/
node/4605

သွားဖုံးသွေးယိုခြင်းအကြောင်းအရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွားတိုက်တဲ့အချိန်၊ သွားကြားထိုးတဲ့အချိန်မှာ သွားဖုံးသွေးယိုတာဟာ အကြောင်းအရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး အချို့မှာခဏတာသာဖြစ်၍ အချို့မှာစိတ်ပူစရာဖြစ်နိုင်ပါတယ်။

1. သွားဖုံးရောင်ခြင်း

          သွားဖုံးရောင်ခြင်းဟာ သွားဖုံးရောဂါတွေရဲ့ ကနဦးအဆင့်ဖြစ်ပါတယ်။ သွားဖုံးအောက်ခြေမှာကပ်နေတဲ့ အစာအကြွင်းအကျန်တွေကို သွားတိုက်တဲ့အချိန်မှာမဖယ်ရှားပါက သွားဖုံးရောင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနဲ့ သွေးထွက်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ အစပိုင်းအခြေအနေမှာဆိုရင်တော့ ပုံမှန်သွားတိုက်ခြင်း၊ သွားဖွတ်ကြိုးဖြင့်သန့်ရှင်းခြင်းနဲ့ ပုံမှန်သွားကျန်းမာရေးစစ်ဆေးခြင်းတို့ဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

2. ဆေးဝါးများ

        အမေရိကန်သွားဘက်ဆု်ိင်ရာအဖွဲ့အစည်းကြီး၏အဆိုအရ သွေးကျဲဆေးတွေဟာ သွားဖုံးသွေးယိုခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ကြောင်းသိရပါတယ်။ ထိုသွေးကျဲဆေးတွေ ဟာ သွေးခဲဖြစ်ပေါ်မှုကိုဟန့်တားနိုင်တာကြောင့် အလွယ်တကူသွေးယိုစီးမှုဖြစ်စေနိုင်တာဖြစ်ပါတယ်။ သွားဆရာဝန်နှင့်ပြသတဲ့အခါ မိမိသောက်သုံးနေတဲ့ ဆေးဝါးများအကြောင်းကို ပြောပြပါ။

3. သွားပွတ်ကြိုးဖြင့် သွားသန့်ရှင်းရေးပြုလုပ်ခြင်းအလေ့အထပြောင်းလဲခြင်း

        ဥပမာအားဖြင့် သွားပွတ်ကြိုးမသုံးတာကြာတဲ့အခါ (သို့) မကြာခဏအသုံးပြု၍ အစာအကြွင်းအကျန်တွေကို ဖယ်ရှားခြင်းအလေ့အထကို စတင်တဲ့အခါမှာဆိုရင် သွေးအနည်းငယ်ထွက်တာကို  သတိထားမိပါလိမ့်မယ်။ ဒါပေမယ့် တစ်ပတ်အတွင်းမှာပဲ ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်။

4. သွားတိုက်တံအသစ်အသုံးပြုခြင်း

        နူးညံ့လွန်းတဲ့သွားပွတ်တံကို အသုံးပြုနေရာမှ အနည်းငယ်မာကျောတဲ့ သွားပွတ်တံ ကိုပြောင်းလဲအသုံးပြုခြင်းဖြင့် သွားဖုံးမှသွေးယိုစီးနိုင်ပါတယ်။ ထိုအခါ နူးညံ့တဲ့အမျှင်တွေပါတဲ့ သွားတိုက်တံကိုသာ ပြန်လည်အသုံးပြုသင့်ပြီး ဆရာဝန်ထံမှ အကြံဉာဏ်ရယူနိုင်ပါတယ်။

5. ကိုယ်ဝန်ဆောင်စဉ် သွားဖုံးရောင်ခြင်း

        အချို့သောကိုယ်ဝန်ဆောင်အမျိုးသမီးများသည် သွားတိုက်စဉ် သွားဖုံးမှသွေးထွက်ခြင်းနဲ့ သွားဖုံးရောင်ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ဟော်မုန်းအပြောင်းအလဲကြောင့် သွားဖုံးရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေအပေါ် ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတွေပြောင်းလဲလာခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အထက်ပါရောဂါလက္ခဏာတွေဟာ ကိုယ်ဝန်ဆောင်ပြီးနောက် ပျောက်ကွယ်သွားနိုင်ပါတယ်။ သွားကျန်းမာရေးစစ်ဆေးခြင်း၊ သွားပုံမှန်တိုက်ခြင်းနဲ့ သွားပွတ်ကြိုးအသုံးပြုခြင်းဖြင့် ပိုမဆိုးစေရန် ကာကွယ်ပေးနိုင်ပါတယ်။ တခါတရံမှာတော့ အခြားပြင်းထန်တဲ့သွားဖုံးရောဂါတွေလည်းဖြစ်နိုင်တာကြောင့် သွားဖုံးသွေးယိုပါက သွားဆရာဝန်နှင့် သွားရောက်ပြသသင့်ပါတယ်။

6. တွေ့ကရာအစားအစာများကိုစားခြင်း

        အစာချေချိန်အလွန်ကြာမြင့်တဲ့ အစားအသောက်တွေဟာ ခန္ဓာကိုယ်အတွက်သာမက သွားကျန်းမာရေးအတွက်ပါ မကောင်းပေ။ လက်သီးဆုတ်ခန့် သစ်သီးနဲ့ ဟင်းသီးဟင်းရွက် 6-8 ပွဲခန့်နဲ့အတူ ကယ်လ်ဆီယမ်၊ ဗီတာမင် D၊ ဗီတာမင် C၊ မဂ္ဂနီဆီယမ်နဲ့ ငါးကြီးဆီကဲ့သို့ ရောင်ယမ်းခြင်းကို သက်သာစေတဲ့ ဖြည့်စွက်အာဟာရတွေဟာ ခံတွင်းကျန်းမာရေးအတွက် အလွန်ပင် အရေးကြီးတဲ့အရာတွေပဲဖြစ်ပါတယ်။ အစာကောင်းကောင်းစားခြင်းဖြင့် ကိုယ်ခံစွမ်းအား စနစ်တစ်ခုလုံးကို ကောင်းမွန်စေရုံသာမက ခန္ဓာကိုယ်ရဲ့အနူးညံ့ဆုံးအပိုင်းဖြစ်တဲ့ ခံတွင်းတစ်သျှူးတွေကိုပါ အာဟာရဓာတ်တွေဖြည့်တင်းပေးပါတယ်။

7. ဆေးလိပ်သောက်ခြင်း

        ဆေးလိပ်သောက်သုံးသူတွေမှာ သွားဖုံးရောဂါဖြစ်နိုင်ချေမြင့်မားရခြင်းမှာ ဆေးလိပ်မှာပါဝင်တဲ့ အဆိပ်တွေဟာ ရောင်ရမ်းခြင်းနဲ့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ကျဆင်းစေလို့ပဲဖြစ်ပါတယ်။

          နှစ်ရှည်လများဆေးလိပ်သောက်သုံးပါက သွားဖုံးမှာ အာဟာရဓာတ်လုံလောက်စွာမရတာကြောင့် သွားဖုံးကြီး၍ထူလာနိုင်ပါတယ်။ သွားဖုံးသွေးယိုစီးတဲ့လက္ခဏာပြပါက သွားကြားမှာရှိတဲ့ အန္တရာယ်ရှိတဲ့ဘက်တီးရီးယားပိုးမွှားတွေက သွားဖုံးအနာမှတဆင့် သွေးထဲဝင်ရောက်ကာ ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းများ (အထူးသဖြင့် နှလုံးနဲ့သွေးကြောများ) ဆီသို့ရောက်သွားနိုင်ပါတယ်။

8. စိတ်ဖိစီးမှုများခြင်း

        အမြဲမပြတ်စိုးရိမ်ပူပန်နေမှုတွေနဲ့ စိတ်အလိုမကျမှုတွေဟာ သွားဖုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို အားနည်းစေပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် သွေးကြောများရောင်ရမ်းလာပြီး ခံတွင်းအတွင်းရှိ တစ်သျှူးတွေကိုပေါက်ပြဲစေကာ အနာကျက်နှုန်းကိုနှေးကွေးစေပါတယ်။

9. မျိုးရိုးလိုက်ခြင်း

          သွားနှင့်ခံတွင်းဆိုင်ရာရောဂါတွေက မျိုးရိုးလိုက်တတ်ပါတယ်။ ယခုအခါ လေဆာကုထုံးတွေ ရှိလာပြီဖြစ်တဲ့အတွက် မွေးရာပါသွားဖုံးရောဂါေ၀ဒနာရှင်တွေအတွက် သတင်းကောင်းပဲဖြစ်ပါတယ်။

10. သွားကြိတ်ခြင်း

        မညီညာတဲ့သွားများရှိတဲ့အပြင် သွားကြိတ်ခြင်းအလေ့အထရှိပါက သွားများကိုပိုမိုပျက်စီးစေကာ သွားဖုံးနဲ့အရိုးများကိုလည်း ထိခိုက်စေနိုင်ပါတယ်။ တစ်နေရာရာကို ပြင်းပြင်းထန်ထန်ထိခိုက်မိပါက သွားဖုံးပုံပျက်သွားတဲ့အပြင် အရိုးမှာလည်း ထိခိုက်သွားတာကြောင့် သွားဖုံးရောဂါဖြစ်နိုင်ချေမြင့်တက်လာပါတယ်။

11. နမ်းရှုံ့ခြင်းနှင့် ခံတွင်းပစ္စည်းများကို တူတူသုံးစွဲခြင်း

        သွားဖုံးရောဂါသည် လူတစ်ဦးမှတစ်ဦး တံတွေးမှတဆင့်ကူးစက်လေ့ရှိပြီး ခံတွင်းပစ္စည်းများ ခွဲဝေသုံးစွဲခြင်း၊ ရေခွက်တစ်ခုတည်းကို တူတူသောက်ခြင်းနဲ့ နမ်းရှုံ့ခြင်းတို့မှတဆင့်ကူးနိုင်ပါတယ်။ ဒါကြောင့် သွားပွတ်တံကဲ့သို့ပစ္စည်းများကို ဘယ်သောအခါမျှခွဲဝေမသုံးစွဲသင့်ပါ။

Dr. Thizar Wynn

www.drmyanmar.com