/
node/4781

ကျောင်းနေအရွယ်ကလေးတွေမှာ အိပ်စက်ချိန်ဘယ်လောက်လိုအပ်ပါသလဲ

Category
ကလေးများနှင့်ကျန်းမာရေး

          မူကြိုကလေးမှ အထက်တန်းအထိ အသက်အရွယ်အမျိုးမျိုးအတွက် အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ မှတ်သားဖွယ်အကောင်းဆုံးအချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

မူကြိုအရွယ် (3-5 နှစ်)

        ဒီအရွယ်ကလေးတွေအတွက် 10-13 နာရီအိပ်စက်ဖို့လိုအပ်ပါတယ်။ ကလေးတွေကို သိပ်ဖို့သိပ်တော့မလွယ်ကူပါဘူး။ ဘာကြောင့်လဲဆိုတော့ အိပ်ချိန်ရောက်ရင် ကလေးတွေက “ဆော့ချင်သေးတယ်” “ရေသောက်ချင်တယ်” ဆိုပြီး အိပ်ခါနီးအချိန်တွေမှာ ဂျီကျလေ့ရှိကြပါတယ်။ မိဘတွေအတွက် အရေးကြီးဆုံးအချက်ကတော့ ကလေးတွေကိုအကန့်အသတ်ထားပြီး အလိုလိုက်ခြင်းပဲဖြစ်ပါတယ်။

ကျောင်းနေအရွယ်ကလေး (6-13 နှစ်)

        တစ်ညလျှင် 9-11 နာရီအိပ်စက်ချိန်လိုအပ်ပါတယ်။ ဒီအရွယ်ကလေးအများစုကတော့ သတ်မှတ်ထားတဲ့အိပ်ချိန်အတိုင်း အိပ်ဖြစ်ကြတာများပါတယ်။ ဒီအရွယ်ကလေးတွေက non-REM sleep တစ်မျိုးရှိတဲ့ slow-wave sleep (သို့) deep-wave sleep ထဲမှာ အိပ်စက်ချိန်များတဲ့အတွက် အားအင်တွေရရှိပြီးတော့ နေ့ဘက်တွေမှာနိုးကြားနေလေ့ရှိပါတယ်။ ဒါကြောင့် ဒီကလေးတွေကျောင်းမှာတစ်ချိန်လုံးအိပ်ငိုက်နေတယ်ဆိုရင် အိပ်ရေးဝဝမအိပ်ရဘူးဆိုတာပြတဲ့လက္ခဏာပဲဖြစ်ပါတယ်။ ဒါ့အပြင် အိပ်ရေးဝဝမအိပ်ရခြင်းကြောင့် အာရုံစူးစိုက်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ ပြဿနာဖြေရှင်းခြင်း စတဲ့လုပ်ဆောင်ချက်အမျိုးမျိုးကို အနှောင့်အယှက်ပေးတဲ့အပြင် စိတ်တို၊ စိတ်ဆတ်လွယ်စေပြီး အလွန်အမင်းတက်ကြွနေခြင်းတွေတောင်ဖြစ်စေနိုင်ပါတယ်။

          ကျောင်းနေအရွယ်ကလေးတွေ အိပ်ရေးဝစေဖို့အတွက် ကျောင်းဖွင့်ရက်နဲ့ ပိတ်ရက်တွေအတွက် ပုံမှန်အိပ်စက်ချိန် ထားရပါမယ်။ ဖွင့်ရက်နဲ့ ပိတ်ရက်တွေမှာ အိပ်စက်ချိန်က 1 နာရီ 2 နာရီထက်ပိုပြီး မကွာသင့်ပါဘူး။

ဆယ်ကျော်သက်များ (14-17 နှစ်)

        ဆယ်ကျော်သက်တွေအတွက် အိပ်ချိန် 8-10 နာရီလိုအပ်ပြီး သုံးပုံတစ်ပုံလောက်ပဲလုံလောက်တဲ့ အိပ်စက်ချိန်ရရှိကြပါတယ်။ ဒီအရွယ်ကလေးတွေမှာ ကျောင်းချိန်ပြီးရင်လုပ်ရမယ့် အလုပ်တွေ၊ အိမ်စာတွေ စသည်ဖြင့် လိုအပ်ချက်တွေများနေတဲ့အတွက် ညဘက်တွေမှာနောက်ကျမှအိပ်ရပြီး မနက်စောစောထကြရလေ့ရှိပါတယ်။ ဒီအရွယ်မှာတော့ မိဘတွေက ငယ်ငယ်ကလောက်အိပ်ချိန်ကို သေချာထိန်းချုပ်မနေကြတော့ပါဘူး။

          ဒါတွေအပြင် ဆယ်ကျော်သက်တွေရဲ့ ဇီဝစည်းချက်အရ ညဘက်စောစောအိပ်ပျော်ဖို့ ခက်တတ်ကြပါတယ်။ အပျိုဖော်ဝင်ချိန်ကစပြီး ကိုယ်တွင်းအိပ်စက်ချိန်စက်ဝန်းပြောင်းလာပြီး ငယ်ငယ်တုန်းက 9 နာရီမှအိပ်ပျော်ပေမယ့် ဒီအရွယ်မှာတော့ နောက်ကျမှပဲအိပ်ပျော်ပါတယ်။ အိပ်ချိန်နောက်ကျသလို ထချိန်လည်းနောက်ကျလာပါတယ်။ ည 11 နာရီမှာအိပ်ပျော်ရင် အိပ်ချိန် 8-10 နာရီရှိဖို့အတွက် မနက် 7-9 နာရီကြားမှာမှ ထရမှာပါ။ ဒါကကျောင်းချိန်တက်ရတဲ့နေ့တွေအတွက် မဖြစ်နိုင်ပါဘူး။ ရလာဒ်အနေနဲ့ ကျောင်းဖွင့်ရက်တွေမှာ အိပ်စက်ချိန်မလုံလောက်ကြတော့ပါဘူး။ ဒါကြောင့် ဖွင့်ရက်တွေမှာအိပ်ချိန် 10 နာရီလောက်အကြွေးတင်နေပြီးတော့ ပိတ်ရက်တွေမှာ ဒီ 10 နာရီလုံးပြန်မအိပ်နိုင်ပါဘူး။ ဒီတော့ ဆယ်ကျော်သက်တွေအချိန်တိုင်း ပင်ပန်းနေတတ်ပြီးတော့ ကျောင်းချိန်ပြီးရင် ငိုက်တတ်၊ တစ်ရေးမှေးတတ်ပါတယ်။ ဒီလိုတစ်ရေးအိပ်လို်က်ရင် ညဘက်အိပ်မပျော်ဖြစ်လာပြန်ပါတယ်။ ဒီလိုနဲ့သံသရာလည်နေပါတယ်။

          ဆယ်ကျော်သက်တွေအကြောင်းပြောရင် ဖန်သားပြင်တွေအကြောင်းက မပါမဖြစ်ပါ။ အများစုက လျှပ်စစ်ပစ္စည်းတွေကို အိပ်ခန်းထဲယူထားကြပြီး တရေးနိုးဆီးထသွားရင်တောင် ဖုန်းတွေကို အလိုအလျောက်ကိုင်မိပြီး စစ်ကြည့်လေ့ရှိပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com