/
node/5658

ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရသော ကင်ဆာရောဂါများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တကယ်တော့ ကင်ဆာကာကွယ်ဆေးဆိုတာ ကင်ဆာဖြစ်စေတဲ့ အဓိက အကျိုးအကြောင်းတွေကို တားဆီးပေးတာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုဆေးတွေက ကင်ဆာကာကွယ်ပါသလဲ။ ကင်ဆာဖြစ်စေတဲ့ အကျိုးအကြောင်းတွေကလည်း အများကြီး ဖြစ်နိုင်သေးပေမယ့် အဓိကကျပြီး အဖြစ်များစေတဲ့ ရောဂါပိုးတွေကို ကာကွယ်ဆေးထိုးပြီး ကာကွယ်ကြရအောင်။ နောက်ဆုံးပေါ်ကုထုံးတွေ ခွဲစိတ်တာတွေအပြင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေကိုတော့ လူသိနည်းကြပါတယ်။

 

>>    သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့ ...

          သားအိမ်ခေါင်းကင်ဆာဟာ ကြွက်နို့ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး 17 နဲ့ 18 အမျိုးအစားကြောင့် ဖြစ်တာပါ။ ဒီတော့ ဒီကြွက်နို့ရောဂါပိုး HPV ဗိုင်းရပ်စ် မ၀င်လာနိုင်အောင် ကာကွယ်ဆေးထိုးလို့ ရပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး မြန်မာပြည်မှာ ထိုးလို့ရနေပြီနော်။ ထိုးဖြစ်အောင် ထိုးစေချင်ပါတယ်။ ဈေးကြီးပေမယ့် ထိုက်တန်တာမို့ မိမိကျန်းမာရေးအတွက် အဲဒီလောက်တော့ ရင်းသင့်ပါတယ်။

        သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးမယ်ဆိုရင် ...

●        မိန်းကလေးငယ်လေးတွေ အသက် 12 နှစ် 13 နှစ်ကနေ စတင်ထိုးနှံနိုင်ပါပြီ။

●        တစ်နှစ်အတွင်း လေးကြိမ် ထိုးရပါတယ်။ စောစောထိုးလေ ကာကွယ်မှု စောစောရလေမို့ မပေါ့ဆနေဘဲ ဆေးရုံ၊ ဆေးခန်းတိုင်းမှာ ထိုးနှံနိုင်ပါတယ်။

●        ငယ်ရွယ်တဲ့ မိန်းကလေးတွေ၊ လိင်ဆက်ဆံဖော်များတဲ့ အမျိုးသမီးတွေ ထိုးထားသင့်ပါတယ်။

●        မထိုးခင် သားဖွားမီးယပ်ဆရာ၀န်နဲ့ တိုင်ပင်ပါ။

●        ထိုးရမယ့် အကြိမ်အရေအတွက်အတိုင်း အတိအကျထိုးမှ ကာကွယ်မှု အပြည့်အ၀ ရပါမယ်။

●        သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု ရှိ၊ မရှိလည်း ဆရာ၀န်နဲ့ ပြသ အသားစယူပြီး စစ်ဆေးထားသင့်ပါတယ်။

 

>>    အသည်းကင်ဆာ ကာကွယ်ဆေးဆိုတာ ...

          အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုးဟာ အသည်းကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းထဲမှာ ပါနေတာမို့ အဲဒိပိုးနှစ်မျိုးထဲက ကာကွယ်လို့ရတဲ့ ဘီပိုးကို ကာကွယ်ဆေးထိုးပြီး ကာကွယ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

        ဘီပိုးကာကွယ်ဆေး ထိုးမယ်ဆိုရင် ...

●        ဘီပိုး ရှိ၊ မရှိ အရင်စစ်ဆေးပါ။

●        ဘီပိုး မရှိရင် နီးစပ်ရာ ဆေးခန်းတိုင်းမှာ ထိုးလို့ရပါပြီ။

●        အကြိမ်အရေအတွက်အတိုင်း တိတိကျကျ အပြည့်ထိုးပါ။

●        ဘီပိုး ထိုးပြီးပေမယ့်  ရောဂါကာကွယ်ဖို့  ဘီပိုး ပဋိဇီ၀ဓာတ် အလုံအလောက် ထွက်၊ မထွက် သွေးဖောက်စစ်ဆေးဖို့ လိုတတ်ပါတယ်။ ပြီးမှ ကာကွယ်ဆေး နောက်ထပ်တစ်ကြိမ် ထပ်ထိုးသင့်၊ မထိုးသင့် ဆုံးဖြတ်ကြပါတယ်။

●        ဆရာ၀န်ပြောတဲ့အတိုင်း တိတိကျကျ လိုက်နာမှ ကာကွယ်မှုအပြည့် ရပါမယ်။

          ဘီပိုးကို လသားအရွယ် ကလေးတွေမှာ ကာကွယ်ဆေးအဖြစ် ထည့်သွင်းထိုးနှံပေးကြသလို အသက်လတ်ပိုင်း လူငယ်လူရွယ်မျာလည်း စစ်ပြီး ထိုးကြပါလို့ တိုက်တွန်းပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)