/
node/4660

အရေပြားအဆီဖုများကို ပျောက်ကင်းစေမည့် အိမ်တွင်းကုထုံးများ

Category
အလှအပနှင့်ကျန်းမာရေး

          မျက်လုံးပတ်လည်မှာ အဖြူရောင် (သို့) အဝါရောင်အစက်လေးတွေကို milia လို့ခေါ်ပါတယ်။ ဒီအဖုလေးတွေက နှာခေါင်း၊ ပါးပြင်နဲ့ နှဖူး စတဲ့မျက်နှာပေါ်ရှိနေရာတိုင်းမှာဖြစ်နိုင်ပေမယ့် မျက်လုံးဝန်းကျင်မှာအဖြစ်များပါတယ်။

ဖြစ်စေသောအကြောင်းအရင်းများ

- sebum လို့ခေါ်တဲ့ အဆီများအလွန်အကျွံထွက်ခြင်း

- အရေပြားဆဲလ်အသေများစုနေခြင်း

- ဟော်မုန်း၊ မျိုးရိုးဗီဇ

- နေရောင်ခြည်ထိတွေ့မှုများခြင်း

- မိတ်ကပ်ထူထူလိမ်းခြင်း

- အချို့သော မျက်နှာကုထုံးများ

ကုထုံးများ

        လေဆာ (သို့) အပူချိန်တွေသုံးပြီး ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် အဖုများကို အေးခဲစေခြင်း၊ ဓာတုပစ္စည်းများဖြင့် အရည်ပျော်စေခြင်းတို့ဖြင့်လည်း ကုသပေးနိုင်ပါတယ်။

          ရိုးရှင်းတဲ့အိမ်တွင်းကုထုံးများဖြင့်လည်း ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။ စိတ်ချရတဲ့ သဘာဝအိမ်တွင်းကုထုံးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1. ရေနွေးငွေ့

        ပလတ်စတစ်ခွက်ကြီးတစ်ခုထဲမှာ ရေပူထည့်ထားပါ။ မျက်လုံးမှိတ်၊ မျက်နှာကို ပလတ်စတစ်ခွက်မှ လက်မအနည်းငယ်ခွာပြီး ခေါင်းပေါ်ကနေ တဘက်ကြီးတစ်ထည်အုပ်ထားပါ။ ဒီအတိုင်း တစ်နေ့လျှင် 15 မိနစ်ခန့်မျက်နှာပေါင်းခံပေးပါ။

2. ရေနွေးဝတ်တင်ခြင်း

        ဂွမ်းစကြီးကြီးတစ်စုံကို ရေပူထဲမှာနှစ်လိုက်ပါ။ ရေညှစ်ချလိုက်ပြီး မျက်လုံးမှိတ်ထားတဲ့အပေါ်မှာ ဂွမ်းစအေးတဲ့အထိတင်ထားပေးပါ။ ဂွမ်းစတွေ အရမ်းပူမနေအောင်တော့ သတိထားပါ။

3. ပျားရည်

        မျက်လုံးတစ်ဝိုက်ကို ပျားရည်နဲ့ပါးပါးလေးလိမ်းပေးပါ။  အဖုပျောက်သွားသည်အထိ နေ့စဉ်လိမ်းပါ။ အော်ဂန်းနစ်ပျားရည်က အကောင်းဆုံးပါ။

4. ကြက်ဆူဆီ

        အဖု၊ အကွက်ဖြစ်နေတဲ့အရေပြားပေါ်ကို ကြက်ဆူဆီအသားထဲစိမ့်ဝင်သွားတဲ့အထိ ပွတ်ပြီးနေ့စဉ်လိမ်းပေးပါ။ အရမ်းပြင်းတယ်လို့ခံစားရရင် ကြက်ဆူဆီနဲ့ သံလွင်ဆီ ဆတူရောပြီးလိမ်းနိုင်ပါတယ်။

5. ပန်းသီးရှာလကာရှည်

        ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းကို ဆန်မှုန့် စားပွဲတင်ဇွန်း 3 ဇွန်းရောပြီးလိမ်းနိုင်ပါတယ်။

6. အာလူးအရည်

        ခြစ်ထားသော အာလူးမှအရည်ကို ပိတ်ပါးစခံပြီး ညှစ်ယူပါ။ အာလူးအရည်ကိုရေခဲသေတ္တာထဲမှာ မိနစ်အတော်ကြာထားပြီး အအေးခံပါ။ အရည်ထဲကို ဂွမ်းစနှစ်ပြီး ဂွမ်းစကိုမျက်လုံးပေါ်တင်ထားပါ။ ဒီအတိုင်းနေ့စဉ်ပြုလုပ်ပေးပါ။

7. ခရမ်းချဉ်သီးအနှစ်

        ခရမ်းချဉ်သီးအမှည့်တစ်လုံးကိုထက်ဝက်ခြမ်းလိုက်ပြီး အရည်ကိုလိမ်းပေးပါ။ ယားယံလာရင် ရေနဲ့ဆေးချလိုက်ပါ။

8. ရှားစောင်းလက်ပတ်

        အဖုပေါ်ကို ရှားစောင်းလက်ပတ်နဲ့ပွတ်ပေးပါ။ 15 မိနစ်ခန့်ကြာလျှင် ရေဆေးချပါ။

9. သကြားညို

        သကြားညိုစားပွဲတင်ဇွန်း 1 ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဝက်၊ သံပုရာရည်အစက်အနည်းငယ်ရောပြီး ပွတ်လိမ်းပေးပါ။ ပြီးလျှင်ရေဆေးပါ။ တစ်ပတ်နှစ်ကြိမ်ထက် ပိုမလုပ်ပါနှင့်။

10. အုတ်ဂျုံမှုန့်

        သကြားညိုနဲ့ပွတ်တိုက်ခြင်းက အရေပြားကြမ်းစေတယ်လို့ထင်ရင် အုတ်ဂျုံမှုန့် 2 ဆ၊ သံလွင်ဆီ 1 ဆရောပြီး လိမ်းနိုင်ပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com