တထိုင်တည်းနဲ့ ရေအလွန်အကျွံသောက်ရင် ဘာတွေဖြစ်နိုင်သလဲ
အပြင်မှာ ရာသီဥတုအရမ်းပူတဲ့အချိန်တွေ၊ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်တွေမှာ ခန္ဓာကိုယ်ရေဓာတ် မခမ်းခြောက်စေဖို့အတွက် ရေများများသောက်ဖြစ်ကြပါတယ်။ ဖြစ်တော့ဖြစ်ခဲပေမယ့် အချိန်တိုလေး အတွင်းမှာ ရေတွေအများကြီး အလွန်အကျွံသောက်မိရင်တော့ အန္တရာယ်ရှိပါတယ်။ ရေအလွန်အကျွံသောက် လိုက်တဲ့အခါမှာ သွေးထဲမှာရှိတဲ့ ဆိုဒီယမ် (သို့) ဆားပမာဏ ကျဆင်းသွားစေပါတယ်။ ဒီအခြေအနေက ပြင်းထန်ပြီး သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ ဒါကို ရေဆိပ်သင့်တယ်လို့လည်းခေါ်ပါတယ်။
ရေဆိပ်သင့်တယ်ဆိုတာဘာလဲ?
လေ့ကျင့်ခန်းလုပ်နေစဉ် (သို့) ပူတဲ့အချိန်တွေမှာ ရေတစ်ဘူးလောက်သောက်လိုက်တာ အကြောင်း မဟုတ်ပါဘူး။ ကျန်းမာပြီးအရွယ်ရောက်တဲ့ လူတစ်ယောက်ရဲ့ကျောက်ကပ်က တစ်နာရီကို အများဆုံးရေလီတာ ဝက်သာ စစ်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ရဲ့စစ်ထုတ်နိုင်စွမ်းထက်ပိုပြီး ရေလီတာပေါင်းများစွာကို တစ်ထိုင်တည်းသောက်လိုက်မှသာပဲ ရေသောက်လွန်ပြီးတော့ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ဖြစ်ရသောအကြောင်းအရင်းများ
အဓိက,ကတော့ ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ်(ဆားဓာတ်)ပမာဏနဲ့သက်ဆိုင်ပါတယ်။ ဆိုဒီယမ်က ကျွနု်ပ်တို့ခန္ဓာကိုယ်အတွင်းမှာ ဆဲလ်အတွင်းနဲ့အပြင်ရှိအရည်တွေကို ညီမျှအောင်ထိန်းချုပ်ပေးပါတယ်။ ရေတွေ အများကြီးသောက်လိုက်တဲ့အခါ ဆိုဒီယမ်တွေနည်းသွားပြီးတော့ သွေးထဲမှာရှိတဲ့အရည်တွေက ဆဲလ်အတွင်းကိုဝင်လာပြီးတော့ ဆဲလ်တွေဖောင်းကားလာစေပါတယ်။ ဦးနှောက်အတွင်းမှာ ဒီလိုဖောင်းကားမှုတွေဖြစ်လာရင်တော့ စိုးရိမ်ရပြီးတော့ ဆေးကုသမှုချက်ချင်း ခံယူဖို့အရေးကြီးပါတယ်။
ကလေးတွေမှာ ပိုပြီးကြုံတွေ့ရတတ်ပါတယ်။ ကလေးတွေရဲ့ခန္ဓာကိုယ်က သေးငယ်တဲ့အတွက် ရေတွေ အများကြီးကိုလက်မခံနိုင်သေးပါဘူး။ ဒါကြောင့် အသက် 6 လအောက်ကလေးတွေကို ရေမတိုက်သေးဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ရောဂါလက္ခဏာများနှင့် ကုထံုံးများ
ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်လျော့နည်းတဲ့လက္ခဏာတွေက အပူရှပ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း ရဲ့လက္ခဏာတွေနဲ့ ဆင်တူပါတယ်။
- ပူလာခြင်း
- ခေါင်းကိုက်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ဝမ်းပျက်ဝမ်းလျှောခြင်း
- ပျို့အန်ခြင်း
လူတစ်ယောက်ဒီလိုရောဂါလက္ခဏာတွေ ခံစားနေရတာတွေ့ရင် လူနာကိုဆွဲခေါ်လာပြီး အရိပ်အောက်မှာ အနားယူစေပါ။ အပူရှပ်တာလား ရေသောက်လွန်တာလားခွဲခြားနိုင်ဖို့အတွက် လူနာကိုမေးကြည့်ပါ။ ပြီးရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးပို့ဆောင်ပါ။
အချိန်မီဆေးကုသမှုမရရှိရင် ဦးနှောက်ရောင်ပြီး တက်ခြင်း၊ သတိမေ့မြောခြင်းတွေ ဖြစ်နိုင်ပါတယ်။
ကာကွယ်ရန်နည်းလမ်းများ
အကောင်းဆုံးကာကွယ်နည်းကတော့ ချေွးထွက်တဲ့ပမာဏထက်ပိုပြီး ရေတွေအများကြီးမသောက်ဖို့ပါပဲ။ ဒါပေမယ့်လည်း ဒါကတိုင်းတာရခက်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ရေငတ်ပြေတဲ့အထိရေသောက်ပြီးရင် ရပ်လိုက်ပါလို့ အကြံပြုထားကြပါတယ်။
ဆီးရောင်ကိုလည်းကြည့်နိုင်ပါတယ်။ ဆီးရောင်ရင့်နေရင် ရေဓာတ်နည်းနေတာကိုပြတဲ့ အတွက် ရေသောက်ဖို့လိုပါတယ်။ ဆီးမပေါက်ချင်ပေမယ့် ဆီးတွေထွက်နေပြီး ဆီးရောင်ကလည်း အရမ်းကြည်နေတယ်ဆိုရင်တော့ ရေသောက်အရမ်းများသွားလို့ ဖြစ်နိုင်ပါတယ်။
Dr. Mya Myo Myo Swe






























