အ၀လွန်သောကလေးငယ်များ နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မား
အ၀လွန်ပါက အသက်ကြီးငယ်မရွေး နှလုံးရောဂါဖြစ်နိုင်ကြောင်း လေ့လာမှုအရသိရှိရပါတယ်။ အသက် 8 နှစ် မှ 16 နှစ်ကြား အ၀လွန်သော ကလေးငယ် 20 နှင့် ပုံမှန်ကိုယ်အလေးချိန်ရှိသော ကလေး 20 ဦးအား MRI scan ရိုက်ကြည့်ရာ အ၀လွန်သူကလေးများတွင် နှလုံးဘယ်ဘက်သွေးလွှတ်ခန်းကြွက်သား 27 ရာခိုင်နှုန်းပိုထူနေပြီး နှလုံးကြွက်သားအားလုံး 12 ရာခိုင်နှုန်း ပိုထူနေကြောင်းတွေ့ရှိခဲ့ပါတယ်။ ၄င်းကဲ့သို့ နှလုံးကြွက်သားထူလာခြင်းဟာ နှလုံးစွမ်းဆောင်ရည်ကျဆင်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေ ကိုမြင့်မားစေပါတယ်။
အ၀လွန်တဲ့ကလေးငယ်တွေမှာ နှလုံးကြွက်သားထုထည်ပြောင်းလဲမှုဖြစ်ပေါ်ခြင်းကြောင့် ရုတ်တရက် နှလုံးခုန်ရပ်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးခြင်း တို့ ဖြစ်နိုင်ခြေများပါတယ်။ အသက် 8 နှစ် နှင့်အထက် အ၀လွန်သူကလေးတွေမှာ သာ နှလုံးရောဂါဖြစ်နိုင်စေခြင်း မဟုတ်ဘဲ အသက် 8 နှစ်အောက် အ၀လွန်သူကလေးများမှာ လည်း နှလုံးရောဂါဖြစ်နိုင်ပါတယ်လို့ လေ့လာသူများကဆိုပါတယ်။
အ၀လွန်တဲ့ကလေးများမှာ နှလုံးရောဂါအပြင် ပန်းနာရင်ကျပ်ရောဂါ ၊ သွေးတိုးရောဂါနှင့် စိတ်ဓာတ်ကျခြင်းေ၀ဒနာများလည်း ခံစားရတတ်ပါတယ်။ နှလုံးရောဂါလက္ခဏာတွေဖြစ်တဲ့ မောပန်းနွမ်း နယ်ခြင်း၊ မူးေ၀ခြင်း၊ အသက်ရှူကျပ်ခြင်း စတဲ့ေ၀ဒနာများ မခံစားရပေမယ့် ရောဂါရှိနေနိုင်တဲ့အတွက် ကလေးတစ်ယောက်အ၀လွန်နေပြီဆိုတာနဲ့ နှလုံးရောဂါခံစားရနိုင်ပြီဆိုတဲ့အချက်ကို မိဘတိုင်းသိထားသင့်ပါတယ်လို့ သုတေသီတို့က သတိပေးပြောကြားထားပါတယ်။
မိဘတွေအနေနဲ့ မိမိတို့ရဲ့ကလေးကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိစေဖို့အတွက် ကလေးအား အသင့်ရောင်းချသော အစားအစာများစားစေခြင်း၊ အချိုရည်သောက်ခြင်း၊ သကြားများများထည့်ဖျော်ထားသော သစ်သီးဖျော်ရည်သောက်ခြင်းကိုခွင့်မပြုသင့်ဘဲ ကွန်ပျူတာရှေ့၊ တီဗွီရှေ့မှာအချိန်ကိုကုန်လွန်စေမယ့်အစား ကိုယ်လက်လှုပ်ရှားမှုရစေမယ့်ကစားနည်းတွေ ကစားခြင်းဘက်ကို ပိုအားပေးဖို့လိုအပ်ပါတယ်လို့ သုတေသီတို့က အကြံပြူပြောကြားထားပါတယ်။
Cho Thet






























