/
node/5785

တော်ဝင်မင်းသမီးရဲ့ နေ့စဉ်ကျန်းမာရေး အလှအပ သော့ချက်များ

Category
အလှအပနှင့်ကျန်းမာရေး

          အမေရိကန်မင်းသမီး မက်ဂန်မာဂယ်ဟာ ဖျတ်လတ်တက်ကြွတဲ့အသွင်၊ လှပတဲ့မျက်နှာပေး စမတ်ကျတဲ့ စကားပြောဟန်တို့ကြောင့် အလွန်ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးအဖြစ် ကမ္ဘာ့အချမ်းသာဆုံး တော်ဝင်မိသားစုက လူပျိူ ဗြိတိန်မင်းသား ဟယ်ရီနဲ့ လက်ထပ် အကြောင်းပါခဲ့ပါတယ်။

          နတ်သမီးပုံပြင်လို သူမရဲ့ဘဝမှာ ကျန်းမာရေးနဲ့ အလှအပဟာ သိပ်အရေးပါတာမို့ သူမရဲ့ နေ့စဉ် ကျန်းမာလှပ အလေ့အကျင့်လေးတွေ လေ့လာကြည့်ရအောင် ...

●        သူမဟာ ခါတိုင်း အပြေးလေ့ကျင့်ခန်း လုပ်ပေမယ့် အခု သူမရဲ့အချိန်ဇယားနဲ့ အသက်ကြောင့် ပြေးတာကို ရပ်လိုက်ရပြီး ယောဂ အစားထိုးကျင့်ပါတယ်။ ခွေးနဲ့ အတူလမ်းလျှောက်ထွက်တာ၊ တောင်တက်တာတွေ အခါအားလျော်စွာ လုပ်လေ့ရှိပါသတဲ့။

●        သူမဟာ ယောဂကို အသက် ခုနှစ်နှစ် ကတည်းက စလေ့ကျင့်ခဲ့ပြီး သူမအတွက် ခန္ဓာကိုယ် မျှခြေပျော်ရွှင်ကျေနပ်မှုကို ယူဆောင်ပေးပါသတဲ့။ ကိုယ်မြတ်နိုးတဲ့ အားကစားတစ်ခု ရှိတာဟာ ဘဝကို ပိုအဓိပ္ပါယ် ရှိစေပါတယ်။

●        သူမဟာ ကျန်းမာတဲ့ အစားအသောက်ပုံစံကို ထိန်းသိမ်းပါတယ်။ တကယ်တော့ လှချင်လို့ ဆိုတာထက် အသီးအရွက် များများစားပြီး အချို အဆီ အအိမ့်ကို နည်းနိုင်သမျှ နည်းနည်းစားတဲ့ပုံစံဟာ သူမကို ပိုမိုလန်းဆန်း ကျန်းမာစေပါသတဲ့။

●        သူမဟာ တစ်နေကုန် သွားတဲ့အခါတိုင်း ဆန်းစစ်မိတာ နှစ်ခုပါတဲ့။ ငါ ဘယ်လောက်ကြာကြာ အလုပ်လုပ်မိသလဲရယ်၊ ရေသောက်ဖြစ်သလား ဆိုတာရယ်ပါ။ သူမဟာ သူမကိုယ်သူမ အတင်းတွန်းပြီး အလုပ်လုပ်ခိုင်းတာထက် တိကျတဲ့ အလုပ်ချိန် သတ်မှတ်ပြီး သူမအတွက် ကိုယ်ပိုင်အချိန် သတ်သတ်မှတ်မှတ် ယူပါတယ်။ ရေဓာတ် ပြည့်ဝနေအောင်လည်း အမြဲဂရုစိုက်ပါသတဲ့။

●        သူမဟာ ပြန်လာတိုင်း အလုပ်အကြောင်း အကုန်မေ့ပြီး ပြေပြေပြစ်ပြစ် အနားယူနိုင်အောင် ကြိုးစားပါတယ်။ အလုပ်ထဲက အတွေးတွေကို အကုန်စွန့်ပစ်ခဲ့ပြီး မိမိအိမ်မှာ ဘုရင်မလေးတစ်ပါးလို ပြန်လည်ရောက်ရှိလာတဲ့ အတွေးနဲ့ သူမဟာ စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်သက်သာရာ ယူပါတယ်။ သူမရဲ့ကိုယ်ပိုင် တစ်ကိုယ်တည်း အချိန်မှာတော့ ဘယ်သူ့အနှောက်အယှက်ကိုမှမခံဘဲ ခြေပစ်လက်ပစ် အနားယူလေ့ ရှိတာဟာ နုပျိုမှုရဲ့ အခြေခံအကြောင်းအရာ ဖြစ်ပါတယ်။ စကားမစပ် သူမ အသက် ၃၆ နှစ် ရှိပါပြီ။

●        သူမဟာ ဘလော့ဂါတစ်ဦးလည်း ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ဖက်ရှင်၊ ဘဝ၊ အလှအပနဲ့ ကျန်းမာရေးရာတွေအတွက် စိတ်ဝင်စားရာတစ်ခုကို ရေးသားမျှဝေသင့်တယ်လို့ သူမက တွေးပါတယ်။ သူမရဲ့ Tig Lifestyle Blog ဟာ သူမရဲ့ ကိုယ်ပိုင်ခံယူချက်တွေ၊ လှပ ကျန်းမာ ဘဝတွက်တာတွေနဲ့ ပြည့်စုံကုံလုံနေပါတယ်။ သူမ အိမ်ပြန်ရောက်တိုင်း သူမ website ကို ဖွင့်ကြည့်လိုက်တိုင်း စိတ်ကြည်လင် ချမ်းမြေ့မှု အပြည့်အဝ ရပါသတဲ့။

          ကဲ … အသား ညိုစိမ့်စိမ့်နဲ့  ရွှေမင်းသမီးလေးဟာ အသက် ၃၆ နှစ်ထိ အစွမ်းကုန် လှပကျန်းမာပြီး နောက်ဆုံးမှာ  အချစ်ကို တွေ့ရှိ လက်ထပ်သွားခဲ့ပါပြီ။ အသက် ၃၀ ကျော် အပျိုကြီးတွေလည်း သူမရဲ့ လှပကျန်းမာ သော့ချက်လေးတွေကို တစ်ချက်မဟုတ် တစ်ချက် အတုယူပြီး အောင်မြင် ပျော်ရွှင် လှပကြပါစေ။

မာလာခင် (စိန်ပန်း) (www.drmyanmar.com)