မျက်နှာပြင်က ပင့်ကူမျှင်သွေးကြောများ
မျက်နှာပေါ်က နီနီရဲရဲ ပင့်ကူမျှင်သွေးကြောတွေဟာ အရေပြားအောက်မှာ သွေးကြောတွေ ကျယ်လာတာကြောင့် ဖြစ်တတ်ပါတယ်။ မျက်နှာနဲ့ ခြေထောက်မှာ အဓိကဖြစ်တတ်ပေမယ့် တစ်ကိုယ်လုံးမှာလည်း ဖြစ်နိုင်ပါတယ်။ ကြည့်ရဆိုးတာကလွဲလို့ အခြားကြီးကြီးမားမား ပြဿနာမျိုးတော့ မဖြစ်တတ်ပါဘူး။
ဒီလိုကြည့်ရဆိုးတဲ့ ပင့်ကူမျှင်သွေးကြောတွေဟာ ဘာကြောင့်ဖြစ်ရတာလဲ? ဘာကုသမှုတွေ လုပ်လို့ရသလဲ? ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?
>> ဖြစ်ရတဲ့အကြောင်းရင်းများ
တချို့မှာ မျိုးရိုးဗီဇကြောင့် ဖြစ်လေ့ရှိပါတယ်။ မျက်နှာက ပင်ကူမျှင်သွေးကြောတွေဟာ အသက်အရွယ်မရွေး၊ ကျား/မ မရွေး ဖြစ်တတ်ပြီး အများဆုံးဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ -
• မျိုးရိုးဗီဇ : မိသားစုထဲမှာ ပင်ကူမျှင်သွေးကြော ဖြစ်လေ့ရှိတဲ့လူတွေမှာ ပိုဖြစ်နိုင်ပါတယ်။
• နေရောင်ထိတွေ့မှု : နေရောင် ထိတွေ့မှု များတဲ့အခါ သွေးကြောတွေ ကျယ်လာပြီး အရေပြားအပေါ်ဘက်ကို ရောက်လာတတ်ပါတယ်။
• ရာသီဥတု အပြောင်းအလဲ : ရာသီဥတု အပြင်းအထန် ပြောင်းလဲခြင်းဟာ သွေးလှည့်ပတ်မှုကို ထိခိုက်စေပြီး သွေးကြောတွေပေါက်ကာ ပင့်ကူမျှင်သွေးကြောတွေ ဖြစ်လာစေနိုင်ပါတယ်။
• ဖိအားပြောင်းလဲခြင်း : ပြင်းပြင်းထန်ထန် နှာချေလိုက်တာ၊ အန်တာတွေကြောင့်လည်း ဖိအား ရုတ်တရက် ပြောင်းလဲပြီး သွေးကြောမျှင်တွေ ပေါက်ထွက်နိုင်ပါတယ်။
• ကိုယ်ဝန်ဆောင်ခြင်း : ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲကြောင့် ပင့်ကူမျှင်သွေးကြောတွေ ပေါ်လာတတ်ပြီး ကလေး မွေးပြီးချိန်မှာ ပြန်ပျောက်သွားတတ်ပါတယ်။
• ပတ်ဝန်းကျင်မှ အမှိုက်များ : ပတ်ဝန်းကျင်မှာရှိတဲ့ အညစ်အကြေးတွေ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုများတဲ့အခါ အရေပြားနဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။
• Rosacea : မျက်နှာမှာရှိတဲ့ သွေးပြန်ကြောတွေ ကျယ်လာတာကြောင့် မျက်နှာ နီရဲလာတတ်တ့ဲ ရောဂါတစ်မျိုးဖြစ်ပြီး ပင့်ကူမျှင်သွေးကြောတွေလည်း ရတတ်ပါတယ်။
• အရက်သောက်ခြင်း : အရက်ဟာ သွေးကြောတွေကို ခေတ္တခဏ ကျယ်စေနိုင်စွမ်း ရှိတာကြောင့် ခဏခဏ အရက်သောက်တတ်သူတွေမှာ ကြာလာတဲ့အခါ သွေးကြောတွေပေါက်ပြီး ပင့်ကူမျှင်သွေးကြောတွေ ဖြစ်တတ်ပါတယ်။
• ထိခိုက်ဒဏ်ရာ : ခေါင်းကို ထိခိုက်မိတာကြောင့်လည်း မျက်နှာမှာ သွေးကြောတွေ ပေါက်တတ်ပေမယ့် တဖြည်းဖြည်း အညိုအမည်း ပျောက်လာတာနဲ့အမျှ ပင့်ကူမျှင်သွေးကြောတွေလည်း ပျောက်သွားတတ်ပါတယ်။
>> ကုသမှု
မျက်နှာကို ကြည့်ရှုရုံမျှနဲ့ ပင့်ကူမျှင်သွေးကြောတွေဖြစ်ကြောင်း သိနိုင်ပါတယ်။
ကုသနည်း အထွေထွေ ရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက် တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲလုပ်ကြည့်ပြီး ကိုယ်နဲ့ ကိုက်ညီမယ့်နည်းကို ရှာဖွေရပါမယ်။
• Retinoids
Retinoid ခရင်မ် လိမ်းဆေးတွေကို အရေပြားပြဿနာ အမျိုးမျိုးမှာ အသုံးပြုနိုင်ပြီး ပင့်ကူမျှင်သွေးကြောရှိသူတွေ တချို့မှာလည်း သုံးတတ်ပါတယ်။
Retinoid လိမ်းဆေးဟာ သွေးကြောမျှင်တွေကို မှိန်သွားစေပြီး အရေပြားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အသားခြောက်ပြီး နီရဲယားယံတာတွေ ဖြစ်စေနိုင်ပါတယ်။
• Sclerotherapy ထိုးဆေး
ဒီထိုးဆေးတွေဟာ ပင့်ကူမျှင်သွေးကြောတွေကို ကျဉ်းသွားစေတာကြောင့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပျောက်ကင်းစေနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆေးထိုးစဉ်မှာ နာကျင်တာမျိုး ဖြစ်စေနိုင်ပေမယ့် ရက်အနည်းငယ်အတွင်းမှာပဲ ပြန်သက်သာသွားပါလိမ့်မယ်။
• လေဆာကုသနည်း
လေဆာကုသနည်းဟာ အလွန်စူးရှတဲ့ လေဆာအလင်းကို သုံးပြီး ဒုက္ခပေးနေတဲ့ သွေးကြောတွေကို ဖျက်ဆီးပစ်ပါတယ်။ ဒါပေမဲ့ မကောင်းတဲ့တစ်ချက်ကတော့ ဘေးက အရေပြားတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။
လေဆာကုသနည်းဟာ ဈေးကြီးတဲ့အပြင် သွေးကြောတွေ ပြန်ပြန်ပေါ်လာတတ်တာကြောင့် မကြာခဏ ပြန်ပြန်လုပ်ပေးဖို့ လိုတတ်ပါတယ်။
• Intense pulled light (IPL)
ဒီနည်းလမ်းဟာ လေဆာကုသမှုလိုပဲ အထူးပြု အလင်းရောင်တွေကို အသုံးပြုပြီး အရေပြား အပေါ်ယံလွှာကို မထိခိုက်စေဘဲ အတွင်းပိုင်းအထိကို ထိုးဖောက် ပြုပြင်ပေးနိုင်ပါတယ်။
ဒီလိုသွေးကြောတွေကို အပြီးတိုင် ပျောက်ကင်းစေနိုင်ဖို့ မကြာခဏ ပြန်ပြန်လုပ်ပေးဖို့ လိုပါတယ်။
>> အိမ်တွင်းကုသနည်းများ
နေကြာပင်မျိုးဝင် အပင်တစ်မျိုးဖြစ်တဲ့ Arnica အပင်ဆီဟာ ပင့်ကူမျှင်သွေးကြောတွေကို ပျောက်ကင်းစေနိုင်ပါတယ်။
တချို့လူတွေမှာ အိမ်တွင်းကုသနည်းတွေနဲ့တင် သက်သာသွားတတ်ပါတယ်။
အိမ်တွင်းကုသနည်းတွေဟာ ဘေးထွက်ဆိုးကျိုး မဖြစ်စေတတ်ပေမယ့် ပစ္စည်းအသစ်တစ်မျိုး စသုံးခါစမှာ 24 နာရီခန့် အရေပြားတစ်နေရာမှာ စမ်းလိမ်းသင့်ပါတယ်။
ဒါကြောင့် ဆရာဝန်နဲ့ ပြသပြီး ဆေးကုသမှု ခံယူနေသူတွေမှာ အိမ်တွင်းကုသမှုတွေ လုပ်သင့်၊ မလုပ်သင့် တိုင်ပင်ရပါမယ်။
• ရေပူကို ရှောင်ပါ။
မျက်နှာ အရေပြားဟာ နုနယ်တာကြောင့် ရေနွေးပူပူနဲ့ မျက်နှာသစ်တဲ့အခါ သွေးကြောတွေ ပေါက်နိုင်ပါတယ်။
ဒါကြောင့် သွေးကြောပေါက်တာတွေ မဖြစ်ရလေအောင် ရေချိုးတဲ့အခါ ရေပူပူကြီးတွေ၊ ရေအေးအေးကြီးတွေနဲ့ မချိုးသင့်ပါဘူး။
• ရေအေးကပ်ပါ။
နေပူပူ၊ လေပူပူနဲ့ ထိတွေ့မိတဲ့အခါ မျက်နှာကို ရေခဲကပ်ပေးခြင်းဖြင့် သွေးကြောပေါက်ခြင်းကို သက်သာစေနိုင်ပါတယ်။
• Arnica Oil
နေကြာမျိုးဝင် အဆီတစ်မျိုးဖြစ်တဲ့ Arnica ဆီဟာ ပင့်ကူမျှင်သွေးကြောတွေ ဖြစ်ပေါ်ခြင်းကို သက်သာစေနိုင်ပေမယ့် တချို့လူတွေမှာ ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်တာကြောင့် အရေပြားမှာ တည့်၊ မတည့် အရင်စမ်းသပ် လိမ်းကြည့်သင့်ပါတယ်။
ဒီ Arnica ဆီကို ဆေးဆိုင်၊ ကုန်စုံဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။
• ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ဟာ အသားအရေကို တင်းစေပြီး နီရဲခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ရှာလကာရည်ကို ဂွမ်းစလေးနဲ့ မျက်နှာကို တို့တို့ပေးခြင်းဖြင့် ပင့်ကူမျှင်သွေးကြောတွေကို သက်သာစေနိုင်ပါတယ်။
• ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ဟာ စတီးရွိုက်ဆေးလောက်ကို အရေပြား ရောင်ရမ်းနီရဲခြင်းကို သက်သာစေနိုင်တဲ့အစွမ်း ရှိပါတယ်။ ဒါပေမဲ့ အသား ခြောက်စေနိုင်တာကြောင့် ရှားစောင်းလက်ပပ် လိမ်းပြီးတိုင်း အစိုထိန်းခရင်မ်တစ်မျိုးမျိုး လိမ်းပေးဖို့ မမေ့ပါနဲ့။
• ဗီတာမင်စီ
လေ့လာမှုတစ်ခုအရ ဗီတာမင်စီဟာ သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို အထောက်အပံ့ပြုပြီး ဆဲလ်တွေရဲ့ ကော်လဂျင်ဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ပင့်ကူမျှင်သွေးကြောတွေကို သက်သာစေဖို့ ဗီတာမင်စီဓာတ် စားသုံးပေးနိုင်ပါတယ်။
>> ကာကွယ်မှု
ပင့်ကူမျှင်သွေးကြောတွေ မဖြစ်ပေါ်ရလေအောင် -
• ပူလွန်း အေးလွန်းခြင်းကို ရှောင်ပါ။
Spa တွေ၊ ချွေးထုတ်ခန်းတွေနဲ့ ပူအိုက်လွန်းတဲ့ ရာသီဥတုတွေကြောင့် သွေးကြောတွေ ကျယ်လာပြီး ပင့်ကူမျှင်သွေးကြောတွေ ဖြစ်လာတတ်ပါတယ်။
• နေရောင် ထိတွေ့မှုကို ရှောင်ကြဉ်ပါ။
နေရောင်ကာ ခရင်မ် လိမ်းတာ၊ ဦးထုပ်ဆောင်းတာ၊ အကျႌ အကာအကွယ်ဝတ်တာ စသည်ဖြင့် နေရောင်ကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်းဖြင့် ပင့်ကူမျှင်သွေးကြောတွေကို ကာကွယ်နိုင်ပါတယ်။ နေပူတဲ့အချိန်မျိုးတွေမှာ အပြင်ကို တတ်နိုင်သလောက် မထွက်ပါနဲ့။
• အကာအကွယ်ယူပါ။
ထိခိုက်ဒဏ်ရာ မရအောင် ရှောင်ကြဉ်ပါ။ ဘေ့စ်ဘောဆော့တဲ့အခါ၊ စက်ဘီးစီးတဲ့အခါ၊ ဆိုင်ကယ်စီးတဲ့အခါ မျက်နှာဖုံးနဲ့ ခေါင်းအကာ ဝတ်ပါ။
• သွေးကြော ကျယ်စေတဲ့အရာတွေကို ရှောင်ပါ။
ကဖိန်းဓာတ်၊ အပူအစပ်နဲ့ အရက်တွေဟာ သွေးကြော ကျယ်စေတာကြောင့် ပင့်ကူမျှင်သွေးကြောတွေကို ပိုထင်ရှားစေနိုင်ပါတယ်။ အရက် အနည်းငယ်မျှ သောက်ရုံနဲ့ နီရဲပြီး ပင့်ကူမျှင်သွေးကြောတွေ ဖြစ်လာစေနိုင်ပါတယ်။
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသင့်သလဲ?
ပင့်ကူမျှင်သွေးကြောတွေဟာ အခြား ဘာထွေထွေထူးထူးမျှ မဖြစ်စေတတ်ပါဘူး။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ သိအောင်လုပ်ပြီး ရှောင်လိုက်ရုံပါပဲ။
တစ်ခါတစ်ရံ ပင့်ကူမျှင်သွေးကြောတွေဟာ ရောဂါအခြေအနေတချို့ကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို မသိခဲ့ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။
အများစုမှာတော့ အကြည့်ရဆိုးတာက အဓိကပြဿနာ ဖြစ်နေတတ်ပါတယ်။ ဆေးတွေ၊ အိမ်တွင်း ကုသနည်းတွေနဲ့ ဒီအကြည့်ရဆိုးတဲ့ ပင့်ကူမျှင်သွေးကြောတွေကို လျော့နည်းစေနိုင်၊ ဖယ်ရှားပေးနိုင်တဲ့အပြင် အရေပြားကိုလည်း ကျန်းမာစေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























