ကိုဒင်း (Codeine) သည် အသက် 12 နှစ်အောက် ကလေးများတွင် သောက်သုံးပါက အန္တရာယ်ရှိဟု အမေရိကန် FDA သတိပေး
အရင်တုန်းကတော့ ကလေးငယ်တွေမှာ ကိုဒင်းပါ၀င်တဲ့ ဆေးတွေကို မတိုက်ကျေွးသင့်မှန်း သိကြပေမယ့် ယခုအခါ အသက် 12 နှစ်ထိအောင် ကိုဒင်း (သို့) ထရာမဒေါ (tramado) ပါ၀င်တဲ့ဆေးတွေကို မသောက်သုံးသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (US FDA)က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အကြောင်းမှာ ကိုဒင်း (သို့) ထရာမဒေါ ပါ၀င်တဲ့ဆေးတွေဟာ ကလေးတွေရဲ့ အသက်ရှူနှုန်းကို နှေးကွေးစေတာကြောင့် အချို့သော ဆိုးဆိုးရွားရွားဖြစ်စဉ်တွေမှာ အသက်အန္တရာယ်ပင် ရှိနိုင်ပါတယ်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (US FDA) ရဲ့ ထုတ်ပြန်ချက်အသစ်မှာ -
• အ၀လွန်ခြင်း၊ အိပ်နေစဉ်အတွင်း အသက်ရှူရပ်ခြင်း၊ အဆုတ်ရောဂါရှိခြင်း အစရှိတဲ့ ရောဂါရှိတဲ့ အသက် 12-18 နှစ်အတွင်း ကလေးများ
• အာသီးဖြတ်ထားရတဲ့ အသက် 18 နှစ်အောက် ကလေးများ
• နို့တိုက်ကျေွးနေတဲ့ မိခင်များမှာလည်း ကိုဒင်း မသောက်သုံးသင့်တဲ့သူများပဲ ဖြစ်ပါတယ်။
အထက်ပါ ထုတ်ပြန်ချက်တွေမှာ အသစ်တွေဖြစ်ပေမယ့်လည်း အံ့သြစရာတော့ မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ကိုဒင်းပါတဲ့ဆေးတွေကို ညွှန်ကြားရာမှာ ဆရာ၀န်တွေက အမြဲသတိထားပြီး ပေးလေ့ရှိလို့ပါပဲ။
နို့ချိုတိုက်ကျေွးနေတဲ့ မိခင်တွေအနေနဲ့ ကိုဒင်း (သို့) ထရာမဒေါ ပါ၀င်တဲ့ဆေးတွေကို သောက်သုံးမိပါက နို့ချိုတိုက်ကျေွးရာမှတစ်ဆင့် ကလေးထံသို့ရောက်ကာ အိပ်ငိုက်ခြင်း၊ နို့စို့ရခက်ခဲခြင်းနဲ့ အသက်ရှူရခက်ခဲခြင်း ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မသင်္ကာမှု တစ်စုံတစ်ရာတွေ့ရှိပါက ဆရာ၀န်ထံ ချက်ချင်းသွားရောက် ပြသသင့်ပါတယ်။
>> ကလေးငယ်တွေ ချောင်းဆိုး၊ နှာစေးရင် ဘာလုပ်မလဲ?
• ညအိပ်တဲ့အချိန်မှာ ခေါင်းအုံးမြင့်မြင့်အုံးခိုင်းပြီး ကလေးငယ်ရဲ့ခေါင်းကို မြှင့်ပေးထားခြင်းဖြင့် ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။
• ရေများများတိုက်ခြင်းဖြင့် နှာပိတ်ခြင်းနဲ့ ချွဲကြပ်ခြင်းကို သက်သာစေပါတယ်။
• ကိုဒင်းမပါတဲ့ဆေးများကို ဆရာ၀န်ညွှန်ကြားချက်နဲ့အညီ တိုက်ကျေွးနိုင်ပါတယ်။
• ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းများအတွက် ရေနွေး (သို့) လီမွန်လက်ဖက်ရည်နွေးနွေးကို ပျားရည်နဲ့ရောပြီး တိုက်နိုင်ပါတယ်။ (သတိပြုရန် - အသက် 1 နှစ်အောက် ကလေးများကို ပျားရည် မတိုက်ကျေွးသင့်ပါ။)
• အသက် 3 နှစ်အထက် ကလေးများ၌မူ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းများ သက်သာစေဖို့ ချောင်းဆိုးပျောက်ဆေးရည် (သို့) ငုံဆေးပြားများကို တိုက်ကျေွးနိုင်ပါတယ်။
နာကျင်မှုေ၀ဒနာများအတွက် ပါရာစီတမောကဲ့သို့ အခြားအကိုက်အခဲ ပျောက်ဆေးများကို ဆရာ၀န်ညွှန်ကြားချက်နဲ့အညီ တိုက်ကျေွးနိုင်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























