/
node/4171

ကမ်ဘာ့မိခင်နို့ချိုတိုက်ကျေွးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးမှုရက်သတ္တပတ် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

        ကမ်ဘာ့မိခင်နို့ချိုတိုက်ကျေွးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးမှုရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမွေဖွားပြီးစမိခင်များအား အသိပညာပေးအစီအစဉ် အရ ဆွေးနွေးဟောပြောပွဲကို သြဂုတ်လ 15 ရက်နေ့တွင် ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးရှိ ပြင်ပလူနာဌာန တွင်ပြုလုပ်ခဲ့သည်။

       အဆိုပါအသိပညာပေးအစီအစဉ်တွင် သားဖွားမီးယပ်အထူးကု တွဲဖက်ပါမောက္ခဆရာဝန်ကြီး ဒေါက်တာ ဦးစိုးလွင်နှင့် ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီး ကလေးအထူးကုသကြပ်မတ်ဆောင်မှ တာဝန်ခံဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်နမ့်စမ်းစမ်းအေး တို့က ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမွေးဖွားပြီးစ မိခင်များအား နို့ချိုတိုက်ကျေွးမှုနည်းစနစ်များနှင့် အစာအာဟာရပြည့်ဝစွာ စားသုံးနေထိုင်ရန် လိုအပ်မှုများကို အသိပညာပေးဟောပြောပေးခဲ့သည်။

       ''ဒီနေ့ကျင်းပပြုလုပ်တဲ့ အခမ်းအနားက ကမ်ဘာ့မိခင်နို့ချိုတိုက်ကျေွးရေးနဲ့ အာဟာရဖွံ့ဖြိုးမှုရက်သတ္တပတ် အခမ်းအနားဖြစ်ပါတယ်။ အဓိက,ကမိခင်များနဲ့ ကလေးငယ်များ၊ အမျိုးသမီးများကိုစောင့်ရှောက်ပေးတဲ့ ကဏ္႑ဖြစ်ပါတယ်။ မိခင်နို့ချိုတိုက်ကျေွးရေးအောင်မြင်မှုက ကျွန်မတို့ဆေးရုံကြီးရဲ့ ဆောင်ရွက်ချက်အပေါ်မှာ အများကြီးမူတည်နေပါတယ်။ ဆေးရုံမှာလာရောက်ပြသတဲ့မိခင်တွေကို ကိုယ်ဝန်ဆောင်ပြသတဲ့အချိန် တည်းက နို့ချိုတိုက်ကျေွးရေးနဲ့ အာဟာရပြည့်ဝအောင်စားသုံးရေးကို နေ့စဉ်မနက်တိုင်းမှာ အာဟာရပညာပေးဟောပြောလေ့ရှိပါတယ်။ မွေးဖွားပြီးတဲ့မိခင်တွေကိုလည်း နို့ချိုသေသေချာချာတိုက်ဖြစ်ဖို့ သင်တန်းပေးထားတဲ့ဆရာမတွေက သင်ကြားပေးလျက်ရှိပါတယ်။ ဒီဆေးရုံကြီးအနေနဲ့လည်း မိခင်နို့ချိုတိုက်ကျေွးမှုအတွက် ဆောင်ရွက်ပေးနေတဲ့ အသိအမှတ်ပြုဆေးရုံကြီးဖြစ်အောင် ကြိုးပမ်းနေပါတယ်။ ဆေးရုံမှာရှိတဲ့ သူနာပြုဆရာမတွေကိုလည်း မိခင်နို့ချိုအောင်မြင်စွာ တိုက်ကျေွးရေးသင်တန်းပြုလုပ်ပေးနေတာ 3 ကြိမ်ရှိပါပြီ။ တစ်ကြိမ်ကိုအရေအတွက် 30 ဦး သင်ကြားပြီး ဆရာမတွေကနေတဆင့် မိခင်တွေကိုပြန်လည်သင်ကြားပေးတာတွေရှိနေပါတယ်'' ဟု ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာဒေါ်ပပ ကပြောသည်။

         နို့မှုန့်နှင့်အခြားဖြည့်စွက်စာကိုသာ အားထားနေရသည့်ကလေးများသည် ဝမ်းပျက်ဝမ်းလျောရောဂါ၊ အဆုတ်ရောင် နမိုးနီးယားရောဂါ၊ အဝလွန်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါနှင့် ဆီးချိုသွေးချိုရောဂါတို့ ဖြစ်ပွားနိုင် ပါသည်။ မိခင်နို့သည် ကလေးအတွက်လည်း အကျိုးတရားများကာ အမေဖြစ်သူမိခင်အနေနဲ့လည်း မိမိ၏ကလေးကို နို့ရည်တိုက်ခြင်းအားဖြင့် ထွက်လာသည့်ဟော်မုန်းသည် မိခင်၏သားအိမ်ကိုကျုံ့စေပြီး သားအိမ်မှ သွေးသွန်ခြင်းကိုသက်သာစေပြီး သားအိမ်ချပ်စေသဖြင့် မိမိ၏ကလေးငယ်ကိုနို့ချိုတိုက်ကျေွးခြင်းက မိခင်များအတွက်လည်း ကျန်းမာရေးရှုထောင့်အရကြည့်ပါက အကျိုးများစေကြောင်း မွေးကင်းစ ကလေးအထူးကြပ်မတ်ကုသဌာနမှ တာဝန်ခံဆရာမ ပါမောက္ခဒေါက်တာဒေါ်နမ့်စမ်းစမ်းအေး ကပြောကြားသည်။

        "မွေးကာစရက်ပိုင်းအတွင်းမှာကို မိခင်နို့နဲ့လုံလောက်တယ်ပြောတာ မယုံဘဲနဲ့ ပျားရည်၊ ရေတို့ အကုန်လျှောက်တိုက်တဲ့အခါ ဝမ်းလျောဝမ်းပျက်တွေဖြစ်ပြီး ကလေးတွေ ဒုက္ခရောက်တာ အများကြီးပါပဲ။ နို့ဆိုတာနို့ဦးရည်ကို မှန်မှန်တိုက်၊ များများတိုက်မှ နို့ကထွက်မှာ အစကောင်းမှအနှောင်းသေချာ။ အဲ့အချိန်မှာတခြားဟာတွေ လျောက်ကျေွးတော့ ကလေးကအဲ့ဒါတွေလျောက်စား။ နို့ကမစို့တော့ နို့ကမထွက် အဲ့မှာပြသနာတွေတက်တယ်။ အစမှာကတည်းက လွဲမှားနေတာတွေရှိပါတယ်။ မိခင်နို့ကြောင့် ကလေးမှာရနိုင်တဲ့ အကျိုးကျေးဇူးတွေမရတော့ဘဲ မသန့်ရှင်းတဲ့ နို့တွေသွားတိုက်မိတာ၊ အစာအာဟာရမှာလည်း ကလေးနဲ့မတည့်တဲ့အစားအစာတွေ သွားကျေွးရင် ကလေးကအစာမကျေ ဝမ်းပျက်ဝမ်းလျောတာတွေပိုပြီးဖြစ်နိုပါတယ်။ ဒီရက်သတ္တပတ်ကတော့ ကျွန်တော်တို့တစ်နိုင်ငံလုံးမှာ တကယ့်ကိုရုတ်ရုတ်သဲသဲလုပ်နေတာပေါ့။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နို့ချိုတိုက်ကျေွးတဲ့ အကြောင်းကို နေ့တိုင်းပြောနေဖို့လိုပါတယ်။ “ရင်သွေးအနာဂတ်လှပဖို့ မိခင်နို့ရည် တိုက်ကျေွးဆို့” ဆောင်ပုဒ်လေးနဲ့အညီ ကလေးတိုင်းကလေးတိုင်း သူတို့ရဲ့မိခင်နို့ရည်ကို ဝဝလင်လင်သောက်သုံးနိုင်ပြီးတော့ တိုင်ပြည်ရဲ့အနာဂတ်အတွက် ကျန်းမာသွက်လက်ဉာဏ်ရည်ထက်တဲ့ သားကောင်းတွေ ပေါ်ထွက်လာနိုင်ပါစေလို့ပြောချင်ပါတယ်'' ဟု သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးစိုးလွင် ကပြောသည်။

        မွေးကင်းစကလေးများတွင် အသားဝါခြင်းသည် မိခင်နို့အပြည့်အဝမစို့ရခြင်း၊ မိခင်နို့မထွက်ခြင်းဟု ယူစ၍ နို့တိုက်ကျေွးမှုအကြိမ်ရည်နည်းခြင်းတို့ကြောင့်ဖြစ်ပွားတတ်ပြီး အဓိကကုသမှုမှာ မိခင်နို့သေချာစွာတိုက်ကျေွးခြင်းဖြစ် ကြောင်းသိရသည်။

        ''အမေနို့ကိုပုံမှန်တိုက်ပေးခြင်းအားဖြင့် နို့ရည်ကနေပြီးရတဲ့အာဟာရဓာတ်နဲ့ ကလေးက ဆီးသွားမယ်၊ ဝမ်းသွားမယ် အဲ့ဒီကနေမှအဝါဓာတ်တွေကကျသွားနိုင်တယ်။ တစ်ခါတလေကျတော့ ရောဂါကြောင့် အသားဝါတာလည်းရှိတယ်။ အဲ့ဒါတွေက ဘာတွေလဲဆိုရင် အမေက O သွေးဖြစ်မယ် ကလေးက A ဒါမှမဟုတ် AB ကို မတည့်တာ ဒါမှမဟုတ်ရင် G6PD ဆိုတဲ့ ဓာတ်လေးတွေချို့တဲ့ပြီး မွေးလာတဲ့ ကလေးတွေမှာ မွေးကတည်းကအသားဝါတယ်။ အဲဒါဆိုရင် အဲ့ကလေးတွေကို အနီးကပ်စောင့်ကြည့်ရတယ်။ ဒါကြောင့် ဒီ G6PD ဆိုတဲ့ ဓာတ်ကလေးကို ဖောက်စစ်တယ်။ အဲ့ဒါကို အစိုးရက အလကားစစ်ပေးတယ်။ ဒီဓာတ်ချို့တဲ့တဲ့ကလေးတွေ တွေ့တာနဲ့ ကျွန်မတို့အနေနဲ့စောင့်ကြည့်တယ်။ တစ်နေ့ကို 3 ကြိမ်သေသေချာချာကြည့်ပြီးတော့ ကျွန်မတို့က ကလေးတွေကိုမီးပြပြီး ကောင်းသွားတာလည်းရှိတယ်။ အဓိကတော့ မိခင်နို့ရည်သေချာဝင်အောင်ကလေးကိုတိုက်ကျေွးခြင်းက အသားဝါတဲ့ဓာတ်ကို ကာကွယ်ပေးနိုင်ပါတယ်'' ဟု မွေးကင်းစကလေးအထူးကုကြပ်မတ်ကုသဌာနရဲ့ တာဝန်ခံဆရာဝန် ပါမောက္ခဒေါက်တာဒေါ်နမ့်စမ်းစမ်းအေး ကပြောကြားသည်။

 

May Su Hlaing

www.drmyanmar.com