ဆံပင်တွေ ဘာလို့ဖြူ
ဆံပင်ဖြူလာခြင်း၊ မီးခိုးရောင်ဖြစ်လာခြင်းက အသက်အရွယ်အိုမင်းလာတဲ့အတွက် သဘာဝဖြစ်စဉ် တစ်ခုပါ။
အရေပြားအောက်မှာ ဆံပင်အမြစ်ကိုမွေးညင်းပေါက်လေးနဲ့ ဝန်းရံထားပါတယ်။ ဒီမွေးညင်းပေါက် ထဲမှာ ရောင်ခြယ်ပစ္စည်းတွေပါဝင်ပါတယ်။ အရောင်ခြယ်ဆဲလ်တွေက ဆံပင်အရောင်ဖြစ်စေတဲ့ မယ်လနင်ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်ပေးပါတယ်။
ကျွနု်ပ်တို့ရဲ့ အသားအရောင်ကိုလည်း melanin ကပဲ လုပ်ပေးပါတယ်။ ဆံသားတစ်မျှင်စီမှာပါဝင်တဲ့ melanin ဓာတ်ပေါ်မူတည်ပြီး ဆံပင်အရောင်ဖျော့ခြင်း၊ ဆံပင်နက်ခြင်း စသည်တို့ကိုဖြစ်စေပါတယ်။
အသက်ကြီးလာတဲ့အခါ ဒီအရောင်ခြယ်ဆဲလ်လေးတွေ တဖြည်းဖြည်းသေဆုံးသွားပြီး ဆံပင်က မီးခိုးရောင် (သို့) ငွေရောင် (သို့) အဖြူရောင် အဖြစ်ပြောင်းလဲသွားပါတယ်။ နောက်ဆုံးမှာတော့ တစ်ခေါင်းလုံးအဖြူရောင်လွှမ်းမိုးသွားပါတယ်။
ဘယ်အသက်အရွယ်မှာမဆို ဆံပင်ဖြူတတ်ပါတယ်။ အချို့က အထက်တန်း၊ တက္ကသိုလ်တက်စဉ် ကတည်းက ဖြူနိုင်သလို အသက် 30-40 အရွယ်မှဖြူတာလည်းရှိပါတယ်။ ဒါကမျိုးရိုးဗီဇနဲ့လည်း ဆိုင်ပါတယ်။ မိဘတွေ၊ အဖိုးအဖွားတွေ ဆံပင်စဖြူတဲ့အရွယ်မှာ နောက်မျိုးဆက်တွေလည်း ဆံပင်စဖြူပါတယ်။
ဆံပင်ဖြူအချို့ကို သတိစထားမိတဲ့အချိန်ကစပြီး တစ်ခေါင်းလုံးဆံပင်ဖြူဖို့ဆိုရင် 10 နှစ်အထက် ပိုကြာနိုင်ပါတယ်။
Dr. Mya Myo Myo Swe






























