အရေးပေါ် သနေ္ဓတားဆေးများနှင့် ၎င်းတို့၏ ဘေးထွက်ဆိုးကျိုးများ
>> အရေးပေါ် သနေ္ဓတားဆေးအကြောင်း
အရေးပေါ် သနေ္ဓတားဆေးဆိုတာ ကိုယ်ဝန်မရအောင် ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိပြီးသားကို ပျက်ကျစေတာ မဟုတ်ပါ။ လိင်ဆက်ဆံပြီးပြီးချင်းမှာ မြန်မြန်သုံးလေလေ စိတ်ချရလေလေပါပဲ။
အရေးပေါ် သနေ္ဓတားနည်းတွေမှာ သားအိမ်ထဲထည့်တဲ့ ကြေးနီပစ္စည်းနဲ့ သောက်ဆေးတွေ ပါဝင်ပါတယ်။
>> ဘေးထွက်ဆိုးကျိုးများ
ဒီ အရေးပေါ် သနေ္ဓတားဆေးတွေက အများအားဖြင့် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ကြာရှည်ဘေးထွက်ဆိုးကိျုးတွေ ဖြစ်လေ့မရှိပါဘူး။ အများအားဖြင့်တော့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်တာ များပါတယ်။ ဒါပေမဲ့လည်း အချို့သောဆေးတွေက မပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးလေးတွေ ဖြစ်စေနိုင်ပါတယ်။
Progestin only EC pill လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးတည်းပါတဲ့ ဆေးတွေက ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်း၊ မူးဝေခြင်းစတဲ့ သာမန်ဘေးထွက်ဆိုးကျိုးလေးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလက္ခဏာတွေကလည်း ခန္ဓာကိုယ်ထဲမှာ ဆေးရဲ့အာနိသင် ထွက်သွားတာနဲ့ ပျောက်သွားမှာပါ။ နောက်တစ်ချက်ကတော့ ဒီဆေးက ရာသီစက်ဝန်းကို အပြောင်းအလဲ ဖြစ်စေပါတယ်။ တစ်ပတ်စောပြီး (သို့) နောက်ကျပြီး ရာသီလာတာမျိုး ဖြစ်တတ်ပါတယ်။ လာရမယ့်အချိန်ထက် တစ်ပတ်ကျော်တဲ့အထိ ရာသီမလာရင်တော့ ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးကြည့်ပါ။
မေး - ဒီဆေးသောက်ပြီးရင် သားအိမ်က သွေးဆင်းတာ ပုံမှန်ပဲလား?
ဖြေ - အရေးပေါ် သနေ္ဓတားဆေးသောက်တဲ့ အချို့သောအမျိုးသမီးတွေမှာ သွေးနည်းနည်း ဆင်းတတ်ပါတယ်။ သွေးဆင်းတာက 3 ရက်အတွင်းမှာ ရပ်သွားတာ များပါတယ်။ တကယ်လို့ 3 ရက်ထက်ကျော်ပြီး သွေးဆင်းတယ် (သို့) သွေးဆင်းတာ ပိုများလာတယ်ဆိုရင် ပြဿနာတစ်ခုခုဖြစ်လို့ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာရင် ဆေးရုံ၊ ဆေးခန်းကို သွားပြဖို့ လိုပါတယ်။
>> ဘေးထွက်ဆိုးကျိုးများ မဖြစ်အောင် ကာကွယ်ခြင်း
အရေးပေါ် သနေ္ဓတားဆေး သောက်ပြီးရင် ဘေးထွက်ဆိုးကျိုးတွေ ခံစားရလေ့ရှိတယ်ဆိုရင် ဆေးဆိုင်မှာ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်းတွေကို သက်သာစေတဲ့ဆေး ဝယ်သောက်နိုင်ပါတယ်။ ဒါပေမဲ့ တချို့ အ,အန်ပျောက်ဆေးတွေက ပင်ပန်းနွမ်းနယ်ခြင်းကို ပိုဆိုးစေပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်းကို သက်သာစေဖို့ အနားယူပါ။ ဆေးသောက်ပြီး ရက်အနည်းငယ်အတွင်း သက်သောင့်သက်သာပဲ နေပါ။
ဆေးသောက်ပြီး မူးဝေလာတယ်၊ ပျို့အန်ချင်လာတယ်ဆိုရင် လှဲနေလိုက်ခြင်းဖြင့် မအန်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆေးသောက်ပြီး တစ်နာရီအတွင်းမှာ အန်တယ်ဆိုရင် နောက်ထပ် ထပ်ပြီးသောက်ဖို့ လို၊ မလို ဆိုတာကို ကျန်းမာရေးဝန်ထမ်း တစ်ယောက်ယောက်နဲ့ တိုင်ပင်ပါ။
>> ဘယ်အချိန်မှာ ဆရာဝန်ပြဖို့ လိုသလဲ?
ဆေးသောက်ပြီး သွေးနည်းနည်းဆင်းတာက ဖြစ်တတ်ပေမယ့် သွေးတွေ အများကြီးဆင်းပြီး ဗိုက်အောင့်တယ်၊ မူးဝေလာတယ်ဆိုရင် ဆေးရုံ၊ ဆေးခန်းကို သွားပြဖို့ လိုပါတယ်။ သွေးဆင်းတာ 3 ရက် ကျော်လာရင်၊ သွေး ပိုပြီးများများဆင်းလာတယ်ဆိုရင်လည်း ဆေးခန်းသွားပြပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























