/
node/5366

လေဖြတ်စေသော အဓိက အကြောင်းအရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဦးနှောက်အစိတ်အပိုင်းတစ်ခုကို သွေးစီးဆင်းမှု ပြတ်တောက်သွားတဲ့အခါမှာ လေဖြတ်ခြင်း ဖြစ်စေပါတယ်။ သွေးထဲမှာ အောက်ဆီဂျင် မရှိတော့ဘူးဆိုရင် ဦးနှောက်ဆဲလ်တွေကလည်း မိနစ် အနည်းငယ်အတွင်းမှာ သေဆုံးစေပါတယ်။ လေမဖြတ်အောင် ကာကွွယ်ဖို့အတွက်ဆိုရင် လေဖြတ်စေတဲ့ အကြောင်းအရင်းတွေကို သိထားဖို့ လိုပါတယ်။

 

>>    လေဖြတ်ခြင်း အမျိုးအစားများ

          အဓိကအကြောင်းရင်း နှစ်မျိုး ရှိပါတယ်။ သွေးစီးဆင်းမှုကို တစ်ခုခုက ပိတ်ဆို့လိုက်ခြင်းကြောင့် (သို့) အကြောင်းတစ်စုံတစ်ရာကြောင့် ဦးနှောက်ထဲမှာ သွေးယိုစီးရင် လေဖြတ်ရပါတယ်။

•       သွေးခဲပိတ်ခြင်းကြောင့် လေဖြတ်ခြင်း - လေဖြတ်တဲ့သူ 10 ယောက်မှာ 8 ယောက်လောက်က ဦးနှောက်ကိုသွားတဲ့ သွေးကြောထဲမှာ သွေးခဲပိတ်နေလို့ လေဖြတ်သွားခြင်း ဖြစ်ပါတယ်။ ဒါက သွေးလွှတ်ကြောတွေမှာရှိတဲ့ အဆီအနယ်အနှစ်တွေက ကြွေပြီးတော့ ဦးနှောက်ဆီကိုသွားရင် (သို့) နှလုံးခုန်မမှန်ခြင်းကြောင့် သွေးစီးဆင်းမှု နည်းတဲ့အခါမှာ သွေးခဲခြင်းတို့ကြောင့် ဖြစ်ပါတယ်။

•       သွေးယိုစီးခြင်းကြောင့် လေဖြတ်ခြင်း - ဒါက သွေးခဲ ပိတ်ထာထက် အဖြစ်နည်းပေမယ့် ပိုပြီးဆိုးရွားပါတယ်။ ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတစ်ခုခုက ဖောင်းပြီး ပေါက်ထွက်သွားတာ ဖြစ်နိုင်သလို အားနည်းနေတဲ့ သွေးကြောကနေ သွေးယိုစိမ့်တာလည်း ဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန် ထိန်းချုပ်မနိုင်ခြင်းနဲ့ သွေးကျဲဆေး အလွန်အကျွံသောက်ခြင်းတို့ကြောင့် ဒီလို သွေးယိုစိမ့်ပြီး လေဖြတ်နိုင်ပါတယ်။

          တချို့လူတွေမှာ သွေးခဲ ခဏပိတ်ခြင်းကြောင့် ခေတ္တလေဖြန်းသွားတာမျိုးလည်း ရှိပါတယ်။ ဒါက ဦးနှောက်ကို အမြဲပျက်စီးခြင်း မဖြစ်စေပေမယ့် လေဖြတ်နိုင်ခြေ ပိုများစေပါတယ်။

 

>>    လေဖြတ်ခြင်း ဖြစ်စေသော အကြောင်းအရင်းများ

•       သွေးတိုးခြင်း - လေဖြတ်စေတဲ့ အကြီးမားဆုံး အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ သွေးပေါင် 140/90 နဲ့ အထက်ဆိုရင် ဆေးကုသမှု ခံယူဖို့ လိုပါပြီ။

•       ဆေးလိပ်နှင့် ဆေးရွက်ကြီး - ဆေးလိပ်သောက်ခြင်း (သို့) ဆေးရွက်ကြီး ဝါးခြင်းတွေက လေဖြတ်ခြင်း ဖြစ်နိုင်ခြေ များပါတယ်။ နီကိုတင်းက သွေးပေါင်တက်စေပါတယ်။ စီးကရက် သောက်ခြင်းကတော့ လည်ပင်းသွေးကြောမမှာ အဆီတွေ ဖြစ်လာစေပါတယ်။ ဒါ့အပြင် သွေးပျစ်စေပြီး ခဲနိုင်ခြေကို များစေပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူခြင်းကတောင်မှ ဒီဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

•       နှလုံးရောဂါ - နှလုံးရောဂါလို့ ဆိုတဲ့နေရာမှာ နှလုံးအဆို့ မကောင်းတာ၊ နှလုံးခုန်နှုန်း အလွန်မြန်ခြင်း (နှလုံးတုန်ခါခြင်း)၊ နှလုံးခုန် မမှန်ခြင်း စတာတွေ အကုန်ပါပြီး အသက်ကြီးသူတွေရဲ့ လေဖြတ်ရတဲ့ အကြောင်းအရင်း 4 ပုံ 1 ပုံလောက်ရဲ့ တရားခံ ဖြစ်ပါတယ်။ သွေးတွင်းထဲက အဆီတွေကြောင့် သွေးကြောပိတ်တာလည်း ဖြစ်နိုင်ပါတယ်။

•       ဆီးချိုရောဂါ - ဆီးချိုရောဂါရှိသူတွေက သွေးတိုးနဲ့ အဝလွန်ခြင်းပါ တွဲပြီးရှိကြပါတယ်။ 2 မျိုးစလုံးက လေဖြတ်နိုင်ခြေ များပါတယ်။ ဆီးချိိုရောဂါကြောင့် သွေးကြောတွေ ထိခိုက်စေပြီး လေဖြတ်စေနိုင်ပါတယ်။ သွေးတိုးတဲ့အချိန်မှာ သွေးတွင်းသကြားဓာတ်ကလည်း များနေမယ်ဆိုရင် ဦးနှောက်ကို ထိခိုက်မှုလည်း ပိုများပါတယ်။

•       ကိုယ်အလေးချိန်နှင့် လေ့ကျင့်ခန်း - အဝလွန်တဲ့သူတွေမှာ လေဖြတ်နို်င်ခြေ ပိုများပါတယ်။ လေဖြတ်ခြင်းအန္တရာယ်ကို လျော့ကျစေဖို့အတွက် နေ့စဉ်လေ့ကျင့်ခန်း လုပ်ရပါမယ်။ တစ်နေ့ကို မိနစ် 30 လောက် လမ်းမြန်မြန်လျှောက်တာပဲဖြစ်ဖြစ်၊ ကြွက်သားလေ့ကျင့်ခန်းတွေဖြစ်တဲ့ ဒိုက်ထိုးခြင်း (သို့) အလေးမခြင်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။

•       ဆေးဝါးများ - တချို့သော ဆေးဝါးတွေကြောင့်လည်း လေဖြတ်နိုင်ခြေ များစေပါတယ်။ ဥပမာအားဖြင့် သွေးခဲခြင်းကို ကာကွယ်ဖို့အတွက်သောက်တဲ့ သွေးကျဲဆေးတွေက သွေးယိုစီးမှုဖြစ်ပြီး လေဖြတ်ခြင်းဖြစ်နိုင်ခြေ များစေပါတယ်။ သွေးဆုံးရင် ခံစားရတဲ့လက္ခဏာတွေကို ကုတဲ့ ဟော်မုန်းဆေးတွေကလည်း လေဖြတ်နိုင်ခြေ များပါတယ်။

•       အသက်အရွယ် - ဗိုက်ထဲကကလေးငယ် အပါအဝင် ဘယ်အသက်အရွယ်မဆို လေဖြတ်နိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ အသက်ကြီးလာတာနဲ့အမျှ လေဖြတ်နိုင်ခြေ ပိုများလာပါတယ်။ အသက် 55 နှစ်အထက်မှာ ဆယ်စုနှစ်တစ်ခု တိုးသွားတိုင်း လေဖြတ်နိုင်ခြေ 2 ဆ တက်သွားပါတယ်။

•       မိသားစု - လေဖြတ်တာက မျိုးရိုးလိုက်တတ်ပါတယ်။ သွေးတိုး၊ ဆီးချိုရောဂါတွေက မျိုးရိုးနဲ့ ဆိုင်ပါတယ်။ တချို့လေဖြတ်ခြင်းတွေက ဦးနှောက်ကို သွေးစီးဆင်းမှုကို ပိတ်ဆို့စေတဲ့ မျိုးရိုးဗီဇဆိုင်ရာ အခြေအနေတစ်ခုခုကြောင့် ဖြစ်တတ်ပါတယ်။

•       လိင် - အမျိုးသမီးတွေက အရွယ်တူ အမျိုးသားတွေနဲ့စာရင် လေဖြတ်နိုင်ခြေ အနည်းငယ် ပိုနည်းပါတယ်။ ဒါပေမဲ့ အသက်ကြီးမှ လေဖြတ်တဲ့အမျိုးသမီးတွေမှာ နာလန်ပြန်ထူဖို့ခက်ပြီး သေဆုံးနှုန်း ပိုများပါတယ်။

•        လူမျိုး - အမေရိကမှာရှိတဲ့ လူမျိုးစုတွေထဲမှာဆိုရင် အာဖရိကန်-အမေရိကန်လူမျိုးတွေနဲ့ အသားမဖြူတဲ့ ဟစ်ပန်နစ် အမေရိကန်လူမျိုးတွေက လေဖြတ်မှုဖြစ်နိုင်ခြေ ပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးကြောကျဉ်းစေပြီး သွေးစီးဆင်းမှုကို အနှောင့်အယှက်ပေးတဲ့ မျိုးရိုးဗီဇက ဒီလူမျိုးတွေမှာရှိလို့ ဖြစ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)