အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်၊ လူသုံးကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပြပွဲကျင်းပ
အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်၊ လူသုံးကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာပြပွဲနှင့် လူထုပညာပေးပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပံ့ပိုးကူညီပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဦးဆောင်ကာ ဖေဖော်ဝါရီလ 22 ရက်နေ့ မှ 23 ရက်နေ့အထိ Myanmar Convenction Center (MCC) တွင ်နံနက် 9 နာရီမှ ညနေ 5 နာရီအထိ ကျင်းပခဲ့သည်။
ပြပွဲတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အစာအာဟာရဆိုင်ရာသိပ္ပံနှင့် နည်းပညာအသင်း၊ မြန်မာစားသုံးသူများ သမဂ္ဂ၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်ကြီးများ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအလှကုန်အသင်း၊ မြန်မာနိုင်ငံလက်လီရောင်းချ သူများအသင်း၊ အစားအသောက်လုပ်ငန်းကုမ္ပဏီများ၊ ဆေးဝါးလုပ်ငန်းကုမ္ပဏီများ၊ ဆေးပစ္စည်း၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသောကုမ္ပဏီများနှင့် ဓာတ်ခွဲခန်းစက်ပစ္စည်း ဆိုင်ရာကုမ္ပဏီများမှ တစ်စုတစ်စည်းတည်း ပါဝင်ပြသကြရာ ပြခန်းအရေအတွက် စုစုပေါင်း 120 ကျော်ပါဝင်ပြသကြောင်းသိရသည်။
“အစားအသောက်နှင့် လူသုံးကုန်ဆေးဝါးပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးကိစ္စများကို အများပြည်သူသိရှိနားလည်စေရန်နဲ့ ဗဟုသုတများရရှိစေရန်ရည်ရွယ်ပါတယ်။ နောက်တော့ ထုတ်လုပ်သူဖြန့်ဖြူးရောင်းချသူများ သိရှိနားလည်မှုမြင့်တက်လာစေရန်နှင့် ဌာနဆိုင်ရာများအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန်လည်း ရည်ရွယ်ပါတယ်။ ပညာပေး၊ အသိပညာပေးများနှင့်အတူ ကျင်းပသည့်ပြပွဲ၊ ဟောပြောပွဲကနေတစ်ဆင့် ကျန်းမာဖွံဖြိုးပြီး အသိပညာဖွံ့ဖြိုးသော ဝန်းကျင်ဖြစ်လာစေရန် သက်ဆိုင်ရာပညာရှင်များနှင့်တွေ့ဆုံပြီး အသိပညာများအတွေ့အကြုံများ ဖလှယ်နိုင်ရန်ဆိုတဲ့ပွဲလေးဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အဖွင့်မိန့်ခွန်စကားပြောကြားသည်။
ပညာရှင်များဟောပြောပို့ချမည့် Presentation talk အစီအစဉ်များ၊ ပညာပေး အစီအစဉ်နှင့်တွဲ၍ ဖျော်ဖြေရေးအစီအစဉ်များ၊ ဗဟုသုတတိုးပွားစေမည့် ဉာဏ်စမ်းပဟေဠိအစီအစဉ်များ၊ ပျော်ရွှင်စရာဂိမ်းအစီအစဉ်များ၊ ဆေးဝါးနှင့် ကုန်ပစ္စည်းပြသခြင်းနှင့် လက်တွေ့အသုံးအချပြသမှုများ၊ ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ဆေးဝါးအတုအပတိုက်ဖျက်ရေး အသိပညာပေးပွဲများ အစရှိသည်တို့ကိုလည်း ပြပွဲကာလနှစ်ရက်တာအတွင်း စီစဉ်ထည့်သွင်းထားသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှပြပွဲအတွင်း “အခမဲ့စစ်ဆေးနိုင်ခြင်း” အစီအစဉ်ကို ထည့်သွင်းထားပြီး ပြပွဲအတွင်းအများပြည်သူစားသုံးနေသော အစားအစားများဖြစ်သည့် မုန့်ဖတ်၊ ပဲပြား၊ ကြာဆံ၊ သစ်သီးခြောက်များ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ အရောင်ပါသောအချိုရည်များ၊ ဂျယ်လီ၊ ယိုစုံများ စသဖြင့်အစားအစာများကို (ကနဦးလျင်မြန်စစ်ဆေးခြင်းနည်း) များဖြင့် အခမဲ့စစ်ဆေးပေးခြင်းများနှင့် အများပြည်သူသုံးစွဲနေသော အလှကုန်များဖြစ်သည့် Whitening Cream၊ Lotion၊ Makeup၊ Foundation များကိုလည်း အစားအသောက်ကဲ့သို့ပင် အခမဲ့စစ်ဆေးပေးခြင်းများပြုလုပ်ပေးခဲ့ရာ လာရောက်စစ်ဆေးသူ များပြားခဲ့ကြောင်းလည်းသိရသည်။
May Su Hlaing






























