ညအိပ်စဉ် ဘရာစီယာဝတ်သင့်၊ မဝတ်သင့်
ညအိပ်စဉ် ဘရာစီယာဝတ်အိပ်ခြင်းနှင့်ပတ်သက်၍ အယူအဆမျိုးစုံကွဲပြားလျက်ရှိပြီး အလှအပရေးရာ အတွက် ထောက်ခံသူများရှိသကဲ့သို့ ရင်သားကင်ဆာဖြစ်နိုင်ခြေရှိသည်ဟု သတိပေးသူများလည်းရှိသည်။ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးဖြစ်သူ တွဲဖက်ပါမောက္ခဒေါက်တာ Amber Guth ကမူ ဘရာစီယာဝတ်လျက် အိပ်စက်ခြင်းသည် ကောင်းကျိုး (သို့မဟုတ်) ဆိုးကျိုးသက်ရောက်စေသည်ဟူသည့် သက်သေ အထောက်အထားမရှိကြောင်း၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးနို့တိုက်ခြင်းမှာ ရင်သားတွဲကျခြင်း၏ အဖြစ်များဆုံးအကြောင်းရင်းများဖြစ်ပြီး ကမ်ဘာမြေဆွဲအားနှင့် အချိန်အခါတို့ကလည်း သက်ရောက်မှုရှိသည်ဟု ဆိုထားသည်။
ကမ်ဘာမြေဆွဲအားသက်ရောက်မှုကြောင့်ပင် အိပ်စက်စဉ် ဘရာစီယာ ဝတ်ဆင်ခြင်းက ကောင်းကျိုးပေးနိုင်ကြောင်း၊ ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် ညအိပ်ချိန် ရှစ်နာရီခန့်တွင်း ရင်သားတွင်အထိန်းရှိခြင်းဖြင့် ရင်သားကိုပိုမိုနေရာတကျ တင်းတင်းရင်းရင်းဖြစ်စေနိုင်မည်ဖြစ်ကြောင်း 25 နှစ်ကြာ ဘရာစီယာအံကျတိုင်းပေးခြင်းအလုပ်ကို လုပ်ကိုင်ခဲ့သူ ဝါရင့်ပညာရှင် Linda Becker ကပြောကြားခဲ့သည်။ ဘရာစီယာဝတ်အိပ်သင့်/မသင့်မှာ ရင်သားအရွယ်အစားနှင့်လည်းသက်ဆိုင်ပြီး A နှင့် B အရွယ်အစားရှိသူများအဖို့ ဝတ်အိပ်ရန်မလိုသော်လည်း ထို့ထက်ပိုကြီးသော D နှင့် အထက် အရွယ်အစားပိုင်ရှင်တို့မှာမူ ဝတ်အိပ်သင့်ကြောင်း ၄င်းကရှင်းလင်းပြောကြားခဲ့သည်။
နှစ်ပေါင်းများစွာ ဘရာစီယာဝတ်ဆင်အိပ်စက်ခဲ့သူ Erica Cheung ကမူ ၄င်းမှာ အသက် (10) နှစ်အရွယ်ကပင် ဘရာစီယာဝတ်ကျင့်ခဲ့ပြီး ညအိပ်ရာတွင်လည်း ဝတ်ဆင်ခဲ့ကြောင်း၊ ထိုစဉ်က ဝတ်ဆင်သောဘရာစီယာများမှာ အားကစားဝတ်စုံဘရာစီယာနှင့်ဆင်တူသည့်အတွက် သက်တောင့်သက်သာရှိကြောင်း၊ သို့ရာတွင် နောက်ပိုင်း အုံမာဘရာစီယာဝတ်ဆင်သည့် အရွယ်ရောက်ရှိလာချိန်တွင်မူ သက်တောင့်သက်သာမရှိဘဲ တစ်ခါတရံနာကျင်မှုကြောင့် ညဘက်လန့်နိုးတတ်ကြောင်း၊ သို့ရာတွင် ကျင့်သားရနေပြီဖြစ်ပြီး မိခင်ဖြစ်သူ၏တိုက်တွန်းမှုကြောင့် ဆက်လက်ဝတ်ဆင်ကြောင်းဖြင့် ပြောကြားခဲ့သည်။
ဝါရင့်ပညာရှင် Becker ကိုယ်တိုင်ကလည်း တင်းကြပ်သောအုံမာဘရာစီယာဝတ်ဆင်အိပ်စက်ခြင်း သည် ကျန်းမာရေးဆိုးကျိုးများဖြစ်ပေါ်နိုင်ပြီး ရင်သားကိုထိခိုက်နာကျင်စေပြီး အရေအိတ်များဖြစ်ပေါ်စေနိုင်သည် ဟု သတိပေးပြောကြားခဲ့သည်။ ဒေါက်တာ Guth ကလည်း အံဝင်ခွင်ကျနှင့် သက်တောင့်သက်သာမရှိသော ရင်သားအထိန်းများ၊ ဘရာစီယာများဝတ်ဆင်ခြင်းသည် သွေးနှင့် ပြန်ရည်ကြောလှည့်ပတ်မှုများကိုထိခိုက်စေပြီး ရက်ရှည်အသုံးပြုပါက ပြန်ရည်ကြောပိတ်ဆို့မှုကြောင့် ရင်သားရောင်ခြင်း၊ အန်းခြင်းများ ဖြစ်ပေါ်နိုင်သည်။
သိပ္ပံပညာရှင်များသည် ရင်သားကင်ဆာဖြစ်ပေါ်ရာတွင် ပါဝင်နိုင်ခြေရှိသော ဇီဝဖြစ်စဉ်များ ကိုလေ့လာလျက်ရှိပြီး ဘရာစီယာကဲ့သို့သော ပြင်ပပစ္စည်းများက အကျိုးသက်ရောက်နိုင်သည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်းနှင့် မိမိလူနာများကိုလည်း ဘရာစီယာဝတ်အိပ်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့စိတ်ဆန္ဒ အတိုင်း ရွေးချယ်လုပ်ဆောင်စေကြောင်း ဒေါက်တာ Guth ကရှင်းလင်းပြောကြားခဲ့သည်။
Dr. Thanda Lin






























