျှက် ... မလှုပ်တလှုပ် လှမ်းလျှောက်လာသော အမျိုးသမီးက ယိုင်နဲ့နဲ့
" ဘာဖြစ်လို့လဲ အစ်မ"
"ဖျားပြီးတာ တစ်ပတ်လောက်ရှိပြီ ခုထိ အစားမဝင်ဘဲ လူက အရမ်းအားနည်းနေလို့ ဆရာမ "
လိုအပ်တာ စစ်ဆေးပြီး ဆေးထိုးဖို့ပြင်တော့ လိုက်ကြည့်နေတဲ့ မျက်လုံးတောက်တောက်လေးတွေကို သတိထားမိလိုက်သည်။

"သမီးရော ဆေးထိုးမလား " အကျင့်ပါနေသော ပါးစပ်က လှမ်းစလိုက်သည်။
"မထိုးပါဘူး မေမေ့ကိုထိုး "
အားလုံးပြုံးမိကြသည် ...
သွက်သလောက် စကားတတ်သော ကလေးငယ်က ချစ်စရာ။ "ဒီတစ်ယောက်ပဲရှိတာလား" ဆေးထိုးရင်း မေးလိုက်သည်။
"မဟုတ်ဘူး ဆရာမ သူ့ထက်အကြီး ရှိသေးတယ် သားကြီးက ... " ပြောရင်း တိမ်သွားသော အသံကြောင့် သူမ မော့ကြည့်လိုက်သည် ... ချက်ချင်းအုံ့မှိုင်းသွားသော မျက်နှာကိုမြင်လိုက်ရသည်။
"အော်တစ်ဇင် ဖြစ်နေတာလေ "
ရင်ထဲမှာ လေးကနဲ ဖြစ်သွားသည်။ ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သော ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သူမ သိသည်လေ ...
ကိုယ်တတ်နိုင်တာကို ကူညီချင်စိတ် ပေါက်သွားသည်...

"ခုရော ကလေးက ဘယ်အရွယ်လဲ " ပေါ့ပေါ့ပါးပါးပုံစံဖြင့် Dr.K ကမေးလိုက်ရာ လင်မယားနှစ်ယောက်လုံး စိတ်ပေါ့ပါးသွားပုံရသည်။
"သားကြီးက ခု ၁၀နှစ်ကျော်ပြီ အရမ်းကြောက်သွားပြီး နောက်ကလေးတောင် ထပ်မယူရဲလို့ ကလေးနှစ်ယောက်ဝေးသွားတာ သမီးက ကောင်းနေလို့ တော်သေးတာပေါ့ "

"ခုရော ကလေးက ဘယ်လိုနေလဲ အဲ့လို ကလေးလေးတွေ အတွက် သီးသန့်ကျောင်းတွေ ရှိတယ်လေ "
ဟုတ်သည် ... အသိဉာဏ်ချို့ယွင်းသော ကလေးတွေကို ပညာတတ်မဖြစ်တောင် လူ့လောကမှာ ကိုယ့်တာဝန် ကိုယ်ယူနိုင်အောင် လေ့ကျင့်သင်ကြားပေးလို့ရသည်လေ ...

"ထားတယ် ဆရာမ သားကို သမိုင်းက သက်ငယ်သင်တန်းကျောင်းမှာထားတယ် ... ကိုယ်က သိပ်မတတ််နိုင်ဘူးလေ ... အဆင်ပြေပါတယ် ... ရောက်ခါစက သူ့ထမင်းတောင် သူမစားတတ်တာ ခုတော်တော်များများ နားလည်နေပြီ ... စာလဲ နှစ်တန်းရောက်ပြီလေ " ၁၀နှစ်ကျော်ကလေးက ၂တန်းဆိုတာ ပုံမှန်မဟုတ်ပေမယ့် အော်တစ်ဇင်ကလေး စာသင်လို့ရတာကပင် ဝမ်းသာစရာပင်ဖြစ်သည်။

"ဟုတ်လား training ကောင်းတာပေါ့ "
"ကောင်းတာပေါ့ ဆရာမရယ် ... သေသေချာချာလဲ လေ့ကျင့်ပေးတယ် ... ကျွန်မတို့ကိုယ်တိုင်လဲ အော်တစ်ဇင်နဲ့ ပတ်သတ်တာတွေလေ့လာပြီး အိမ်မှာလဲ လေ့ကျင့်ပေးရတာပေါ့ ... အခုကျောင်းကားနဲ့ပို့တယ်လေ ... ငါးနှစ်လောက်ကတည်းက စထားတာ ... အဲ့တုန်းက သူ့အဖေ ဘတ်စ်ကားနဲ့ နေ့တိုင်း လိုက်ပို့တာ ... ကားပေါ်မှာ သူက ဘယ်တော့မှ အငြိမ်မနေဘူးလေ ... ဟိုခုံထိုင်လိုက် ဒီခုံရွှေ့လိုက်နဲ့ အော်ချင်အော်နေတာ ... လူတွေက ဝိုင်းကြည့် ... အစကတော့ ရှက်တာပေါ့ ... လူတွေက နားမလည်ကြဘူးလေ " တွေတွေငေးငေးပြောနေတဲ့ ကလေးအမေ မျက်နှာကို အဖေက ခပ်ငေးငေးကြည့်နေသည်။ သူတို့ဘယ်လောက်များ ဒုက္ခခံခဲ့ရပါလိမ့်။

"အရင်က သူ့အဖေက လက်ဖက်ရည်ဆိုင်ဖွင့်တာလေ ... သားကို အမြဲလိုက်ပို့နေရတော့ ဆိုင်လည်းပိတ်လိုက်ရတယ် ... သူ့အတွက် အများကြီး ရင်းခဲ့ရတာ ဆရာမရဲ့ ...ဒါပေမယ့်တန်ပါတယ်လေ ... ခု သားကြီးက အရမ်း သိတတ်ပြီး လိမ္မာနေပြီ စကားလဲပြောပြီ "
ဆေးထိုးပြီးသွားသည့် အရှိန်ကြောင့်လား ... သားဇောလားတော့ မသိ ... သူမ စကားလုံးတွေက အားမာန်ပြန်ပြည့်လာသည် မျက်နှာက ပြုံးလို့ ...
စကားတစ်ခွန်းမှ ဝင်မပြောသော အမျိုးသားကို လှည့်ကြည့်လိုက်တော့ ပြုံးနေသည့် မျက်နှာမှာ မျက်ရည်ကြည်များ ရစ်ဝိုင်းလျှက် ...
ဘာမှ နားမလည်သေးသော ကလေးမလေးမှာလည်း မိဘ နှစ်ပါးကို ကြည့်ပြီး ပြုံးရီလို့ ...

ဒီ မိသားစုလေး၏ မေတ္တာတရားကို ခံစားနားလည်မိသော Dr.K မှာလည်း ကြည်နူးပြုံးနှင့် ...

 

Khin Cho

www.drmyanmar.com