/
node/5829

ဘရာစီယာနဲ့ ရင်သားကင်ဆာ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

♦        ဘရာစီယာ အတွင်းခံဝတ်ခြင်းက ရင်သားကင်ဆာကို ဖြစ်စေနိုင်ပါသလား?

♦        ရင်သားကင်ဆာကို ဖြစ်စေနိုင်သော အကြောင်းအရင်းတွေက ဘာတွေပါလဲ?

 

          လတ်တလော စာတမ်းပြုစုထားတဲ့ လေ့လာချက်တစ်ခုမှာ ဘရာအတွင်းခံနဲ့ ရင်သားကင်ဆာ ဆက်နွယ်မှု မရှိပါဘူးလို့ ဆိုပါတယ်။

          ဒါဆို ဘာကြောင့် ဒီအငြင်းအခုံ မေးခွန်းဟာ နှစ်ပေါင်းများစွာတိုင်အောင် လူတွေကြားထဲ ပျံ့နှံ့နေရတာလဲ?

          ဒီငြင်းခုံမှုကို အထောက်အကူပြုနေတာကတော့ ၁၉၉၅ ခုနှစ်မှာ စတင်ထုတ်ဝေတဲ့ Dressed to kill ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အတွငး်ခံ ဘရာဟာ ရင်သားကနေ လင့်ပြန်ကြောကြိတ်တွေထဲ အဆိပ်တွေ စီးဆင်းမှုကို ဟန့်တားပြီး ရင်သားထဲမှာ အဆိပ်တွေ စုပုံလာစေကာ ရင်သားကင်ဆာ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီစာရေးဆရာရဲ့ လေ့လာမှုဟာ သိပ်ပြီးသမမျှတမှု မရှိတဲ့အပြင် ဘယ်သိပ္ပံစာစောင်မှာမှ ပုံနှိပ်ထုတ်ပြန်ခံရခြင်းမရှိဘဲ ကိုယ့်ဟာကိုယ် ထုတ်ဝေရတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒါ့အပြင် ဘာကြောင့် အချို့အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ပိုဖြစ်ရတယ် ဆိုတာကိုလည်း မဖော်ပြထားပါဘူး။

          ဒါ့အပြင် တလောတုန်းက ပြုလုပ်ကြတ့ဲ လေ့လာမှုတချို့မှာလည်း ရင်သားကြီးတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ပိုဖြစ်၊ မဖြစ်ဆိုတာကို လေ့လာကြပါသေးတယ်။  ဒါဆို ရင်သားအရွယ်အစားကရော ရင်သားကင်ဆာ ဖြစ်ပွားနှုန်းမှာ သက်ရောက်မှု ရှိပါသလား? လေ့လာမှုတွေကတော့ အမျိုးမျိုး ပြောကြပေမယ့် အဝလွန်ခြင်းကတော့ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းမှာ ပိုပြီးအကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

          လေ့လာမှုတွေရဲ့ သတင်းအချက်အလက်တွေဟာ ရှုပ်ထွေးနေပြီး ရှင်းပြရ ခက်ခဲတတ်ပါတယ်။ ဒါကြောင့်လည်း ဘရာအတွင်းခံက ကင်ဆာဖြစ်စေ၊ မဖြစ်စေဆိုတဲ့ မေးခွန်းဟာ ဆက်လက် တည်ရှိနေတာပဲ ဖြစ်ပါတယ်။ အခြားအမျိုးသမီးတွေလိုပဲ ကျွန်မ ကိုယ်တိုင်လည်း ရင်သားကင်ဆာဖြစ်နှုန်းကို ထိန်းချုပ်ချင်ပြီး အကယ်၍ ဘရာအတွင်းခံ မဝတ်ခြင်းက သူ့ရဲ့အဖြေဆိုရင် အခြားအမျိုးသမီးတွေလိုပဲ ပျော်ပျော်ကြီး မဝတ်ဘဲ နေလိုက်မှာ ဖြစ်ပါတယ်။ ဘယ်လောက်တောင် လွယ်ကူလိုက်သလဲ?

          တကယ့်လက်တွေ့မှာတော့ ကျွန်မတို့ရဲ့ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ နေထိုင်မှုပုံစံတွေဟာ ရင်သားကင်ဆာဖြစ်နှုန်းအပေါ်မှာ ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိသလဲဆိုတာ ရေရေရာရာ မသိနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရင်သားကင်ဆာဖြစ်နှုန်းကို ခန့်မှန်းတွက်ချက်ပြီး ကာကွယ်မယ့်နည်းလမ်းကို သတ်မှတ်သင့်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ဖြစ်နှုန်းကို လျှော့ချနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ရှိနေပါတယ်။ ဒီနည်းလမ်းတွေဟာ ရင်သားကင်ဆာကို လုံးဝကြီး ကာကွယ်ပေးမှာ မဟုတ်ပေမယ့် နည်းနည်းလောက်ဖြစ်ဖြစ် လျှော့ချနိုင်ရင်တောင် အကျိုးရှိပါလိမ့်မယ်။ ဒါ့အပြင် ဒီနည်းလမ်းတွေက အခြားကျန်းမာရေးပြဿနာ အတော်များများကိုပါ လျော့နည်းစေနိုင်တဲ့အတွက် အကျိုးအမြတ်တွေ ရရှိနိုင်မှာပါ။

        ဒီနည်းလမ်းတွေကတော့ -

●      ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

          သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဝလွန်ခြင်းဟာ ရင်သားကင်ဆာဖြစ်စေမယ့် အကြောင်းရင်းတစ်ချက်ထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် အစားအသောက် ထိန်းသိမ်းခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ ကြိုးစားသင့်ပါတယ်။ မထူးခြားဘူးလို့ ထင်ခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး လေ့ကျင့်ခန်းပုံစံ၊ ဆေးတွေ၊ ခွဲစိတ်မှုတွေနဲ့ ကြိုးစားနိုင်ပါတယ်။

 

●      နို့တိုက်ပါ။

          မိခင်တစ်ယောက်ဖြစ်ခဲ့ရင် ကလေးကို အမေ့နို့တိုက်ခြင်းဟာလည်း ရင်သားကင်ဆာဖြစ်နှုန်းကို လျှော့ချနိုင်ပါတယ်။

 

●      လေ့ကျင့်ခန်း လုပ်ပါ။

          ဘာလေ့ကျင့်ခန်းမဆို ကိုယ်ကြိုက်တဲ့ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးပါ။

 

●      အရက်သေစာ လျှော့ပါ။

          အရက်များများသောက်လေလေ ရင်သားကင်ဆာဖြစ်နှုန်း များလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် လျှော့ချဖို့ ကြိုးစားပါ။

 

●      ဆေးလိပ်ဖြတ်ပါ။

          ဆေလိပ်ဖြတ်ဖို့ ကြိုးစားကြည့်ပါ။

 

●      အစားအသောက် သတိထားပါ။

          အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ စားပါ။

 

●      ကိုယ့်ရဲ့မိသားစုရာဇဝင်ကို သိရပါမယ်။

          မိသားစုရာဇဝင်ကိုတော့ ထိန်းချုပ်လို့ မရနိုင်ပေမယ့် Angelina Jolie လိုပဲ ကိုယ်မျိုးရိုးဗီဇကို သိခြင်းဖြင့် ကိုယ့်သမိုင်း ကိုယ်ပြန်ပြင်ရေးနိုင်ပါတယ်။ ခွဲစိတ်ဖြတ်တောက်ခြင်းကလည်း တစ်ခုတည်းသောအဖြေ မဟုတ်တတ်ပါဘူး။ ဒါကြောင့် မိဘတွေ၊ မောင်နှမတွေနဲ့ မိသားစုဝင်တွေရဲ့ ရောဂါရာဇဝင်ကို သိထားဖို့ လိုအပ်ပါတယ်။

Dr. Emerald (www.drmyanmar.com)