/
node/4162

ကားအတွင်းသင့်ကလေးငယ်ဘေးကင်းဖို့ နောက်ပြန်ထိုင်ခိုင်းကြပါစို့

Category
ကလေးများနှင့်ကျန်းမာရေး

        ကလေးငယ်နှင့်အတူ ကားစီးပြီးခရီးေ၀းသွားမည်ဆိုပါက ကားအတွင်းစီးကလေးလုံခြုံရေးထိုင်ခုံကို ထည့်သွင်းထားရန်လိုအပ်ပြီး အဆိုပါထိုင်ခုံကိုလည်းကားရှေ့ဘက်သို့ မျက်နှာမူထိုင်ခိုင်းသည် ထက် ပြောင်းပြန်ကျောပေးထိုင်ခိုင်းခြင်းသည် ကလေးငယ်ကိုပိုမိုအန္တရာယ်ကင်းစေကြောင်းတွေ့ရှိရပါသည်။ အသက် (2) နှစ်အောက်ကလေးငယ်များသည် ကားနောက်ဖက်မျက်နှာမူကာ ပြောင်းပြန်ကျောပေးတပ်ဆင်ထားသောထိုင်ခုံတွင် စီးနင်းလိုက်ပါပါက ကားတိုက်မှုဖြစ်ပွားချိန်တွင် ဒဏ်ရာရနိုင်ခြေနှင့် သေဆုံးနိုင်ခြေ 75 ရာခိုင်နှုန်းလျော့နည်း သွားကြောင်း လေ့လာတွေ့ရှိခဲ့သည့်အတွက် 2011 ခုနှစ်တွင် အမေရိကန်ကလေးကျန်းမာရေးအဖွဲ့အစည်းကြီး (American Academy of Pediatrics) (AAP) သည် ကလေးငယ်များကားအတွင်း စီးနင်းလိုက်ပါမှုပုံစံနှင့် ပတ်သက်သည့် ၄င်း၏မူဝါဒကို ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့သည်။

        ယခုအခါတွင် အမေရိကန်ကလေးကျန်းမာရေးအဖွဲ့အစည်း (AAP) နှင့်အတူအဝေးပြေးလမ်းမများ ယာဉ်အန္တရာယ်ကင်းရှင်းရေး အမျိုးသားအဆင့်ဦးစီးညွှန်ကြားသည့်အဖွဲ့ (National Highway Traffic Safety Administration or NHTSA) ကလည်း အနည်းဆုံးကလေးငယ်အသက် (2) နှစ်၊ (3) နှစ်အရွယ်ရောက်သည်အထိ ကလေးငယ်ကိုကားတွင်းထိုင်ခုံအားနောက်ပြန်တပ်ဆင်ပြီး ထိုင်စေသင့်ကြောင်းအကြံပြုတိုက်တွန်းထားသည်။ ငယ်ရွယ်သောကလေးများသည် အရိုးအဆစ်များကြီးထွားနေချိန်ဖြစ်ပြီး ၄င်းတို့၏ဦးခေါင်းမှာလည်း လည်ပင်းနှင့်နှိုင်းယှဉ်လျှင် အချိုးအစားကြီးမားနေသည့်အလျောက် ဦးခေါင်းနှင့် အာရုံကြောမကြီး ထိခိုက်ဒဏ်ရာ ရနိုင်ခြေမြင့်မားတတ်သည်။ ကလေးငယ်အား ကားအတွင်းနောက်ပြန်ထိုင်ခုံတွင် ထိုင်စေခြင်းအားဖြင့် ၄င်း၏ ဦးခေါင်း၊ လည်ပင်းနှင့် ကျောကုန်းတို့အားအထောက်အပံ့ပေးထားနိုင်ပြီး ယာဉ်တိုက်မှုဖြစ်ပေါ်ချိန်တွင် ထိခိုက်ဒဏ်ရာရရှိမှုမှ ကာကွယ်ပေးမည်ဖြစ်သည်။

 

 Dr. Thanda Lin

 www.drmyanmar.com