အမှိုက် မီးလောင်တာကနေ ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း တစေ့တစောင်း
အမှိုက် မီးလောင်တာကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကို ရှူရှိုက်မိတဲ့အခါမှာ ဖြစ်ပွားလာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖော်ပြလိုက်ပါတယ်။
အမေရိကန် ပတ်၀န်းကျင် ထိန်းသိမ်းကာကွယ်ရေး EPA က ဒီလိုလေး ပြောထားပါတယ်။
အမှိုက်ပုံ မီးလောင်တာကနေ ထွက်လာတဲ့ Dioxin ဓာတ်ဟာ စက်ရုံတွေကနေထွက်တဲ့ ပမာဏထက် အဆများစွာ များတတ်ပြီး အောက်ခံမြေကြီးကိုပါ ညစ်ညမ်းအဆိပ်သင့်စေတဲ့အပြင် နိီးစပ်ရာ အစာနဲ့ ရေထဲကိုပါ စိမ့်၀င် အဆိပ်သင့်စေပါတယ်တဲ့။
>> အမှိုက်ပုံ လောင်ရင် ဘာတွေ အဓိကလောင်မလဲ?
ပလတ်စတစ် အမှိုက်ပါ။ နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့ပြီး ဘာမှပြုပြင်ပြောင်းလဲခြင်း မရှိခဲ့တဲ့ ပလတ်စတစ် လောင်ကျွမ်းမှုဟာ အန္တရာယ်အကြီးဆုံး ဖြစ်ပါတယ်။ လေထဲကို အနီးအနားသာမက တစ်ေ၀းတစ်လံထိပါ ရောက်ရှိနိုင်သလို ဓာတ်ငွေ့ အညစ်အကြေးတွေဟာ မြေနဲ့ရေထဲကိုပါ စိ်မ့်၀င် ရောက်ရှိနိုင်ပါတယ်။
ကျွန်မတို့ ဆေးခန်းထိုင်တော့ ဆေးခန်းကို အမျိုးသမီးတစ်ဦး လာပြပါတယ်။ သူမဟာ အသက် ဆိုသလောက် မကြီးသေးပေမယ့် နွမ်းနယ်နေပြီး စိတ်ဓာတ်ကျနေပုံ ရပါတယ်။ သူမမှာ ရောဂါ ကြီးကြီးမားမား မရှိပေမယ့် အမြဲနွမ်းနယ် မောပန်းနေတတ်ပြီး ကာလရှည်ကြာ စိတ်ဓာတ်ကျနေပါတယ်။ သူမရဲ့အကြောင်းကို တီးခေါက်ကြည့်လိုက်ချိန်မှာ သူမဟာ အမှိုက်ပုံအနီးမှာ နေထိုင်ပါတယ်။ အမှိုက်မီးရှို့တာ မကြာခဏရှိနေပြီး သူမနဲ့ မိသားစုဟာ အဲဒီမီးခိုးငွေ့ အဆိပ်ဓာတ်သင့်မှုကို ကာလတာရှည် ခံစားနေရလိမ့်မယ်ဆိုတာ သေချာသလောက်ပါပဲ။ အမျိုးသားကတော့ တစ်လကို နှစ်ရက်လောက်သာ အိမ်မှာနေပြီး ခရီးထွက်နေတာ များပါတယ်တဲ့။ အမျိုးသားကတော့ အင်မတန် ကျန်းမာနေတဲ့ပုံပါပဲ။
ပလတ်စတစ်တွေ၊ ရာဘာတွေ မီးရှို့ရင် Dioxin ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်လာပါတယ်။ Dioxin ဟာ အပြင်းထန်ဆုံး ကင်ဆာဖြစ်စေတဲ့ဓာတ်ပါပဲ။ ကိုယ်ထဲမှာ စုနေတတ်ပြီး ချေဖျက်နိုင်စွမ်းလည်း မရှိပါဘူး။ အံသြစရာကောင်းတာက တစ်ခါ၀င်ပြီးရင် 7 နှစ်ကနေ 11 နှစ်ထိ နေပါသတဲ့။ ဒီတော့ အမှိုက်ပုံ မီးရှို့တဲ့ နေရာတွေနဲ့ နီးကပ်စွာ နေသူတွေမှာ Dioxin အဆိပ်သင့်မှု အမြဲရှိနေမယ်ဆိုတာ သံသယရှိစရာ မလိုတဲ့အချက်ပါ။
၂၀၁၇ ဒီဇင်ဘာမှာ လက်ဘနွန်နိုင်ငံ၊ မဂျာဒယ်မှာ အမှိုက်ပုံ မီးရှို့တာကြောင့် အများပြည်သူအနေနဲ့ ကျန်းမာရေးပြဿနာတွေ ဆိုးဝါးစွာ ခံစားလာရတာကို သုတေသနပညာရှင်တွေက ထောက်ပြ အပြစ်တင်ခဲ့ကြပါတယ်။ အစိုးရအနေနဲ့ နှစ်ပေါင်းများစွာ အညစ်အကြေးတွေ၊ စွန့်ပစ်အမှိုက်တွေကို ကျနစွာ ကိုင်တွယ်ဖြေရှင်းမှု မရှိတာကြောင့် မိမိဘာသာ မီးရှို့ဖျောက်ဖျက်ကြရင်း ပြဿနာ ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။
အတော်များများက မီးလောင်ရင်ထွက်မယ့် ဒာဆိပ်ဓာတ်ငွေ့ ကာဗွန်မိုနောက်ဆိုဒ်ကို ကြောက်ကြပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဟာ ဓာတ်ဆီ၊ ဒီဇယ်ဆီ လောင်ကျွမ်းတာကနေ အင်ဂျင်စက်နှိုးတာကနေ ထွက်မယ့်ဓာတ်တွေ ဖြစ်ပါတယ်။
ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ရင် -
• မူးမယ် အန်မယ်
• နုံးချိ ပျော့ခွေနေမယ်
• စိတ်ရှုပ်ထွေးမယ်
• ရင်တုန်မယ်
• မောမယ်
• ရင်ဘတ်အောင့်မယ်
• တက်မယ်၊ သတိလစ်တာတွေအထိ ဆိုးသွားနိုင်တာကို သတိပြုသင့်ပါတယ်။
ရုတ်တရက် မောမယ်၊ အသက်ရှူရကျပ်မယ်ဆိုရင် အရေးပေါ် အောက်ဆီဂျင်ပေးပြီး ကုသဖို့ လိုပါတယ်။
ရေရှည်ရှူရှိုက်ရင် ခြေတုန် လက်တုန်ရောဂါ မှတ်ဉာဏ်ပြဿနာနဲ့ အမြင်အကြား ချွတ်ယွင်းတာတွေ ဖြစ်နိုင်ပါတယ်။ အများဆုံး ထိမှာကတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။
အမှိုက်ပုံ မီးလောင်တာကနေ အများဆုံးလောင်မယ့် ပလတ်စတစ်အမှိုက်ကနေ ထွက်လာမယ့် Dioxin အဆိပ်ဓာတ်အကြောင်း ပြန်ကောက်ပါရစေ။
>> Dioxin ကြောင့် ဘာတွေဖြစ်နိုင်သေးလဲ?
• အဂါၤချို့တဲ့ ကလေးတွေ မွေးလာမယ်
• ကိုယ်၀န် ပျက်လွယ်မယ်
• အာရုံစူးစိုက်ရ ခက်ခဲလာမယ်
• အဆုတ်ရောဂါတွေ
• အရေပြား အဖုအပိန့်တွေ
• နှလုံးသွေးကြောကျဉ်းတာတွေ
ဖြစ်နိုင်ပါတယ်။
အခု အမှိုက်ပုံ မီးလောင်တာကနေ အများဆုံးထွက်မယ့် ဓာတ်ငွေ့ဟာ Dioxin ဆိုတဲ့ ကင်ဆာဖြစ်စေသောဓာတ် ဖြစ်နိုင်ပါကြောင်း ခန့်မှန်းမိပါတယ်။ ဖုံးအုပ်နေတဲ့ မီးခိုးမြူတွေမှာ နီးစပ်ရာလေထုကို ဓာတ်ခွဲစမ်းသပ်ပြီး တိကျတဲ့အဖြေနဲ့ ကျန်းမာရေးသတိပေးချက်ကို ကျန်းမာရေး၀န်ကြီးဌာနက အမြန်ဆုံး ထုတ်ပြန်သင့်ပါတယ်။
မီးခိုးငွေ့တွေကနေရမယ့် လတ်တလော အကျိုးဆက်တွေကတော့ -
ပလတ်စတစ်၊ ရာဘာတွေ လောင်ကျွမ်းရင် နဂိုက နှလုံးရောဂါအခံနဲ့ နာတာရှည် အဆုတ်ရောဂါနဲ့ ပန်းနာရင်ကျပ်ရှိသူတွေ အရင်ခံစားရပါမယ်။
• ပျို့ချင် အန်ချင်မယ်
• ခေါင်းကိုက်မယ်
• ယားဖုတွေ ထွက်မယ်
• ခေါင်းကိုက်မယ်
• မျက်လုံး အသားလွှာ ထိခိုက်ပါမယ်
• အားပျော့မယ်
• အလိုလို စိတ်ဓာတ်ကျလာမယ်
ဒီတော့ မီးခိုးငွေ့ရှူမိလို့ ပြဿနာဖြစ်သလား ဆိုတော့လည်း မဟုတ်သေးဘူး။ လောင်ပြီး ကျန်တဲ့ပြာကလည်း မြေကြီးကို ညစ်ညမ်းစေပြန်ပါသတဲ့။
လတ်တလော ရှူမိလို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ မကောင်းတဲ့အကျိုးဆက်တွေ ဖြစ်တတ်သလို မီးခိုးငွေ့တွေ စိမ့်၀င်တဲ့ ရေနဲ့ အစာလည်း ညစ်ညမ်းလာတတ်တယ် ဆိုတဲ့အကြောင်း အမှိုက် မီးလောင်တာကနေထွက်တဲ့ မီးခိုးငွေ့တွေကနေ ဖြစ်ပွားလာတတ်တဲ့ ကျန်းမာရေးပြဿနာတွေကို ဗဟုသုတ မျှေ၀လိုက်ရပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























