/
node/4819

ဆေးရုံအခြေပြု တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဗဟိုအဆင့် စတင်ဆောင်ရွက်ခြင်း ဖွင့်ပွဲပြုလုပ်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

          မြန်မာနိုင်ငံအနှံအပြားရှိ ဆေးရုံများထဲမှ ဆေးရုံ (၉၈) ရုံတွင် ကာကွယ်ဆေးးထိုးလုပ်ငန်းများကို ဆောင်ရွက်သွားရန် စတင်သည့် ဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနားကို မေလ (၅) ရက်နေ့တွင် ရန်ကုန်ကလေးဆေးရုံကြီး တိုးချဲ့ဆောင် (၂) အစည်းအေ၀းခန်းမ၌ ကျင်းပခဲ့သည်။

          ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ကို စတင်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကုတင် (၁၀၀) ဆံ့နှင့်အထက် ဆေးရုံကြီး (၉၈) ရုံတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုးချဲ့ကာကွယ်ဆေးအမျိုးအစားများတွင် BCG ၊ ဆုံစို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ပြင်းထန်ဦးနှောက်အမြှေးရောင်၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ၀က်သက်နှင့် ဂျိုက်သိုး စသည့် ကာကွယ်ဆေးအမျိုးအစား (၁၀) မျိုးကို မွေးစမှ ၁နှစ်ခွဲအထိ ကလေးများနှင့် ကာကွယ်ဆေး မထိုးလိုက်ရ၍ ကာကွယ်ဆေး လိုအပ်သော (၃) နှစ်မှ (၅) နှစ်အရွယ်ထိ ကလေးများအား ထိုးပေးသွားရန် ဆောင်ရွက်မည်ဖြစ်သည်။

          "ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ဟာ ပြည်သူလူထုက ကာကွယ်ဆေးကို ပိုမိုလက်လှမ်းမှီစေရန်နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းကို ဆောင်ရွက်ပေးရန် အမြဲအသင့်ရှိစေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ခြင်းဖြစ်ပြီး အကြောင်းကြောင်းကြောင့် ကာကွယ်ဆေး အပြည့်အ၀ မရရှိခဲ့တဲ့ကလေးများကို ကာကွယ်ဆေးအားလုံး အကြိမ်ပြည့်၀ရရှိနိုင်အောင် ဖန်တီပေးမယ့် အခွင့်အရေးပါ ရရှိစေမှာဖြစ်ကြောင်း" ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

          "တိုးချဲ့ကာကွယ်ဆေး အမျိုးအစားများတွေမှာ BCG ခေါ် မွေးစ (သို့မဟုတ်) ၂ နှစ်မှာထိုးတဲ့ ကာကွယ်ဆေး သူက တစ်ကြိမ်ပဲ ထိုးပါတယ်။ (၃) ကြိမ်ထိုးတဲ့ဆေးတွေ ရှိပါတယ်။ အဲ့ဒါက (၅) မျိုးပါ ဆုံစို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါ အဲ့ဒါအပြင် ပိုလီယို ပါတယ်။ နောက်တစ်ခါ ပြင်းထန်အဆုတ်ရောင်နဲ့ PCV လို့ခေါ်တဲ့ (၇) မျိုးလုံးကို ကျွန်မတို့ ၂ လ၊ ၄ လ၊ ၆ လမှာ ထိုးပေးပါတယ်။ ၉ လနဲ့ ၁၈ လမှာက ၀က်သက်နဲ့ ဂျိုက်သိုး ထိုးပါတယ်။ မွေးစကနေ ၁ နှစ်ခွဲအထိ ထိုးပေးပါတယ်။ ကာကွယ်ဆေးမရတဲ့ ကလေးတွေက ၃ နှစ်ကနေ ၅ နှစ်အထိ ဆရာ၀န်ကနေ သင့်တော်တဲ့ဆေးကို ညွှန်ကြားပေးလို့ ရပါတယ်။ သူ့ရဲ့အသက်နဲ့သူ ထိုးထားတဲ့အကြိမ်အပေါ် မူတည်ပြီး ဆေးရုံက ဆရာ၀န်က ဆုံးဖြတ်ပါမယ်။ ကလေးငယ်တစ်ယောက်အတွက် ပျှမ်းမျှအားဖြင့် ကာကွယ်ဆေး (၁၀) မျိုးအတွက် တစ်ယောက်ကို ဒေါ်လာ ၅၀ ကုန်ပါတယ်။ နိုင်ငံတော်အစိုးရက ဒီနှစ် ၂၀၁၆-၂၀၁၇ ခုနှစ်အတွက်ကို ၆.၇ဒေါ်လာ သုံးစွဲပေးပါတယ်။ ကျန်တာကတော့ ဂါဗီဆိုတဲ့အဖွဲ့က သုံးပေးပါတယ်။ စုစုပေါင်း ၄၃ ဒေါ်လာလောက် သုံးပေးတာပေါ့နော်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့၀င်ငွေ တိုးတက်လာတာနဲ့အမျှ နောက် ၈ နှစ် ၂၀၂၅ ခုနှစ်မှာ အစိုးရကပဲ အပြည့်အ၀ တာ၀န်ယူရမှာ ဖြစ်ပါတယ်။ အဲ့ခါကျရင်တော့ အစိုးရက ကလေးတစ်ယောက်အတွက် ဒေါ်လာ ၅၀ နဲ့အထက် အကုန်ကျခံသွားမှာ ဖြစ်ပါတယ်။

        ပုံမှန်အားဖြင့်က ကျွန်မတို့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ကို လစဉ်ဆောင်ရွက်ပါတယ်။ အဓိက ဆောင်ရွက်တာကတော့ အခြေခံကျန်းမာရေး၀န်ထမ်းတွေလို့ခေါ်တဲ့ ကျေးရွာရပ်ကွက်တွေမှာ တာ၀န်ထမ်းဆောင်နေတဲ့ သားဖွားဆရာမတွေပါ။ များသောအားဖြင့် လ ၁ လရဲ့ ပထမပတ်မှာ သူတို့လုပ်ငန်း ဆောင်ရွက်ပါတယ်။ ပထမ ၁ ရက်၊ ၂ ရက်နေမှာတော့ ဆေးခန်းတွေမှာ သူတို့က ကာကွယ်ဆေးထိုးတယ်။ တိုက်ပါတယ်။ ပြီးရင်တော့ သူတို့က ရွေ့လျားစုရပ်လို့ခေါ်တဲ့ ရွာတွေကို ကွင်းဆင်းသွားတယ်ပေါ့နော်။ အဲ့ဒါ ၄ ရက်ကနေ ၅ ရက်ထိ ကြာတတ်ပါတယ်။ သူတို့မှာရှိတဲ့ ရွာတွေကို မူတည်ပြီးတော့ပါ။ ကျွန်မတို့ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးလွှမ်းခြုံမှုက တစ်နိုင်ငံလုံးအနေနဲ့ကတော့ အများဆုံးအနေနဲ့တော့ (၈၀) ရာခိုင်နှုန်းပေါ့နော်။ တချို့ အများဆုံးကာကွယ်ဆေးတွေမှသာ (၉၀) ရာခိုင်နှုန်း ရှိပါတယ်။ ဆိုတော့ (၁၀) ရာခိုင်နှုန်းနဲ့ (၂၀) ရာခိုင်နှုန်းလောက်က သူက နှစ်စဉ် နှစ်စဉ်မရကြပါဘူး။ ယေဘုယျအားဖြင့်ဆိုရင် သူက အုပ်စု (၂) စု ရှိပါတယ်။ တစ်စုကတော့ ေ၀းလံခက်ခဲတဲ့နေရာတွေမှာ နေကြတယ်။ ဥပမာ - စစ်တွေဖြစ်တဲ့နေရာနဲ့ လမ်းပန်းသွားလာမှု ခက်တဲ့နေရာက ကလေးငယ်တွေနဲ့ မြိ်ု့ပေါ်ဆင်ခြေဖုံးရပ်ကွက်တွေမှာ ရှိနေကြတဲ့ ရွေ့လျားနေတဲ့အုပ်စုတွေက ကလေးငယ်တွေပါ။ အဲ့ဒီ့ကလေးငယ်တွေက ကာကွယ်ဆေးကို အပြည့်အ၀ မရကြပါဘူး။ ရွေ့လျားအုပ်စုမှာရှိတဲ့ဦးရေက ခုနက ခက်ခဲတဲ့ဒေသမှာနေတဲ့ ကလေးတွေထက် ပိုများတယ်၊ ပိုများတော့ ကျွန်မတို့က ကောင်းပြီ၊ ဒါဆို မိဘတွေကို ကျွန်မတို့က information တွေ ပေးမယ်။ အကြောင်းကြားမယ်ပေါ့နော်။ ကာကွယ်ဆေး (၁၀) မျိုး ထိုးပေးနေတယ်၊ အဲ့ကာကွယ်ဆေး (၁၀) မျိုးကနေမှ သေစေလောက်တဲ့ရောဂါတွေကို ကာကွယ်ပေးတယ်။ အဲ့ဒီ့ကာကွယ်ဆေးတွေ ထိုးပေးလို့ ရောဂါမဖြစ်တဲ့အတွက် ကလေးက ပုံမှန်ကြီးထွားမယ်၊ နောက်ပြီးတော့ ဉာဏ်ပညာကောင်းမယ်၊ အသက်မဆုံးရှုံးဘူး၊ နာတာရှည်မဖြစ်ဘူး၊ မိသားစုအတွက်လည်း ပိုပြီးတော့ အကျိုးရှိမယ်ပေါ့နော်။

          ဆေးရုံတွေရဲ့ အပြည့်အ၀စောင့်ရှောက်မှုထဲမှာ ကုသတာတင် မဟုတ်ဘဲ ကလေးရဲ့ လိုအပ်ချက်တွေကိုပါ အပြည့်အ၀ ဖြည့်ဆည်းပေးလိုက်ရမယ်။ ဥပမာ - အာဟာရ မကောင်းရင် အာဟာရ ပေးလိုက်နိုင်မယ့် ကျန်းမာရေးစောင့်ရှောက်မှုမျိုး ဖြစ်သင့်တဲ့အချိန်မှာ ကာကွယ်ဆေးမရမှန်းသိရင် ကာကွယ်ဆေး ပေးလိုက်နိုင်မယ့် ဆေးရုံကြီးတွေ ဖြစ်သင့်ပါတယ်။ အဲ့ဒီတော့ အဲ့နည်းလမ်းနဲ့ ကျွန်မတို့အားလုံးက ဒီ၀န်ကြီးဌာနကနေပြီးတော့ ဆေးရုံတွေမှာ ကာကွယ်ဆေးထိုးစုရပ်တွေကို ဖွင့်ဖို့အတွက်ဆိုပြီး ဆုံးဖြတ်ချက်ချပါတယ်။ တခြားနိုင်ငံတွေ တော်တော်များများမှာလည်း ရှိပါတယ်။ တချို့နိုင်ငံတွေ တိုးတက်ပြီးတဲ့နိုင်ငံတွေမှာလည်း ရှိပါတယ်။ ဒါက ကျန်းမာရေး၀န်ကြီးဌာနရဲ့ ပထမနှစ်ရဲ့ စီမံချက်ထဲမှာလည်း ပါ၀င်ပါတယ်။ ရန်ကုန်တိုင်းကတော့ အများဆုံးပါပဲ။ စုစုပေါင်း (၁၄) ရုံ ရှိပါတယ်။ ကျန်တဲ့ပြည်နယ်တိုင်း အားလုံးပေါင်း (၁၇) ခုစလုံးပါပဲ။ ကုတင် (၁၀၀) အထက်ပါ။ ဆေးရုံပေါင်း (၁၀၀) လို့ မှန်းထားပေးမယ့် စုစုပေါင်း (၉၈) ရုံ ရှိပါတယ်။ အဲ့ဒါ ကုတင် (၁၀၀) နဲ့အထက် ဗဟိုဆေးရုံတွေချည်းပါပဲ။ အခြား၀န်ကြီးဌာနက ဆေးရုံတွေ မပါသေးပါဘူး။ ဥပမာ - တပ်မတော်ဆေးရုံတို့၊ အလုပ်သမားဆေးရုံတို့ အဲ့ဒါတွေတော့ မပါသေးပါဘူး။ အဲ့ဒါတွေအတွက်လည်း ကျွန်မတို့ ဆက်ပြီးတော့ ဆောင်ရွက်ရမှာပါ။ နောက် မြို့နယ်ဆေးရုံတွေမှာလည်း အပတ်စဉ် ထိုးသွားလို့ရအောင် ကျွန်မတို့ ကြိုးစားရဦးမှာပါ" ဟု ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ပြောသည်။

          မြန်မာနိုင်ငံရှိ (၅) နှစ်အောက်ကလေးများတွင် သေဆုံးမှု အများဆုံးသော ကူးစက်ရောဂါမှ အကာအကွယ်ပေးနိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံမှုကို ကလေးတိုင်း အပြည့်အ၀ရရှိရေးသည် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း သိရသည်။

 

May Su Hlaing

www.drmyanmar.com