/
node/4328

နေ့စဉ်အစားအစာတွင် ထည့်သွင်းစားသုံးသင့်သော ဆီ 5 မျိုး

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

1. Extra-virgin olive oil (သံလွင်ဆီ)

ကောင်းကျိုးများ - သံလွင်ဆီက စားလို့ရတဲ့ဆီတွေထဲမှာမှ နှလုံးကိုကျန်းမာစေတဲ့ monounsaturated fat လို့ခေါ်တဲ့ မပြည့်ဝဆီရာခိုင်နှုန်း အမြင့်ဆုံးပါဝင်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့ သံလွင်ဆီမှာ antioxidants, နှလုံးနဲ့ ကင်ဆာရောဂါကိုတိုက်ဖျက်တဲ့အရာများ ပေါကြွယ်ဝစွာပါဝင်ပါတယ်။ များစွာသောကောင်းကျိုးတွေအနက်ကမှ သံလွင်ဆီဟာ အသည်းဓာတ်တိုးခြင်းမှကာကွယ်ပေးနိုင်ပြီး ရောင်ရမ်းခြင်းများကို လျော့ကျစေပါတယ်။

ဝယ်ယူလျှင်သိထားရမည့်အချက်များ - ဆီအရောအနှောတွေနဲ့ အတုအယောင်တွေကိုရှောင်ရှားနိုင်ရန် သဘာဝအတိုင်းထုတ်ထားတဲ့ဆီနဲ့ မှတ်ပုံတင်ထားတဲ့ဆီတွေကို ရှာဖွေဝယ်ယူပါ။

အသုံးပြုပုံ - ဆော့စ်ပြုလုပ်ခြင်း၊ ကြော်ခြင်း၊ အသုပ်များသုပ်ခြင်းနဲ့ ပါစတာ(Pasta) ပြုလုပ်ခြင်းတို့တွင်အသုံးပြုနိုင်ပါတယ်။

 

2. Avocado oil ( ထောပတ်သီးဆီ)

ကောင်းကျိုးများ - အဆီပါဝင်မှုနဲ့ကောင်းကျိုးတွေကတော့ သံလွင်ဆီနဲ့တူပါတယ်။ အဲဒါကြောင့် အမေရိကရဲ့သံလွင်ဆီလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

အသုံးပြုပုံ - အသုပ်များသုပ်ရန်နဲ့ ငါး၊ ကြက်သား၊ ကန်စွန်းဥ၊ ငှက်ပျောသီးများ ကြော်ရာတွင်အသုံးပြုနိုင်ပါတယ်။

 

3. Walnut oil (သစ်ကြားသီးဆီ)

ကောင်းကျိုးများ - နှလုံးသွေးကြောကျဉ်းရောဂါဖြစ်မှုကို လျော့ကျစေတဲ့ lower triglycerides ဆိုတဲ့ အဆီတစ်မိျုးပါဝင်ပါတယ်။ သစ်ကြားသီးနဲ့ သစ်ကြားသီးဆီဟာ သွေးပေါင်တက်ခြင်းကိုလည်းကျစေပါတယ်။

အသုံးပြုပုံ - ချက်ပြုတ်ခြင်းက ဆီထဲမှာရှိတဲ့ လိုအပ်တဲ့အဆီဓာတ်တွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် အသုပ်၊ ကြက်သားနဲ့ ငါးဟင်းတွေပြင်ဆင်ရာတွင် အသုံးပြုပါတယ်။

 

4. Sesame oil ( နှမ်းဆီ)

ကောင်းကျိုးများ - နှမ်းဆီဟာ ပြည့်ဝဆီပါဝင်မှုနည်းပြီး အရသာကောင်းပါတယ်။ နှမ်းဆီဟာ သွေးတွင်းကိုလက်စထရောလ် (cholesterol levels) နဲ့ သွေးပေါင်ချိန်ကို ကျစေပါတယ်။

ဝယ်ယူရာတွင်သိထားသင့်သည့်အချက်များ - အရောင်ဖျော့တဲ့ဆီအစား အရောင်ပိုရင့်တဲ့ဆီကို ဝယ်ယူသင့်ပါတယ်။

အသုံးပြုပုံ - မြင့်မားတဲ့အပူချိန်ကြောင့် ဓာတ်တိုးခြင်းများဖြစ်ပြီး ဆီရဲ့ဓာတ်သတ္တိတွေပျက်စီးတတ်လို့ အကြော်တွေ၊ ခေါက်ဆွဲတွေနဲ့ စွပ်ပြုတ်တွေချက်ပြီးတဲ့အချိန်မှာ အပေါ်ကဖြန်းဖို့အသုံးပြုပါတယ်။

 

5. Fish oil (ငါးကြီးဆီ)

ကောင်းကျိုးများ - ငါးကြီးဆီမှာ EPA (eicosapentaenoic acid) နဲ့ DHA (docosahexaenoic acid) လို့ခေါ်တဲ့ လိုအပ်တဲ့ omega-3 fatty acids 2 မျိုး ပေါကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဆီကိုလည်းချက်ပြုတ်ရာမှာ အသုံးမပြုပါဘူး။ ဒီဆီကို ရေအေးမှာနေတဲ့ အဆီများတဲ့ငါးတွေမှရရှိပါတယ်။ သင်ဟာ ငါးမစားဘူးဆိုရင်တော့ ဖြည့်စွက်စာအနေန့ဲ ဆေးသောက်လို့ရပါတယ်။ Omega-3 fatty acid ရဲ့ ကောင်းကျိုးတွေကတော့ နှလုံးကျန်းမာရေးကိုအထောက်အကူပေးပြီး ပုံမှန်ဦးနှောက်ဖွံ့ဖြိုးခြင်းနဲ့ လုပ်ငန်းဆောင်ရွက်နိုင်မှုအတွက်လည်း အရေးကြီးတဲ့အခန်းကဏ္႑က ပါဝင်ပါတယ်။ ဒါတွေအပြင် သုတေသီတွေညွှန်ပြတာကတော့ omega-3 က ရောင်ရမ်းခြင်းနဲ့ ဆက်နွယ်တဲ့ ကျန်းမာရေးပြသနာတွေဖြစ်တဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာအမျိုးမျိုးနဲ့ အရိုးအဆစ်ရောင်ရမ်းခြင်းရောဂါ (rheumatoid arthritis) တို့ကိုလည်း လျော့ကျစေပါတယ်။ ဒါကြောင့် omega-3 ဟာ သွေးတွင်းကိုလက်စထရောလ်များတဲ့သူတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ ရာသီမလာမီ နာကျင်ကိုက်ခဲတတ်သူတွေ၊ သတိမေ့တတ်သူတွေနဲ့ အာရုံစူးစိုက်မှုအားနည်းတဲ့ရောဂါ (ADHD) ရှိသူများအတွက် ကောင်းကျိုးများစွာရှိပါတယ်။

ဝယ်ယူရာတွင်သိထားသင့်သည့်အချက်များ - ရေအေးတွင်နေသော ငါးများဖြစ်တဲ့ အတ္တလန်တိတ် ဆယ်လ်မွန်ငါး (Salmon)၊ ဆာဒင်းငါး၊ ငါးသလောက်မျိုးများဖြစ်တဲ့ mackerel နဲ့ herring ငါးများ၊ black cod များကို ရွေးချယ်ဝယ်ယူရမှာဖြစ်ပါတယ်။ ဆေးအဖြစ်သောက်သုံးမယ်ဆိုရင်တော့ မှတ်ပုံတင်ထားပြီး ယုံကြည်ရတဲ့အမှတ်တံဆိပ်မျိုးကို ရွေးချယ်သင့်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com