/
node/4435

အမျိုးသားများတွင်ရင်သားကြီးခြင်း

Category
အမျိုးသားများနှင့်ကျန်းမာရေး

         အမျိုးသားတွေမှာ ရင်သားကြီးခြင်းကြုံတွေ့ရရင် ဆရာဝန်နဲ့ပြသပြီးစစ်ဆေးသင့်ပါတယ်။ အမျိုးသားများမှာရင်သားကြီးခြင်းကို gynaecomastia လို့ခေါ်ပါတယ်။

         ဒါက ဟော်မုန်းမညီမျှခြင်းကြောင့် (သို့) နောက်ခံအကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းအရင်းကိုဖယ်ရှားနိုင်ရင်တော့ ရင်သားပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်။ ဆရာဝန်က ရင်သားကြီးတယ်လို့ ထင်ရတာလား (pseudo gynaecomastia)၊ တကယ်ရင်သားကြီးတာလား ဆိုတာကို စစ်ကြည့်ပါလိမ့်မယ်။ Pseudogynaecomastia ကတော့ အဝလွန်တဲ့အမျိုးသားတွေမှာ ရင်သားနေရာတွင်အဆီတွေစုလာလို့ ကြီးလာတယ်လို့ထင်ရခြင်းဖြစ်ပါတယ်။ နောက်ခံရောဂါတစ်ခုခုကြောင့် ရင်သားအမှန်တကယ်ကြီးနေတာဆိုရင်တော့ စစ်ဆေးမှုတွေပြုလုပ်ဖို့ညွှန်ကြားပါလိမ့်မယ်။

အကြောင်းအရင်းများ

အမျိုးသားတွေမှာ ရင်သားကြီးခြင်းဖြစ်တဲ့အကြောင်းအမျိုးမျိုးရှိပါတယ်။ အခြေခံအကြောင်းအရင်းကတော့ ယောကျာ်းဟော်မုန်းဖြစ်တဲ့ testosterone ထုတ်လုပ်မှုလျော့နည်းခြင်း (သို့) ပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။ ဒီအခါမှာ မိန်းမဟော်မုန်း estrogen ကလွှမ်းမိုးလာစေပါတယ်။ တစ်ခါတစ်ရံမှာ estrogen ဟော်မုန်းပမာဏများလာပါတယ်။

အမျိုးသားတွေမှာ ဟော်မုန်းမညီမျှမှုဖြစ်စေပြီး ရင်သားကြီးလာစေတဲ့ အကြောင်းအရင်းအချို့ကတော့ -

- ကျောက်ကပ်ရောဂါ

- အသည်းရောဂါ

- အရက်သောက်ခြင်း

- သိုင်းရွိုက်ဟော်မုန်းများခြင်း

- Klinefelter syndrome ( မွေးရာပါ ခရိုမုန်းဆုန်းကြောင့်ဖြစ်သော ဝှေးစေ့သေးခြင်းနှင့် testosterone ပမာဏနည်းခြင်း)

- ဝှေးစေ့ကင်ဆာကို ကုသရန် ဝှေးစေ့ထုတ်လိုက်ခြင်း

          အမျိုးမျိုးသောဆေးတွေကြောင့်လည်း ရင်သားကြီးစေပါတယ်။ အဖြစ်အများဆုံးဆေးကတော့ Spironolactone ဆိုတဲ့ နှလုံးအလုပ်မလုပ်တဲ့ရောဂါနဲ့ သွေးတိုးရောဂါကုသဆေးဖြစ်ပါတယ်။

အခြားဆေးတွေကတော့ -

- Anti-androgen therapy ( ဆီးကျိတ်ကြီးခြင်းနှင့် ဆီးကျိတ်ကင်ဆာများတွင်သုံးသောဆေး)

- Anabolic steroids and androgens

- AIDS ရောဂါတွင် သုံးသောဆေးများ

- စိတ်လှုပ်ရှားမှုများကို သက်သာစေသောဆေးများ

- စိတ်ကျရောဂါကုဆေးများ ( Tricyclic antidepressants)

- အနာပျောက်ဆေးများ

- ပိုးသတ်ဆေးအချို့

အရက်နှင့် အောက်ပါမူးယစ်ဆေးဝါးများကြောင့်လည်း ရင်သားကြီးစေနိုင်ပါတယ်။

- Amphetamines

- Marijuana

- Heroin

- Methadone

ကင်ဆာရောဂါဖြစ်နိုင်ပါသလား

စမ်းသပ်မှုအဖြေတွေကြည့်ပြီး အခြားအကြောင်းအရာမတွေ့ဘူးဆိုရင်တော့ ရင်သားဓာတ်မှန် (mammogram) ရိုက်ပြီးတော့ ကင်ဆာဟုတ်/မဟုတ်စစ်ကြည့်ပါလိမ့်မယ်။ ဖြစ်တော့ဖြစ်ခဲပါတယ်။

အမျိုးသားရင်သားကင်ဆာလို့ ယူဆနိုင်တဲ့ရောဂါလက္ခဏာတွေကတော့ -

- ရင်သားတစ်ဖက်တည်းတွင် အလုံးဖြစ်ပြီး အကြီးမြန်ခြင်း

- နို့သီးခေါင်းမှ နို့ရောင် (သို့) သွေးများထွက်ခြင်း

- ရင်သားပေါ်ရှိအရည်ပြားပြောင်းလဲမှုများရှိခြင်း

ဒီလက္ခဏာတွေတွေ့ရရင်တော့ ဆရာဝန်ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။

 

တစ်နှစ်အောက်ကလေးများနှင့် ဆယ်ကျော်သက်များတွင် သဘာဝအရ ခဏတာရင်သားကြီးခြင်း

        တစ်နှစ်အောက်ကလေးအများအပြားမှာ မိခင်ဆီကရတဲ့ estrogen ဟော်မုန်းတွေကျန်နေတဲ့အတွက် ရင်သားကြီးခြင်းခဏတာဖြစ်တတ်ပါတယ်။ တစ်နှစ်ကျော်ရင် သူ့အလိုလိုပျောက်သွားပါတယ်။

        လူပျိုဖော်ဝင်ခါစအချိန်မှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် အမျိုးသားတွေမှာရင်သားကြီးခြင်းဖြစ်လေ့ရှိပါတယ်။ အများစုက 6 လ (သို့) တစ်နှစ်အတွင်းမှာ ပုံမှန်ပြန်ဖြစ်သွားပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com