ကလေး ဘယ်တော့ရမှာလဲ?
လတိုင်းလတိုင်း မျှော်လင့်တကြီး စစ်ကြည့်တိုင်းမှာ မျဉ်းတစ်ကြောင်းပဲ ပေါ်ပေါ်နေတယ်ဆိုရင် စိတ်ပျက်အားလျော့မိမှာပါ။
ယူဖို့ ကြိုးစားတိုင်း မရတဲ့အရာတွေထဲမှာ သားသမီးရတနာလည်း ပါ,ပါတယ်။ ကလေး မရနိုင်တဲ့ အကြောင်းရင်းတွေကတော့ -
1. စိတ်ဖိစီးမှုများခြင်း
ကလေးယူဖို့ ကြိုးစားတဲ့အခါ လူအတော်များများက စိတ်အေးအေးထားပါ၊ အချိန်တန်ရင် ရလာလိမ့်မယ်လို့ အကြံပေးလေ့ရပေမယ့် တကယ်တမ်း အပြောလွယ်သလောက် အလုပ်ခက်တဲ့အရာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေဟာ ကလေးယူဖို့ ကြိုးစားကြသူတွေမှာ အကျိုးသက်ရောက်မှု သိသိသာသာ ရှိပါတယ်။ ဒါကြောင့် စိတ်တည်တည်ငြိမ်ငြိမ်ရှိဖို့၊ စိတ်ရှည်ဖို့ အလွန်ကို အရေးကြီးပါတယ်။ အမျိုးသမီးအများစုဟာ စိတ်ဖိစီးမှုတွေ လျော့နည်းအောင် အလုပ်ကနေ ခေတ္တခဏ ခွင့်ယူလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီလိုခွင့်ယူပြီး ကလေးရယူဖို့ ကြိုးစားတဲ့အခါ ဒီအထဲမှာပဲ စိတ်ရောက်နေပြီး စိတ်ဖိစီးမှုတွေ ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖိစီးမှုတွေ နည်းပါးအောင် ဆွေးနွေးနှီးနှောမှုတွေ လုပ်တာ၊ ပန်းချီပန်းပုပြခန်းတွေ သွားတာ၊ တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ စတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။
2. အိပ်ရေးပျက်ခြင်း
အိပ်ရေးဝဝအိပ်ခြင်းဟာ အရေးကြီးကြောင်း အတော်များများ သိကြမှာပါ။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က လုံလောက်တဲ့ အနားယူမှုကို မရတဲ့အတွက် ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်။ ဒါ့အပြင် အိပ်ရေးမဝသူတွေရဲ့ ကိုယ်ခံစွမ်းအားဟာ သူများတွေထက် နည်းပါးလာတတ်တာကြောင့် ရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်နိုင်ပြီး မျိုးပွားမှုမှာလည်း အဟန့်အတား ဖြစ်လာနိုင်ပါတယ်။ အမျိုးသားတွေမှာ ပိုးဝင်ပြီး အဖျားတက်လာတဲ့အခါ အပူချိန်ကြောင့် သုတ်ကောင်တွေ ယာယီပျက်စီးသွားနိုင်ပါတယ်။ အိပ်ရေးမဝတဲ့ အမျိုးသမီးတွေမှာလည်း အိပ်ရေးမဝတဲ့အခါ စိတ်ညစ်ညူး မကြည်မလင် ဖြစ်လာကာ ဓမ္မတာမမှန်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေ ပွားစည်ဖို့အတွက် ကိုယ်ကိုယ်တိုင်က ကျန်းမာရေးကောင်းနေဖို့ အထူးလိုအပ်ပါတယ်။
3. ကိုယ်အလေးချိန် ပုံမမှန်ခြင်း
ကိုယ်အလေးချိန် သာမန်ထက် နည်းနေတာဖြစ်စေ၊ များနေတာဖြစ်စေ ကလေးယူတဲ့အခါမှာ အကြပ်တွေ့နိုင်ပါတယ်။ ကိုယ်အလေးချိန် နည်းနေသူတွေမှာ ပုံမှန်သားဥ မကြွေတာမျိုး ဖြစ်တတ်ပြီး အဝလွန်နေသူတွေမှာလည်း ပုံမှန်သားဥကြွေနေလျက်နဲ့ ကလေးမရတာမျိုးတွေ ရှိနိုင်ပါတယ်။ ခန္ဓာကိုယ် အချိုးအစားပြနှုန်း (BMI) 25 ထက် ကျော်လွန်လေလေ ကလေးရဖို့ ခက်ခဲလေလေ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသုံးပေးပြီး လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းက စိတ်ရောကိုယ်ပါ လန်းဆန်းကျန်းမာစေနိုင်မှာ ဖြစ်ပါတယ်။
4. ရာသီစက်ဝန်းကို သေချာမသိခြင်း
အမျိုးသမီးအများစုဟာ ကိုယ့်ရဲ့ရာသီစက်ဝန်း ကိုယ် သိပ်သဘောမပေါက်တတ်ကြပါဘူး။ ကျောင်းတွေမှာ သင်ယူခဲ့ရစဉ်က အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်းဟာ 28 ရက်ဖြစ်တယ်လို့ သိခဲ့ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်ဟာ မတူညီနိုင်ပါဘူး။ သားဥကြွေချိန်ဟာ ဓမ္မတာမလာခင် 2 ပတ်အလိုမှာ ဖြစ်လေ့ရှိပါတယ်။ ဒါကို ရာသီလာပြီး 2 ပတ်အကြာလို့ ထင်မှတ်မှားလေ့ရှိကြပါတယ်။ သားဥကြွေချိန်မှာ ကလေးရနိုင်ခြေ အများဆုံးဖြစ်တာကြောင့် အချိန်ကိုက်ဖြစ်ဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။ သုတ်ကောင် တစ်ကောင်ဟာလည်း သားအိမ်ခေါင်းထဲမှာ 3 ရက်တာမျှသာ နေနိုင်တယ်ဆိုတာကို မှတ်သားထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ချောဆီတွေဟာ သုတ်ကောင်ရဲ့ လှုပ်ရှားနိုင်စွမ်းကို နည်းပါးစေနိုင်တာကြောင့် ကလေးယူဖို့ ကြိုးစားနေသူတွေဟာ ချောဆီကို အသုံးမပြုသင့်ပါဘူး။
5. စိတ်ဓာတ်ကျခြင်း
စိတ်ဓာတ်မကျဖို့ အရေးကြီးပါတယ်။ စိတ်သွားတိုင်း ကိုယ်ပါဆိုသလို စိတ်နဲ့ကိုယ်နဲ့ဟာ ဆက်စပ်မှုရှိတာကြောင့် စိတ်ဓာတ်ကျစရာ သတင်းတွေကို နားမထောင်ပဲ စိတ်ရှည်ရှည်ထားဖို့ လိုပါတယ်။ ကလေးရဖို့ 1 နှစ်ဝန်းကျင်လောက် စောင့်ရတတ်ပါတယ်။ ဒါကြောင့် ကလေးယူမယ်ဆို တစ်နှစ်လောက်ကြိုပြီး ကြိုးစားထားမှ တော်ကာကျတတ်ပါတယ်။ အကယ်၍ ကလေးရဖို့ ကြိုစားတာ အချိန်အတော်ကြာပြီ ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ မျိုးဆက်ပွား ကျန်းမာရေးကုသမှုတွေ ခံယူသင့်ပါတယ်။
Dr. Emerald (www.drmyanmar.com)






























