/
node/5115

အမျိုးသမီးများတွင် ဖြစ်လေ့ရှိတဲ့ ဆီးမထိန်းနိုင်သောပြသနာများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

>> ဆီးမထိန်းနိုင်ဘူးဆိုတာ ဘာကိုပြောတာလဲ

          ဆီးမထိန်းနိုင်တာက ဒုက္ခရောက်စေတဲ့ပြသနာတစ်ခုပါပဲ၊ ဘယ်အချိန်ဘယ်နေရာမှာ ရုတ်တရက် ဆီးထွက်ကျမလဲဆိုတာကို မသိနိုင်တဲ့အတွက် အလုပ်အပါအဝင် နေ့စဉ်ဘဝမှာ ပြသနာတွေကြုံတွေ့ရစေနိုင်ပါတယ်။ ဒီပြသနာက အမျိုးသမီးရောအမျိုးသားတွေမှာပါ ဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ လေ့လာမှုတွေအရ အသက်ကြီးလာတဲ့အမျိုးသမီး တစ်ဝက်လောက်က ဆီးမထိန်းနိုင်တဲ့ ပြသနာနဲ့ကြုံတွေ့နေရတယ်လို့ တွေ့ရှိရပါတယ်။

ဆီးမထိန်းနိုင်တဲ့အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ ဒါတွေကတော့ -

1. Stress incontinence ( ဖိအားကြောင့် ဆီးထွက်ကျခြင်း)

         ရယ်တဲ့အခါ၊ နှာချေချောင်းဆိုးတဲ့အခါ၊ ဆတ်ခနဲလှုပ်လိုက်တဲ့အခါ (သို့) အလေးအပင်မတဲ့အခါတွေမှာ ဆီးနည်းနည်းထွက်ကျတာမျိုးကို stress incontinence လို့ခေါ်ပါတယ်ယ။ ဒါက အမျိုးသမီးငယ်တွေမှာ အဖြစ်များတဲ့ ဆီးပြသနာတစ်ခုဖြစ်ပါတယ်။

ဖြစ်ပွားရသောအကြောင်းအရင်းများ

======

 

         ဆီးအိမ်အပေါက်ဝနားမှာရှိတဲ့ ကြွက်သားနဲ့ တစ်သျှူးတွေအားနည်းလာခြင်းကြောင့် stress incontinence ဖြစ်ရပါတယ်။ ဆီးအိမ်ကို ဖိအားသက်ရောက်ပြီး ဆီးအိမ်အပေါက် သေချာမပိတ်သေးတဲ့အခါမှာ ဆီးထွက်ကျလာပါတယ်ယ။ ရယ်ခြင်း၊ ချောင်းဆိုးခြင်းကြောင့် ဖြစ်လာတဲ့ ဖိအားတွေက ဆီးထွက်ကျစေပါတယ်။ ကြွက်သားအားနည်းစေတဲ့အကြောင်းတွေကတော့ အဝလွန်လာတဲ့အခါမှာ ကြွက်သားများဆွဲဆန့်ခံရခြင်း၊ အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာရခြင်း၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးရိုးရိုးမွေးချိန်မှာ ကြွက်သားတွေဒဏ်ဖြစ်သွားတဲ့အတွက် အားနည်းစေနိုင်ပါတယ။

2. ဆီးပေါက်ချင်လာရင် လုံးဝထိန်းလို့မရတော့ခြင်း (urge incontinence)

         ဆီးပေါက်ချင်လာပြီဆိုရင် အိမ်သာရောက်အောင်မစောင့်နိုင်တော့ဘဲ လမ်းမှာပဲချက်ချင်းထွက်ကျတာမျိုးကိုတော့ urge incontinence လို့ခေါ်ပါတယ်။ ဒါက ရေစီးသံကြားရင် (သို့) ပိုက်နဲ့ အရည်စုပ်ပြီးသောက်တဲ့အသံကြားရင် မထိန်းနိုင်တာမျိုးဖြစ်တတ်သလို ဘာအကြောင်းမှမရှိဘဲလည်းဖြစ်တတ်ပါတယ်။ ဒါကတော့ ရှူးတွေအများကြီးလမ်းမှာထွက်သွားစေနိုင်ပါတယ်။

ဖြစ်ပွားရသောအကြောင်းအရင်းများ

========

         အာရုံကြော (သို့) ကြွက်သားကိုထိခိုက်မှုတစ်ခုခုကြောင့် ဆီးအိမ်ကြွက်သားတွေကို မထိန်းနိုင်တော့ဘဲ ကျုံ့ခြင်းကြောင့်ဖြစ်ပါတယ်။ လေဖြတ်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ဆီးအိမ်ရောင်ခြင်းစတာတွေကြောင့် ဆီးအိမ်ကြွက်သားတွေ ပျက်စီးနိုင်ပါတယ်။

3. ဆီးအိမ်တက်ကြွလွန်းခြင်း (overactive bladder)

         ဒါကတော့ ရုတ်တရက် မကြာခဏ ဆီးပေါက်ရတာပါ။ ဒါကြောင့်တော့ လူတိုင်း ဆီးမထိန်းနိုင်တာဆီးထွက်ကျတာမဖြစ်စေပါဘူး။ ဒီလို ဆီးအိမ်ရှိတဲ့ အမျိုးသမီးအများစုက ဆီးပေါက်ချင်လာရင် အိမ်သာရောက်တဲ့အထိ ထိန်းထားနို်င်ပါတယ။ ဒီမှာ အဓိကပြသနာကတော့ ဆီးထွက်ကျတာမဟုတ်ဘဲ အိမ်သာခဏခဏသွားနေရတာက ပြသနာပါ။

>> ဆီးမထိန်းနိုင်ခြင်းကို ပိုဆိုးစေသော ဆေးဝါးများ

         အချို့သောဆေးတွေက ဆီးမထိန်းနိုင်မှုကို ဖြစ်စေနိုင်သလို ပိုဆိုးစေနိုင်တာမျိုးလည်းရှိပါတယ်။ အမျိုးသမီးတွေမှာ အချို့သော သွေးတိုးစေတဲ့စေတွေက ဆီးအိမ်ကြွက်သားတွေကို လျော့သွားစေပြီး ဆီးထွက်ကျစေနိုင်ပါတယ်။ အချို့သော စိတ်ကျရောဂါကုဆေးဝါးတွေက ဆီးပြသနာကို ပိုဆိုးစေပြီး အချို့ကတော့ သက်သာစေပါတယ်။ ဆီးဆေးတွေကတော့ ဆီးပိုဖြစ်စေတဲ့အတွက် ဆီးမထိန်းနိုင်တဲ့ပြသနာကိုပိုဆိုးစေပါတယ်။

>> စိတ်ပိုင်းဆိုင်ရာပြသနာများ

          ဆီးထွက်ကျတာက အန္တရာယ်မရှိပေမယ့် စိတ်ပိုင်းဆိုင်ရာပြသနာတွေရှိပါတယ်။ သုတေသီတွေက ဆီးမထိန်းနိုင်တဲ့ ပြသနာရှိတဲ့အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခြင်း၊ လိင်ပိုင်းဆိုင်ရာတက်ကြွမှုနည်းခြင်း၊ စိတ်ကျရောဂါဖြစ်နိုင်ချေများခြင်း စတဲ့ပြသနာတွေရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒါက စိတ်ပျက်စရာမဟုတ်ပါဘူ။ ဆိီးမထိန်းနို်င်တဲ့ပြသနာကို ကုသလို့ရပါတယ်။

         ဘာကြောင့် ဆီးမထိန်းနိုင်လဲဆိုတာကို သေချာရှာဖို့လိုပါတယ်။

         ဆရာဝန်နဲ့ ပြပြီး ရောဂါဇစ်မြစ်ကို ဖော်ထုတ်ရပါမယ်။

            ရောဂါရှာဖွေဖို့အတွက် စစ်ဆေးနည်းအမျိုးမျိုးရှိပါတယ်။ အာထရာဆောင်းရိုက်ခြင်းဖြင့် ဆီးအိမ်နဲ့ ဆီးပြွန်တွေကို ကြည့်နိုင်ပါတယ်။ တစ်နေ့ကို ဆီးဘယ်လောက်သွားလဲ၊ ဆီးအိမ်ဖိအားဘယ်လောက်ရှိလဲစတာတွေကိုလည်း တိုင်းတာနိုင်တဲ့ ဆေးစစ်နည်းတွေရှိပါတယ်။ သံလိုက်ဓာတ်မှန်လည်းရီုက်နိုင်ပါတယ်။

>>သိပ်မပြင်းထန်တဲ့ ဆီးပြသနာကို ဘယ်လို ထိန်းချုပ်ကြမလဲ။

           ရေလျှော့သောက်ပါ။ ကော်ဖီ၊လက်ဖက်ရည်စတဲ့ ကဖင်းဓာတ်ပါတဲ့အရည်တွေနဲ့ ဆိုဒါတွေကို ရှောင်ကြဉ်ပါ။ ဒါပေမယ့်လည်း ရေဓာတ်မခမ်းခြောက်စေဖို့အတွက် လုံလောက်တဲ့ရေပမာဏတော့သောက်ရှုပါမယ်။ နောက်တစ်နည်းကတော့ သေးပေါက်ချင်ချင် မချင်ချင် ၂-၄ နာရီတစ်ခါ ဆီးသွားပေါက်ပေးပါ။

>> ကြွက်သားလေ့ကျင့်ခန်းများ ( Kegel Exercise)

           ဖိအားကြောင့်ဖြစ်တဲ့ ဆိီးမထိန်းနိုင်ခြင်းတွေက ကြွက်သားတွေအားနည်းလို့ဖြစ်တာဖြစ်တဲ့အတွက် ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးရပါမယ်။ မိန်းမကိုယ်မှာရှိတဲ့ကြွက်သားတွေကို ခိုင်မာအောင်လုပ်ရပါမယ။် ဒီကြွက်သားတွေကို ၁၀ စက္ကန့်လောက်ညှစ်ထားပေးပြီး ပြန်လျှော့ပါ။ နေ့စဉ် ၃-၄ ကြိမ်လုပ်ပေးပါ။ ဒီကြွက်သားတွေသန်မာလာရင် ဆီးအိမ်ကို ထိန်းချုပ်နိုင်ပါပြီ။ နောက်တစ်နည်းကတော့ ဆီးပေါက်နေတုန်းရပ်လိုက်၊ ပြန်ပေါက်လိုက်လုပ်ပြီးကျင့်လို့ရပါတယ်။ ဒါကတော့ ရောဂါပိုးဝင်နိုင်ချေရှိတဲ့အတွက် ဘယ်လိုကျင့်ရမယ်ဆိုတာကို သေချာသိမှ ကျင့်သင့်ပါတယ်။

>> မိန်းမကိုယ်ထဲကွင်းထည့်ခြင်း

          နေထိုင်မှုပုံစံပြောင်းလဲတာတွေ၊ လေ့ကျင့်ခန်းတွေနဲ့ မရဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး သားအိမ်ထဲကို ကွင်းထည့်လို့ရပါတယ်။ ဒီကွင်းကို အမြဲထည့်ထားလို့ရသလို၊ အလုပ်ပြင်းပြင်းထန်ထန်လုပ်ရမှာလိုမျိုးအချိန်မျိုးမှ ထည့်လည်းရပါတယ်။

>> ဆီးအိမ်ကို ကျင့်ပေးခြင်း

          ဖိအားတစ်ခုခုကြောင့်ဆီးထွက်ကျခြင်း၊ ဆီးမထိန်းနိုင်ခြင်းတွေမှာ ဆီးအိမ်ကို ကျင့်ပေးခြင်းနည်းလမ်းက အထောက်အကူဖြစ်စေပါတယ်။ ဘယ်အချိန်ဆီးထပေါက်ရလဲ၊ ဘယ်အချိန်မျိုးမှာ ဆီးထွက်ကျလဲဆိုတာကို ဇယားဆွဲထားပါ။ ဒီပုံစံကို သေချာကြည့်ပြီး ဆီးမထွက်ကျခင်မှာ အိမ်သာရောက်အောင်သွားထားနှင့်လို့ရပါတယ်။ ဆီးအောင့်ထားခြင်းဖြင့်လည်း အိမ်သာသွားတဲ့အချိန်ကို ဆွဲဆန့်ထားနိုင်ပါတယ်။

>> ဆေးဝါးများ

         ဆီးအိမ်ကြွက်သားတွေကိုထောက်ပံ့တဲ့အာရုံကြောတွေကို ပိတ်ဆို့ပေးတဲ့ဆေးရှိပါတယ်။ ဆီးအိမ်ကြွက်သားထဲကို ဘိုတောက် ထိုးပေးခြငး်အားဖြင့်လည်း ဆီးအိမ်ကို လျော့စေပြီး ဆီးထိန်းထားနိုင်ါပတယ်။

>> အခြားကုထုံးများ

          ဆေးတွေနဲ့အဆင်မပြေဘူးဆိုရင် ဆီးအိမ်အနားမှာရှိတဲ့ အာရုံကြောတွေကို လှုံ့ဆော်ပေးတဲ့ကိရိယာ၊ လျှပ်စီးနဲ့ ကြွက်သားကျုံ့ခြင်းကို ထိန်းချုပ်တဲ့နည်းလမ်းတွေရှိပါသေးတယ်။ ခွဲစိတ်မှုကုသမှုလည်းပြုလုပ်နိုင်ပါတယ်။

ဆီးမထိန်းနိုင်တဲ့သူတွေအတွက်ထုတ်ထားတဲ့ လူကြီးဝတ်သေးခံတွေ၊ ပလတ်စတစ်ပါတဲ့ အတွင်းခံဘောင်းဘီတွေကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပါတယ်။

>> ကာကွယ်နည်းများ

         ဆီးမထိန်းနိုင်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် kegal လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးပါ။ ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်က နာတာရှည်ချောင်းဆိုးရောဂါရစေပြီး ဆီးအိမ်ကို ဖိအားများစေကာ ဆီးထွက်ကျစေနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)