သားသား၊ မီးမီး ပိန်လှီလှီဖြစ်နေပါသလား?
ပုံမှန်အတိုင်း ကောင်းကောင်းစားသောက်နေတဲ့ ကလေးတွေမှာ ပိန်နေတာဟာ စိုးရိမ်ဖို့မလိုအပ်ပါဘူး။ ကလေးအတော်များများဟာ ငယ်စဉ်တောင်ကျေးဘဝမှာ ပိန်တတ်ကြပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှ တစ်ဖြည်းဖြည်း အသားပြည့်လာတတ်ပါတယ်။ ကလေးအများစုရဲ့ ကြီးထွားမှုဟာ မျို းရိုးဗီဇပေါ် မူတည်တတ်တဲ့အတွက် မိဘတွေရဲ့ငယ်ဘဝမှာ ပိန်လှီခဲ့ကြရင်လည်း ကလေးပါ ပိန်နေတတ်ပါတယ်။
ဒါပေမယ့် ကလေးရဲ့ ကြီးထွားမှုပုံစံဟာ ပုံမှန်နဲ့ သွေဖယ်နေပြီဆိုရင်တော့ ဂရုပြုသင့်ပါပြီ။ ကိုယ်အလေးချိန်တွေ ကျသွားတာ၊ ကိုယ်အလေးချိန် မတက်လာပဲ အရပ်ကြီးထိုးရှည်လာတာမျိုး ဖြစ်လာခဲ့ရင် ကလေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကလေးအစာစားချင်စိတ်ဖြစ်လာအောင် ဘာတွေလုပ်ပေးသင့်သလဲ?
မိဘတွေဟာ ကလေးကို အတင်းအစာကျွေးတာမျိုး မလုပ်သင့်ပါဘူး။ ကလေးအတွက် အာဟာရပြည့်ဝတဲ့ အစာတွေကို စားချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးသင့်ပါတယ်။ တစ်ခါတစ်ရံ ကလေးအစာသိပ်မစားဘူးလို့ ထင်ရပေမယ့် တစ်ကယ်တန်း တွက်ကြည့်လိုက်တဲ့အခါ ထင်တာထက် ပိုစားနေတတ်တာကို တွေ့ရတတ်ပါတယ်။
ဒါ့အပြင် လူကြီးတွေထက် ကလေးတွေမှာ အစာအိမ် ပိုသေးငယ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။ အချို ့ ကလေးတွေဟာ တစ်ခါစားရင် သုံး၊လေးလုတ်ထက် ပိုမစားနိုင်တာမျိုး ရှိတတ်ပါတယ်။ ဒါေကြာင့် တစ်နေ့ကို အကြိမ်အရေအတွက် များများကျွေးသင့်ပါတယ်။ ကလေးတစ်ယောက်ဟာ တစ်ရက်ကို ၆ကြိမ်ခန့် စားသင့်တာဟာ ပုံမှန်ဖြစ်ပါတယ်။ ဒါကြောင့် ကြားချိန် သရေစာစားချိန်မှာ အာဟာရမရှိတဲ့ မုန့်တွေကျွေးမယ့်အစား သစ်သီးဝလံတွေ၊ ချိစ်၊ ကရက်ကာ၊ ဒိန်ချဉ်၊ မြေပဲယို၊ ပေါင်မုန့်ကြမ်း၊ ကိတ်မုန့်၊ အသီးဖျော်ရည်၊ မုန်လာဥနီတွေနဲ့ အခြား ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ အစားအစာတွေကို ဖန်တီးပေးသင့်ပါတယ်။ အသီးတွေ၊မုန့်တွေကို မီးဖိုချောင်ထဲမှာ မဟုတ်ပဲ အိမ်ရှေ့ ဧည့်စားပွဲမှာ တင်ထားပေးခြင်းကလည်း အစာစားစေတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
အစားချီးများတဲ့ကလေးတွေအတွက် အစားအသောက်တွေကို ကလေးစားချင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။ အထူးသဖြင့် ကလေးငယ်ငယ်လေးတွေအတွက် ပေါင်မုန့်ကို ကလေးအကြိုက် ပုံစံမျိုးစုံ လုပ်ပေးပြီး သစ်သီယို၊ မြေပဲယိုနဲ့ ခရမ်းချဉ်သီးဆော့စ်တွေကို မျက်နှာပုံစံမျိုးစံပုံဖော်ပေးလို့ ရပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးတတ်စေဖို့အတွက် ကလေးကို စားစရာဝယ်ဖို့ ဈေးခေါ်သွားတာ၊ အသီးအနှံတွေကို အတူစိုက်ကြတာ၊ စားစရာတူတူပြင်ဆင်ကြတာ စတဲ့ နည်းလမ်းမျိုးစုံ ကြိုးစားသင့်ပါတယ်။ ပန်းခြံကလေး အတူတူစိုက်ကြတာမျိုး၊ အိုးနဲ့ဖြစ်စေ၊ ပြတင်းပေါက်ဘောင်ပေါ်မှာဖြစ်စေ ဟင်းခတ်အရွက်တွေ စိုက်ကြတာမျိုးတွေဟာ ကိုယ်တိုင်စိုက်ပျိုးထားတဲ့အတွက် အသီးအရွက်မကြိုက်တဲ့ကလေးကိုတောင် မြည်းစမ်းချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ ကလေးနဲ့ ဈေးအတူတူဝယ်ကြပြီး ကလေးကို ညစာအတွက် ဟင်းရွေးချယ်ခိုင်းတာ၊ ညစာကို အတူတူချက်ပြုတ်ကြတာဟာ ကလေးရဲ့ စားချင်စိတ်ကို နှိုးဆွနိုင်ပါတယ်။
အရေးကြီးတာက ကလေးကို အတင်းအကျပ် အစာကျွေးတာမျိုး မလုပ်မိပါစေနဲ့။ ကလေးအတွက် ကျန်းမာတဲ့ စားသောက်နေထိုင်မှု ပုံစံကို တစ်သက်စာအကျင့်ဖြစ်သွားအောင် လေ့ကျင့်ပေးနေတယ်ဆိုတာ မမေ့ပါနဲ့။မီးဖိုချောင်မှာ ကလေးကြိုက်တတ်တ ဲ့ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုသာ ထားသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























