/
node/4408

အမျိုးသားတွေမှာဖြစ်တတ်တဲ့ အဆိုးရွားဆုံးကျန်းမာရေးပြဿနာများကို ဘယ်လိုဖြေရှင်းကြမလဲ

Category
အမျိုးသားများနှင့်ကျန်းမာရေး

       အသက် 30 မတိုင်မီမှာတော့ အမျိုးသားတွေဟာ စွမ်းအင်အပြည့်ရှိနေတတ်ကြပါတယ်။

ဘယ်အရွယ်ရောက်ရင် ကျန်းမာရေးပြဿနာတွေကစပြီး ဒုက္ခပေးနိုင်ပါသလဲ?

      အသက်ကြီးလာလေလေ ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့လာရလေလေပါပဲ။ အသက် 50 ဝန်းကျင်အရွယ် အမျိုးသားတွေမှာ နှလုံးရောဂါနဲ့ လိင်တံမထောင်မတ်နိုင်ခြင်းတွေ ဖြစ်လေ့ရှိပါတယ်။ အသက် 60 အရွယ်တွေကတော့ ဆီးကိျတ်ကင်ဆာ၊ သတိမေ့ရောဂါတွေ ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို စမ်းသပ်မှုတွေ၊ ကာကွယ်ရန် အချက်တွေနဲ့အတူ  ဖော်ပြပေးလိုက်ပါတယ်။

1. ဆီးကျိတ်ကင်ဆာနှင့် ဆီးကျိတ်ကြီးခြင်း

       အမျိုးသား 6 ယောက်မှာ တစ်ယောက် ဆီးကျိတ်ကင်ဆာဖြစ်ကြပေမယ့် အများစုကတော့ ဒီရောဂါကြောင့်မသေပါဘူး။ စမ်းသပ်စစ်ဆေးမှုတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆရာဝန်နဲ့ဆွေးနွေးပါ။ အဖေ (သို့) အစ်ကိုမှာ ဆီးကျိတ်ကင်ဆာဖြစ်ဖူးတဲ့သူတွေမှာ ဖြစ်နိုင်ချေများလို့စမ်းသပ်မှုတွေပြုလုပ်သင့်ပါတယ်။

       အသက် 50 အရွယ်ကစပြီး သွေးစစ်ခြင်းဖြင့် PSA (prostate-specific antigen) ကိုတိုင်းတာနိုင်ပါတယ်။ ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်း၊ ဆီးကျိတ်ပိုးဝင်ခြင်း၊ ရောင်ခြင်း စတဲ့ PSA များစေတဲ့ အခြားအကြောင်းတွေ အများကြီးရှိတဲ့အတွက် PSA များတိုင်းလည်း ကင်ဆာလို့မသတ်မှတ်နိုင်ပါဘူး။

        ဆီးနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်တဲ့ ဆီးခဏခဏသွားခြင်း၊ ဆီးချက်ချင်းထွက်ကျခြင်း၊ ဆီးအိမ်ထဲတွင် ဆီးကျန်သလိုခံစားရခြင်း၊ ဆီးသွားလျှင်ဝေးဝေးမပြေးခြင်း စတဲ့လက္ခဏာတွေခံစားနေရရင်တော့ ဆရာဝန်နဲ့ပြသပြီး ရောဂါဖော်ထုတ်သင့်ပါတယ်။

 

2. သွေးတိုးခြင်း၊ သွေးတွင်း ကိုလက်စရောများခြင်း အပါအဝင် နှလုံးရောဂါ

       မိသားစုထဲမှာ နှလုံးရောဂါရှိတဲ့သူရှိလျှင် (သို့) သင့်မှာ သွေးတိုး၊ သွေးတွင်းကိုလက်စရောများလျှင် ဆရာဝန်က သွေးပေါင်ကျဖို့နဲ့ သွေးတွင်းကိုလက်စရောဓာတ်တွေကျစေဖို့အတွက် ဆေးပေးပါလိမ့်မယ်။

 

3. လိင်တံမထောင်မတ်နိုင်ခြင်းနှင့် Testosterone ဟော်မုန်းပမာဏ

        လိင်တံမထောင်မတ်နိုင်ခြင်းက အထူးသဖြင့် ဆီးချိုရောဂါနဲ့ ဆီးကျိတ်ဖယ်ရှားထားတဲ့အမျိုးသားတွေမှာ အဖြစ်များပါတယ်။ လိင်တံမထောင်မတ်နိုင်တဲ့အမျိုးသားတွေက နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ချေ 1.6 ဆပိုများလို့ ဒီရောဂါအတွက် ဆေးမကုခင်မှာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေရှိ/မရှိ စစ်ဆေးဖို့အရေးကြီးပါတယ်။

 

4. အ၀လွန်ခြင်း

       ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးသွားခြင်းကြောင့် အစားအစာကိုပမာဏမှန်မှန်စားသောက်ဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားသုံးပါ။ လှုပ်ရှားမှုန့ဲ ကွေးနိုင်ဆန့်နိုင်မှုတွေကို ကောင်းမွန်စေဖို့အတွက် လေ့ကျင့်ခန်းလုပ်ပါ။ အစားအစာကို မှျှတအောင်စားသုံးခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ပြီး ခါးအရွယ်အစားကို ထိန်းသိမ်းနိုင်ခြင်းဖြင့် အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ အမျိုးအစား 2 ဆီးချိုရောဂါနဲ့ အဆစ်ရောင်ခြင်းတွေမဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။

 

5. ဆီးချိုရောဂါ

       အမျိုးအစား 2 ဆီးချိုရောဂါက  နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်အလုပ်မလုပ်ခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်းနဲ့ ခြေထောက်ပျက်စီးခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုဖြစ်စေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာစားသုံးခြင်း၊ လှုပ်ရှားမှုများများလုပ်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်စေပြီး ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ ဒါတွေအပြင် ကိုယ်အလေးချိန်၊ သွေးတွင်းကိုလက်စရောနဲ့ သွေးပေါင်ချိန်ကို ထိန်းချုပ်ထားခြင်းတို့ကလည်း ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချရာမှာအရေးကြီးပါတယ်။

 

6. လေဖြတ်ခြင်း

       ခေတ္တလေဖြန်းခြင်းကဲ့သို့သော လေဖြတ်ခြင်းရဲ့ရှေ့ပြေးလက္ခာတွေကို သိထားဖို့အရေးကြီးပါတယ်။ ဒီလက္ခဏာတွေကတော့ မျက်နှာ၊ လက်၊ ခြေထောက်များထုံထိုင်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စကားပြောရန်ခက်ခဲခြင်း (သို့) သူတစ်ပါးပြောတာကို နားလည်ရန်ခက်ခဲခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်း၊ မူးဝေခြင်း၊ လမ်းလျှောက်ရန် ခက်ခဲခြင်း၊ ဟန်ချက်မထိမ်းနိုင်ခြင်းနှင့် အသိအာရုံများကိုထိန်းချုပ်ရန် ပြဿနာရှိခြင်းတို့ဖြစ်ကြပါတယ်။ ဒီလိုလက္ခဏာတွေကြုံတွေ့ရရင်တော့ အရေးပေါ်ဌာနမှာ ချက်ချင်းသွေးခဲချေဖျက်တဲ့ကုသမှုကိုခံယူမှ အသက်ကယ်နိုင်ပြီး မသန်စွမ်းဖြစ်ခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။

        နှလုံးအတွက်ကောင်းတဲ့အရာတွေက ဦးနှောက်အတွက်လည်းကောင်းတယ်ဆိုတဲ့ အဆိုရှိပါတယ်။ နှလုံးသွေးကြောရောဂါတွေကိုကာကွယ်နိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှုရှိခြင်း၊ လူအများနဲ့ ပေါင်းသင်းဆက်ဆံမှုကောင်းခြင်းတု့ိက သတိမေ့ရောဂါအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

        ဆရာဝန်နဲ့ပုံမှန်ပြသပြီး စစ်ဆေးမှုခံယူခြင်းက ကျန်းမာရေးကောင်းမွန်စေပြီး သက်တမ်းရှည်စေမှာဖြစ်ပါတယ်။

 

 

Dr. MMMS

www.drmyanmar.com