/
node/4589

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းအခွန်ကောက်ခံခြင်းဆိုင်ရာနှီးနှောဖလှယ်ပွဲပြုလုပ်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

         ယနေ့ကမ္ဘာပေါ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုတစ်ခုတည်းကြောင့် နှစ်စဉ်လူဦးရေ 6 သန်း ပမာဏသေဆုံးနေကြရပြီး မြန်မာနိုင်ငံသည်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှု အများဆုံးနိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်နေသဖြင့် အဆိုပါပြဿနာရပ်များအား ထိန်းချုပ်လျှော့ချရေး လုပ်ငန်းစဉ်များအဖြစ် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းအခွန်ကောက်ခံခြင်း ဆိုင်ရာနှီးနှော ဖလှယ်ပွဲကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ဒီဇင်ဘာလ 21 ရက်နေ့နှင့် 22 ရက်နေ့က ပြုလုပ်ခဲ့သည်။

         နှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုရာထူး၀င်အဖွဲ့၀င်များနှင့် သက်ဆိုင်ရာ၀န်ကြီးဌာနအသီးသီးတို့မှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပလူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့စည်းကိုယ်စားလှယ်များ၊ ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌနှင့်အဖွဲ့၀င်များ၊ မီဒီယာကိုယ်စားလှယ်များတက်ရောက်ခဲ့၍ ပြည်သူ့ ကျန်းမာရေးကဏ္႑အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းဌာနအသီးသီး၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် ဆက်စပ်ဆောင်ရွက်နေသောလုပ်ငန်းများနှင့် ထင်မြင်အကြံပြုချက်များ အပါအ၀င် ရှေ့လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

         ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းထိန်းချုပ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများရှိ 246 သန်းသော ဆေးလိပ်သောက်သူများနှင့် သန်း 290 သော ဆေးရွက်ကြီး ထွက်ပစ္စည်းပါ၀င်သော ကွမ်းယာသုံးစွဲသူများအတွက် စိန်ခေါ်မှုဖြစ်နေရာ အပြည်ပြည်ဆိုင် ရာဆေးလိပ်နှင့်ဆေးရွက်ကြီးထိန်းချုပ်မှုဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ် World Health Organization Framework Convention on Tobacco Control (WHO-FCTC) ကို မြန်မာနိုင်ငံက (11)နိုင်ငံမြောက်အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ခဲ့ကြကာ 2006 ခုနှစ်၊ မေလ၌ ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှုထိန်းချုပ်ရေး ဥပဒေကို ပြဌာန်းခဲ့ကြောင်း သိရသည်။

          “လူမှုစီးပွားရေးနဲ့လူနေမှုပုံစံပြောင်းလဲမှုတွေကြောင့် ကြီးထွားလာတဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု၊ အရက်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲမှု၊ ယာဉ်အန္တရာယ်နဲ့ စိတ်ကျန်းမာရေး စတဲ့ ပြသနာများကိုထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ ကျန်းမာရေးပြဿနာများထဲတွင် တစ်ကမ္ဘာလုံးမှာ နှစ်စဉ်လူ 6 သန်းခန့် သေဆုံးစေတဲ့ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုဟာ အဓိကပြဿနာဖြစ်ပြီး၊ တကယ်တော့ ကာကွယ်တားဆီးလို့ရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းသုံးစွဲမှုရဲ့ နောက် ဆက်တွဲပါလာတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးနဲ့သွေးကြောဆိုင် ရာရောဂါတွေကအစ ပါးစပ်၊ လည်ချောင်း၊ အဆုတ်ကင်ဆာအဆုံးဖြစ်ပွားလာတဲ့ရောဂါတွေရဲ့ ကုသစရိတ်၀န်ထုတ်၀န်ပိုးမြင့်မားစေမှုနဲ့အတူ ကုန်ထုတ်စွမ်းအားကျဆင်းမှုတွေဖြစ်ပေါ်စေပြီး နိုင်ငံ့စီးပွားရေး ကိုလည်း များစွာထိခိုက်စေတာဖြစ်ပါတယ်’’ဟု ကျန်းမာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးဒေါက်တာ ဦးမြင့်ထွေးက အဆိုပါပွဲတွင် ပြောကြားခဲ့သည်။

          “ယနေ့ကမ်ဘာမှာ နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ အဓိကပါ၀င်တဲ့ မကူးစက်တတ်တဲ့ရောဂါများ(Non-communicable diseases)ကြောင့် နှစ်စဉ်လူဦးရေ 36 သန်းကျော် သေကြေပျက်စီးနေကြရပါတယ်။ အဲဒီ့လိုသေကြေကြတဲ့ လူတွေထဲက 14 သန်း ဟာ အသက် 30 မှ 60 အကြား လူများ၊ တနည်းအားဖြင့် သက်ကြီးအရွယ်မတိုင်မီ လူများဟာ ငယ်စဉ်ဘ၀မှာပင် အသက်ဆုံးကြရသူများ ဖြစ်ပါတယ်။ ဆန်းစစ်ကြည့်ခဲ့ရင် အခုလိုအရွယ်မတိုင်မီ သေကြေပျက်စီးကြရသူများရဲ့ 86 ရာခိုင်နှုန်းဟာ ၀င်ငွေနည်းပါးတဲ့ နိုင်ငံက လူများဖြစ်ကြကြောင်း တွေ့ရှိရပါတယ်။ အခုလိုသေကြေပျက်စီးမှုကြီးမားစွာဖြစ်ပေါ်စေတဲ့ မကူးစက်တဲ့ရောဂါ များကို ဖြစ်ပွားစေတဲ့အကြောင်းအရင်းများဟာ ကာကွယ်တားဆီးလို့ရတဲ့ အကြောင်းအရင်းများဖြစ်ကြပါတယ်။ ကြိုတင်ကာကွယ်ပြုပြင်လို့ရတဲ့ ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ (Preventable / Avoidable Risk Factors) ကတော့ ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှု၊ အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ အရက်သေစာသောက်သုံးမှု၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေ စားသောက်မှုနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်ကြပါတယ်’’ဟု ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အဖွဲ့၀င် ဒေါက်တာဒေါ်ခင်ညိုက ပြောကြားသည်။

         ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းအခွန်ကောက်ခံခြင်းဆိုင်ရာနှီးနှောဖလှယ်ပွဲသည် အပြည်ပြည်ဆိုင်ရာဆေးလိပ်နှင့်ဆေးရွက်ကြီးထိန်းချုပ်ခြင်းဆိုင်ရာကွန်ဗင်းရှင်းစာချုပ်၏ဥပဒေပါလမ်းညွှန်ချက်များ အတိုင်းအကောင်အထည်ဖော်ရန် အပါအ၀င် ပြည်သူ့ကျန်းမာရေးကိစ္စရပ်များအား နည်းလမ်းတကျဆောင်ရွက်နိုင်စေရန်စသော ရည်ရွယ်ချက်များပါရှိကြောင်းသိရသည်။

 

May Su Hlaing

www.drmyanmar.com