ကိုယ်၀န်ဆောင်စဉ် အချင်းရှေ့ရောက်တယ်ဆိုတာ
အချင်းဆိုတာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သားအိမ်အတွင်း၌ဖြစ်ပေါ်လာတဲ့ ဆဲလ်မွေ့ရာကြီးတစ်ခုပဲဖြစ်ပါတယ်။ အချင်းဖြစ်ပေါ်လာရခြင်းရည်ရွယ်ချက်မှာ မိခင်ခံမှ အာဟာရဓာတ်တွေနဲ့ အောက်ဆီဂျင်တွေကို သနေ္ဓသားလောင်းထံသို့ပေးပို့၍ သနေ္ဓသားလောင်းထံမှ အညစ်အကြေးတွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ချက်ကြိုးမှတဆင့် မိခင်ထံပြန်လည်ပေးပို့ဖို့ ဖြစ်ပါတယ်။
အချင်းသည် သားအိမ်အပေါ်ပိုင်းတစ်စိတ်တစ်ဒေသ၌သာဖြစ်ပေါ်တာဖြစ်တဲ့အတွက် သနေ္ဓသားဖွ့ံဖြိုးမှုကို ထိခိုက်စေခြင်းမရှိပါဘူး။ အချင်းရှေ့ရောက်တဲ့အခြေအနေမှာဆိုရင်တော့ အချင်းဟာသားအိမ်အောက်ပိုင်း (သို့) သားအိမ်ဝမှာစတင်ဖြစ်ပေါ်လာတာကြောင့် မွေးဖွားရခက်ခဲခြင်းများဖြစ်စေနိုင်ပါတယ်။
အချင်းရှေ့ရောက်ခြင်း အမျိုးအစား 3 မျိုးမှာ -
1. အပြည့်အဝအချင်းရှေ့ရောက်ခြင်း - သားအိမ်အတွင်းပိုင်းအဝဟာ အချင်းဖြင့်လုံးဝပိတ်နေတာဖြစ်ပါတယ်။
2. တစ်စိတ်တစ်ဒေသအချင်းရှေ့ရောက်ခြင်း - သားအိမ်အတွင်းပိုင်းအဝဟာ အချင်းဖြင့်တစ်စိတ်တစ်ပိုင်းမျှသာ ပိတ်နေတာဖြစ်ပါတယ်။
3. အနားသတ်အချင်းရှေ့ရောက်ခြင်း - အချင်းဟာ သားအိမ်အတွင်းပိုင်းအဝရဲ့ အနားသတ်ပိုင်းနားသို့ ရောက်နေခြင်းဖြစ်ပါတယ်။
အချင်းရှေ့ရောက်ခြင်းဖြစ်စဉ်ဟာ ကိုယ်ဝန်ဆောင် 200 မှာ တစ်ယောက်ခန့် တွေ့ရနိုင်ပါတယ်။
ရောဂါလက္ခဏာနှင့် နောက်ဆက်တွဲဆိုးကျိုးများ
ကိုယ်ဝန်ဆောင်ကာလ ပထမ 3 လပတ်နှင့် ဒုတိယ 3 လပတ်များတွင် ရံဖန်ရံခါ သွေးဆင်းခြင်းများကို ကြုံတွေ့ရနိုင်ပါတယ်။ သွေးအရောင်ကတော့ အနီရောင်တောက်တောက်ဖြစ်ပြီး ချက်ချင်းဆိုသလိုပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် ရက်အနည်းငယ်အကြာမှာတော့ တစ်ဖန်ပြန်ပြီးသွေးဆင်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ တတိယသုံးလပတ်ရောက်တဲ့အချိန်မှာတော့ ရုတ်တရက်သွေးအများကြီးဆင်းလာနိုင်ပါတယ်။
အချို့သောကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သားအိမ်ကိုက်ခဲမှုမဖြစ်ဖူးဆိုပေမယ့် တစ်ချို့မှာတော့ သွေးဆင်းချိန်မှာ နာကျင်မှုဝေဒနာကိုခံစားရတတ်ပါတယ်။ အမျိုးသမီး 7-30% ခန့်မှာတော့ လုံးဝသွေးဆင်းခြင်းမရှိပါဘူး။
သွေးဆင်းရခြင်းအကြောင်းအရင်းမှာ ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ အချင်းမှာသားအိမ်နံရံမှကွာကျလာတာကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ တတိယ 3 လပတ်ရောက်တဲ့အချိန်မှာတော့ သားအိမ်နံရံဟာပါးလွှာပြီး သနေ္ဓသားကိုနေရာပေးဖို့အတွက် ကျယ်လာရပါတယ်။ အချင်းရှေ့ရောက်တဲ့အနေအထားမှာဆိုရင်တော့ ထိုကဲ့သို့ သားအိမ်နံရံပါးလာတဲ့အချိန်မှာ အချင်းကိုဆွဲဆန့်သလိုဖြစ်တာကြောင့် သားအိမ်နံရံပြဲသွားကာ သွေးထွက်စေတာဖြစ်ပါတယ်။
ဖြစ်နိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့ -
- သွေးထောက်ပံ့မှုမလုံလောက်တာကြောင့် သနေ္ဓသားကြီးထွားနှုန်းနှေးကွေးခြင်း
- သနေ္ဓသားလောင်း၌ သွေးအားနည်းခြင်း
- အောက်စီဂျင်ရောက်တာ နည်းတာကြောင့် အသက်ရှုမဝခြင်း
- သွေးထွက်လွန်ပါက မိခင်တွင် အသက်အန္တရာယ်စိုးရိမ်ရခြင်း
- သွေးခဲဖြစ်ပေါ်ခြင်းနှင့် ရောဂါပိုးဝင်ခြင်း
- သွေးသွင်းရန်လိုအပ်ခြင်း
အပြည့်အဝအချင်းရှေ့ရောက်တဲ့အနေအထားမှာဆိုရင် ဗိုက်ခွဲမွေးဖို့ကို ဆရာဝန်မှအကြံပေးပါလိမ့်မယ်။
အချင်းရှေ့ရောက်တာကို ဘယ်လိုစစ်ဆေးမလဲ
တယ်လီဗီးရှင်းဓာတ်မှန်ရိုက်ခြင်းဖြင့် အချင်းရဲ့အနေအထားကိုသိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ပထမ 3 လပတ် နှောင်းပိုင်းနဲ့ ဒုတိယ 3 လပတ်အစောပိုင်းတွေမှာ တွေ့ရှိတာဆိုပါက သားအိမ်ကြီးလာတာနဲ့အမျှ အချင်းရဲ့တည်နေရာကလည်း ရွေ့သွားနိုင်ပါတယ်။ ဒါကြောင့် တယ်လီဗီးရှင်းဓာတ်မှန်ကို မကြာခဏပြန်ရိုက်ဖို့လိုအပ်နိုင်ပါတယ်။ အနားသတ်အချင်းရှေ့ရောက်တာမျိုးဆိုရင် မွေးခါနီးအချိန်ထိ မသိတာမျိုးတွေဖြစ်တတ်ပါတယ်။ ကိုယ်ဝန်တတိယ 2 လပတ်မှာ နာကျင်မှုမရှိဘဲ သွေးဆင်းတာကလည်း အချင်းရှေ့ရောက်တာဖြစ်နိုင်တယ်လို့ ဖော်ညွှန်းပေးနိုင်ပါတယ်။
ကိုယ်ဝန် 20 ပတ်မတိုင်မီ အချင်းရှေ့ရောက်နေတဲ့အခြေအနေအများစုဟာ ကိုယ်ဝန်ရင့်လာသည်နှင့် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားလေ့ရှိပါတယ်။ အကယ်၍ အချင်းဟာသနေ္ဓသားလောင်းရဲ့ ဦးခေါင်းနောက်ကိုရောက်နေပါကလည်း အချင်းရှေ့ရောက်တာကို မသိလိုက်ဘဲဖြစ်တတ်ပါတယ်။
အချင်းရှေ့ရောက်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဆရာဝန်မှ လက်ချောင်းကိုအသုံးပြု၍ မိန်းမကိုယ်ကို စမ်းသပ်ခြင်းမျိုးကို ပြုလုပ်လေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အချင်းပြဲသွားပြီး သွေးဆင်းများတာမျိုးဖြစ်တတ်လို့ပါပဲ။
နာကျင်မှုမရှိဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်းအဖြစ် အခြားလက္ခဏာတွေကတော့ -
- ကိုယ်ဝန်ဒုတိယ 3 လပတ်တွင် အချင်းအောက်ရောက်နေသည်ကို ဝမ်းဗိုက်ဓာတ်မှန်တွင်တွေ့ရှိရခြင်း
- မိန်းမကိုယ်တွင်း တယ်လီဗွီရှင်းဓာတ်မှန်တွင် အချင်းရှေ့ရောက်နေခြင်းတို့ဖြစ်ပါတယ်။
ကုသခြင်းနှင့် ကာကွယ်ခြင်း
အချင်းရှေ့ရောက်တဲ့အနေအထားကို ကာကွယ်လို့မရဘူးဆိုပေမယ့် ဖြစ်နိုင်ချေမြင့်မားတဲ့ အမျိုးသမီးတွေအနေနဲ့ ဆိုးကျိုးတွေ မခံစားရစေဖို့ကိုတော့ လုပ်ဆောင်နိုင်ပါတယ်။
အချင်းရှေ့ရောက်တာကို ကုသရာမှာ ရောဂါလက္ခဏာတွေသက်သာစေဖို့နဲ့ ကိုယ်ဝန် 36 ပတ်ပြည့်ဖို့ အဓိကထားလေ့ရှိတယ်။ ကုသခြင်းရဲ့ရည်၇ွယ်ချက်မှာ တတ်နိုင်သမျှကိုယ်ဝန်လရင့်ချိန်မှာ အန္တရာယ်မရှိဘဲ ခွဲမွေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကုသမှုဟာအောက်ပါအချက်တွေမှာ မူတည်လေ့ရှိပါတယ်။
- သွေးဆင်းမှုအကြိမ်ရေနှင့် ပမာဏ
- အချင်းရှေ့ရောက်မှုအနေအထား
- သားအိမ်ထဲရှိ သနေ္ဓသားလောင်းရဲ့ အနေအထား
- သားအိမ်ပြင်ပတွင် သနေ္ဓသားအနေနဲ့ အသက်ရှင်နိုင်ချေရှိ/မရှိ
- ကိုယ်ဝန်ဆောင်ဖူးသည့် အကြိမ်အရေအတွက်
- ကလေးမွေးဖို့ ဗိုက်စနာခြင်းရှိ/မရှိ
အချင်းရှေ့ရောက်တယ်လို့ သိလိုက်တာနဲ့တစ်ပြိုင်နက် ထပ်မံသွေးဆင်းခြင်းနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေဟာ အိပ်ရာပေါ်မှာသာ လဲလျောင်းနေသင့်ပါတယ်။ သားအိမ်စမ်းသပ်မှုများနဲ့ ကာမစပ်ယှက်မှုတွေဟာ မိန်းမကိုယ်အဝနဲ့ သားအိမ်နံရံကို ထိခိုက်စေနိုင်တာကြောင့် ထိုအပြုအမူတွေကိုရှောင်ကြဉ်သင့်ပါတယ်။
နေ့စေ့လစေ့ဖြစ်လာပါက (သို့) သွေးဆင်းမှုများပြားလာပါက ခွဲမွေးသင့်ပါတယ်။ ရိုးရိုးမွေးဖွားပါက အချင်းပြဲခြင်းနဲ့ သွေးထွက်လွန်ခြင်းကြောင့် မိခင်ရောကလေးမှာပါ အန္တရာယ်ရှိနိုင်ပါတယ်။
အချင်းရှေ့ရောက်နေတာကို စောစောစီးစီးကြိုသိပါက ယခင်ကလို မိခင်နှင့်ကလေးအပေါ်မှာ ဒုက္ခမပေးနိုင်တော့ပါဘူး။ အကြီးမားဆုံးအန္တရာယ်ကတော့ သွေးဆင်းများတာကြောင့် နေ့မစေ့ဘဲ ကလေးမွေးနိုင်တာတစ်ခုပဲဖြစ်ပါတယ်။
Dr. Thinzar Wynn






























