ဦးရေပြားနဲ့ ဆံသားက ပြောပြနေသော သင့်ကျန်းမာရေး
♦ ဆံသားမကောင်းတာက ကျန်းမာရေး မကောင်းတာလား?
အချို့သော အခြေအနေတွေနဲ့ ဆေးဝါးတွေက ကျွနု်ပ်တို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာရော ဆံသားတွေအပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိပါတယ်။ အချို့အခြေအနေတွေမှာတော့ ကိုယ့်ရဲ့ဆံပင်နဲ့ ဦးရေပြားကိုပဲ ဂရုစိုက်ဖို့ လိုပါတယ်။ ဒီတော့ ဆံပင်နဲ့ ကျန်းမာရေးအကြောင်းနဲ့ ပတ်သက်ပြီး ယုံတမ်းစကားတွေနဲ့ အချက်အလက် အမှန်တွေကို ခွဲခြားပြီး ဖော်ပြပေးလိုပါတယ်။
♦ အဖြူရောင်ဘောက်ဖတ်တွေ ကျနေတာက ကျန်းမာရေးအန္တရာယ် မရှိပါဘူး။
ဘောက်တွေက မကူးစက်နိုင်ပါဘူး။ ဒီတော့ ဘောက်တွေ ဘယ်လိုဖြစ်လာတာလဲလို့ ဆိုရင်လည်း သေချာမသိပါဘူး။ သဘောတရား တစ်ခုကတော့ မှိုတွေ အများကြီး ပေါက်ဖွားလာလို့ ဖြစ်နိုင်ပါတယ်။ အခြားဖြစ်နိုင်ခြေရှိတဲ့ အချက်တွေကတော့ အဆီပြန်သော အသားအရေ၊ စိတ်ဖိစီးမှု၊ အဝလွန်ခြင်း၊ အေးမြပြီး ခြောက်သွေ့သော ရာသီဥတု၊ နှင်းခူရောဂါ စတာတွေ ဖြစ်ကြပါတယ်။ ဘောက်တွေက ရှက်ဖွယ်ဖြစ်ပြီး စိတ်ညစ်လောက်အောင် ယားယံစေပေမယ့်လည်း အန္တရာယ် မရှိပါဘူး။
♦ ဘောက်ပျောက်စေဖို့အတွက် သိထားသင့်သော အချက်များ
ဆဲလ်သေတွေဖြစ်တဲ့ ဘောက်ဖတ်တွေ နည်းစေဖို့အတွက် ဘောက်ပျောက်ခေါင်းလျှော်ရည်ကို နေ့စဉ် သုံးပေးပါ။ ခေါင်းလျှော်တဲ့အခါမှာ ခေါင်းလျှော်ရည်ကို ခေါင်းမှာ ၅ မိနစ်လောက််ထားပြီးမှ ရေဆေးချပါ။ ကိုယ့်အတွက် အကောင်းဆုံး ကိုယ်နဲ့ အဆင်အပြေဆုံး ခေါင်းလျှော်ရည် ရရှိဖို့အတွက် ခေါင်းလျှော်ရည်မျိုးစုံကို စမ်းသပ်သုံးကြည့်ဖို့ လိုကောင်း လိုနိုင်ပါတယ်။ ခေါင်းလျှော်ရည်တစ်မျိုးက အဆင်မပြေတော့ဘူးဆိုရင် နောက်တစ်မျိုး ပြောင်းသုံးပါ။ ဒီလိုလုပ်ကြည့်လို့မှ အဆင်မပြေဘူး ဆိုရင်တော့ ဆရာဝန် သွားပြပါ။
♦ အဝါရောင် ဘောက်ဖတ်များ
ဘောက်တွေက အဝါရောင်ဖြစ်နေပြီး စေးကပ်နေတယ်ဆိုရင် ဒါက အဆီများပြီး အရေပြား ရောင်ရမ်းခြင်းတစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက ဦးရေပြားနှင့် မျက်နှာပေါ်က အဆီဂလင်းတွေ အများကြီးရှိတဲ့ နေရာမှာဖြစ်တဲ့ အရေပြားရောင်ရမ်းတဲ့ အခြေအနေတစ်မျိုး ဖြစ်ပါတယ်။ ဒီအခြေအနေက ဟော်မုန်း၊ မှိုစွဲခြင်းနဲ့ Parkinson’s disease, HIV စတဲ့ ရောဂါတွေနဲ့ ဆက်စပ်နေနိုင်ပေမယ့်လည်း ဘောက်ကို ကုသလိုပဲ ဘောက်ပျောက် ခေါင်းလျှော်ရည်သုံးပြီး ကုသနိုင်ပါတယ်။
♦ ပုံမှန်ထက် ပိုပြီး ဆံပင်ကျွတ်ခြင်း
တိတိကျကျ တိုင်းတာချက် မဟုတ်ပေမယ့်လည်း ကျွမ်းကျင်သူတွေက တစ်နေ့ကို ဆံပင် ၁၀၀ နှင့်အထက် ကျွတ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ ဒါက စိုးရိမ်စရာ၊ ကြောက်ရွံ့စရာ မဟုတ်ပါဘူး။ ဆံပင် အဆီအိတ်လေး ၁ သိန်းလောက်ရဲ့ 90% က အချိန်တိုင်းမှာ ဆံပင်တွေကို ထုတ်ပေးနေပါတယ်။ ကျန်တဲ့ 10% ကတော့ အနားယူတဲ့အဆင့်ကို ရောက်နေပြီး ၂-၃ လကြာရင် ဆံပင်ကျွတ်သွားပါတယ်။ ဒီနေရာမှာ ဆံပင်အသစ်တွေ အစားဝင်လာပြီး ကြီးထွားလာကာ ဆံပင်သံသရာ ပြန််လည်လာပါတယ်။
♦ Telogen Dffluvium ဆိုတာ ဘာလဲ?
ခွဲစိတ်ကုသခြင်း၊ ကာကွယ်ဆေး၊ ကလေးမွေးခြင်း၊ ဆေးဝါးအချို့၊ ပြင်းထန်သော စိတ်ဖိစီးမှုတွေနဲ့ သိုင်းရွိုက်ပြဿနာတွေက ဆံပင်ကို အနားယူတဲ့အဆင့်ကို ရောက်စေပါတယ်။ ၂ လလောက် ကြာတဲ့အခါမှာ ဆံပင်တွေကျွတ်ပြီး ပါးလာတာကို တွေ့ရပါတယ်။ ဒါကို Telogen Dffluvium လို့ခေါ်ပြီး လက်တစ်ဆုပ်စာလောက် ဆံပင်တွေ ကျွတ်လာပါတယ်။ အများစုကတော့ ဆံပင်သစ်တွေ ပြန်ပေါက်လာပါတယ်။
♦ ဆံပင်မွေးညှင်းအိ်တ်လေးတွေကို ထိခိုက်စေသောအရာ
ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က ဆံပင်မွေးညှင်းအိတ်လေးတွေကို မှားပြီး တိုက်ခိုက်မိကာ ရုတ်တရက် ဆံပင်ကျွတ်ခြင်းတွေ ဖြစ်စေပါတယ်။ လူအများစုမှာ ဆံပင်ကျွတ်တဲ့အကွက် ၁ ကွက်၊ ၂ ကွက်လောက် ဖြစ်သွားပြီး ထိုးဆေးတွေနဲ့ အလွယ်တကူ ကုသနိုင်ပါတယ်။ ဒါပေမဲ့ အချို့အခြေအနေတွေမှာ ခန္ဓာကိုယ်ပေါ်ရှိ အမွေးတွေအားလုံး ကျွတ်တတ်ပါတယ်။ ဒီအခြေအနေကို alopecia areata လို့ခေါ်ပြီး ဒါက အန္တရာယ်လည်း မရှိသလို ကူးစက်တတ်တဲ့ရောဂါလည်း မဟုတ်ပါဘူး။ ကုထုံးတွေက ဆံပင်တွေကို မြန်မြန်ပြန်ပေါက််လာစေပါတယ်။ ကံမကောင်းတဲ့ အချက်ကေတော့ အချို့လူတွေမှာ ဒီအခြေအနေကို ထပ်ခါထပ်ခါ ကြုံတွေရတတ်တာပဲ ဖြစ်ပါတယ်။
♦ အမျိုးသားတွေ ဆံပင်ကျွတ်တဲ့ပုံစံ
အမျိုးသားတွေ ဆံပင်ကျွတ်ခြင်းရဲ့ 90% က မျိုးရိုးဗီဇကြောင့် ဖြစ်ပါတယ်။
မျိုးရိုးဗီဇမှာဆိုရင် မိခင်ဘက်က ပိုပြီးလွှမ်းမိုးမှု ရှိပါတယ်။ ဒီတော့ အမေဘက်က အဘိုးကို ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့အနာဂတ်ကို မှန်းဆနိုင်ပါတယ်။ အမျိုးသားတွေရဲ့ ဆံပင်ကျွတ်တဲ့ပုံစံက နားထင်စပ်တွေက ပိုပြီး ဆံပင်ကျွတ်ကာ ပြီးတော့ ဦးခေါင်းထိပ်မှာ ကျွတ်ပြီး ခေါင်းဘေးမှာ မြင်းခွာပုံစံ ဆံပင်ကျန်ခဲ့ပါတယ်။ ဆံပင်ကျွတ်တာကို နှေးစေတဲ့ ဆေးဝါးတွေမှာ finasteride (Propecia), minoxidil (Rogaine) တို့ ပါဝင်ပါတယ်။
♦ အမျိုးသမီးတွေမှာ ဆံပင်ကျွတ်တဲ့ပုံစံ
အသက်ကြီးလာလို့ ဆံပင်ကျွတ်တာက တစ်ခေါင်းလုံး ကျွတ်တတ်ပြီး ပုံစံနဲ့ကျွတ်တာကတော့ အများအားဖြင့် ခေါင်းထိပ်မှာ ကျွတ်တတ်ပါတယ်။ အမျိုးသားတွေနဲ့ယှဉ်ရင် အမျိုးသမီးတွေက ဆံပင်ကျွတ်တာ နှေးပြီး ထိပ်ပြောင်တာလည်း ရှားပါတယ်။ Minoxidil 5% ကို တစ်နေ့တစ်ကြိမ် လိမ်းပေးခြင်းဖြင့် ဆံပင် ကြီးထွားမှုကို အားပေးပြီး ဆံပင်ပါးခြင်းကို ကာကွယ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ Spironolactone နဲ့ Flutamide စတဲ့ သောက်ဆေးတွေကိုလည်း သုံးနိုင်ပါတယ်။
♦ ဆံပင်တွေကို နေရောင်ကြောင့် ထိခိုက်ပျက်စီးမှုတွေမှ ရှောင်ကြဉ်ပါ။
နေရောင်နဲ့ အလွန်အကျွံ ထိတွေ့ခြင်းက ဆံသားတွေကို ကျွတ်ဆတ်ပြီး ဆံပင်အဖျားတွေကို ဖွာပြီး ၂ ခွ ဖြစ်စေနိုင်ပါတယ်။ ရွှေရောင်နဲ့ ငွေရောင်ဆံပင် ရှိတဲ့သူတွေမှာ ပိုပြီးဖြစ်လွယ်ပါတယ်။ အစကတည်းက ဆံပင်ပါးတဲ့သူတွေမှာဆိုရင် ဦးရေပြားကို နေလောင်နိုင်ပါတယ်။ နေရောင်ကာပါတဲ့ ဆံပင်လိမ်းဆေးတွေက အကာအကွယ် ရစေနိုင်ပါတယ်။ ဒါကြောင့် အထူးသဖြင့် ဦးရေပြားပေါ်နေတဲ့ သူတွေမှာဆိုရင် နေရောင်ထဲထွက်ရင် ဦးထုပ်ဆောင်းပြီး ထွက်ပါ။ ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်တဲ့ ဓာတ် 30 ပါဝင်တဲ့ ချည်သားဦးထုပ် ဆောင်းပါ။
♦ ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေက ဆံသားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဆံသားတွေ ကျန်းမာသန်စွမ်းဖို့အတွက် omega-3 fatty acid, ဗီတာမင် A စတာတွေနဲ့အတူ ပရိုတင်းဓာတ်နဲ့ သံဓာတ်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ တန်ဆေး လွန်ဘေးဆိုသလိုပဲ အလွန်အကျွံဖြစ်ရင်လည်း ဆံပင်ကျွတ်စေနိုင်ပါတယ်။ ကယ်လိုရီ အလွန်နည်းတဲ့ စားသောက်မှုပုံစံက အများအားဖြင့် လိုအပ်တဲ့အာဟာရဓာတ် အလုံအလောက် မပေးစွမ်းနိုင်တဲ့အတွက် ဆံပင်ကြီးထွားမှုကို ရပ်တန့်စေပြီး ဆံသားတွေကို မွဲခြောက်ခြောက် ဖြစ်စေပါတယ်။ အာဟာရဓာတ် ချို့တဲ့မှု များလာရင် ဆံပင်တွေ ကျွတ်လာစေပါတယ်။
♦ ဆံသားနှင့် နှလုံး ကျန်းမာစေသော အစားအစာများ
Omega-3 fatty acid ရရှိဖို့အတွက် ဆယ်လ်မွန်နှင့် သစ်ကြားသီး၊ ဗီတာမင် A အတွက် ဟင်းနုနွယ်ရွက်နှင့် မုန်လာဥနီ၊ selenium အတွက် brazil nut, ဇင့်ဓာတ်အတွက် ခရု စတာတွေက ဆံသား တောက်ပြောင်လှပနေစေဖို့ အထောက်အကူပြုပါတယ်။ ဒီအစားအစာတွေက ဆံသားကိုရော နှလုံးကိုပါ ကျန်းမာစေပါတယ်။
♦ အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းက မျိုးရိုးလိုက်တာပါ။
ဆံပင်ဖြူတာက အသက်အရွယ်နဲ့ အမြဲမသက်ဆိုင်ပါဘူး။ အသက် ၄၀ မတိုင်ခင် ကတည်းက ဆံပင်ဖြူတွေ တော်တော်များများ တွေ့နေပြီဆိုရင် ဒါက မိသားစုမျိုးရိုးနဲ့ ဆိုင်ပါတယ်။ သွေးအားနည်းခြင်း၊ သိုင်းရွိုက်ပြဿနာတွေနဲ့ ဗီတာမင် B12 ချို့တဲ့ခြင်းတွေကြောင့် ဆံပင် ဖြူစေနိုင်ပေမယ့်လည်း ဆံပင်ဖြူတိုင်းလည်း ကျန်းမာရေး မကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ဆံပင်ဖြူတွေကို ဖုံးကွယ်နိုင်ဖို့အတွက် ဟိုက်လိုက်ဖောက်တာ၊ ဆေးဆိုးတာတွေ လုပ်နိုင်ပေမယ့်လည်း အချို့လူတွေက ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့ မတည့်တတ်တဲ့အတွက် သတိတော့ထားပါ။ မတည့်ဘူးဆိုရင် ဦးရေပြား ယားယံပြီး လောင်စေနိုင်ပါတယ်။
♦ တင်းအားကြောင့် မွွေးညှင်းအိတ်များ ထိခိုက်ခြင်း
ဆံပင်ကို တင်းလွန်းအောင် စည်းထားခြင်းက မွေးညှင်းအိတ်တွေကို ထိခိုက်စေပြီး ဆံပင်ပြတ်ခြင်း၊ ကျွတ်ခြင်းတွေကို ဖြစ်စေပါတယ်။ ဆံပင်ဆက်ခြင်းတွေကလည်း ရှိနေတဲ့ ဆံပင်ပေါ်ကို အပို အားသက်ရောက်စေတဲ့အတွက် ဆံသားကို ထိခိုက်စေပါတယ်။ အများအားဖြင့် ဆံပင်ပုံစံ ပြောင်းလဲခြင်းက ဆံပင်တွေ သန်စွမ်းလာစေနိုင်ပါတယ်။ ဆံပင်ကို နောက်မှာ တင်းနေအောင် အကြာကြီး စည်းထားခြင်းကလည်း ရာသက်ပန် ဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါတယ်။
♦ ဆံပင်ပုံစံကို အလွန်အကျွံ ပြုပြင်ခြင်းကလည်း ဆံသားတွေကို အားနည်းစေပါတယ်။
ဆံပင်ကို လေမှုတ်စက်နဲ့ မှုတ်ပြီး အခြောက်ခံခြင်း၊ ဖြောင့်စက်ဆွဲခြင်း၊ အရောင်ဆိုးခြင်း၊ အရောင်ချွတ်ခြင်းနဲ့ ဆံပင် အလွန်အကျွံ ဖြီးခြင်းကတောင်မှ ဆံပင်ရဲ့ အပေါ်ယံလွှာကို ပျက်စီးစေပါတယ်။ ဆံပင်အောက်လွှ ာပေါ်လာတဲ့အခါမှာ မွဲခြောက်ခြောက် ဖြစ်စေပါတယ်။ ဒါက ဆံပင်တွေကို ရာသက်ပန် ပျက်စီးခြင်း မဖြစ်စေပေမယ့်လည်း အကောင်းဆုံး ကုထုံးကတော့ ဆံပင်ကိုဖြတ်ပြီး အသစ် ပြန်ပေါက်စေခြင်း ဖြစ်ပါတယ်။
♦ ဘေးထွက်ဆိုးကျိုးများကြောင့် ဆံပင်ကျွတ်ခြင်း
သွေးမခဲဆေး၊ သွေးတွင်း ကိုလက်စရောကျဆေး၊ စိတ်ကျရောဂါကုဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ သွေးဆုံးခြင်းအတွက် ဆေးများ၊ သနေ္ဓတားဆေးနဲ့ ပိုးသတ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆံပင်ကျွတ်နိုင်ပါတယ်။ အများအားဖြင့်တော့ ဆေးရပ်လိုက်ရင် ဆံပင် ပြန်ပေါက်လေ့ ရှိပေမယ့်လည်း အချို့မှာတော့ ပြန်မပေါက်တာလည်း ရှိပါတယ်။
♦ ဦးရေပြားကို နှိပ်နယ်ပေးခြင်းက အလွန်ကောင်းပါတယ်။
ဦးရေပြားကို နှိပ်နယ်ပေးခြင်းက ဆံပင်ကျွတ်ခြင်းကို နှေးကွေးစေတယ် (သို့) ဦးရေပြား အခြေအနေကို ကောင်းစေတယ်ဆိုတဲ့ အထောက်အထား မရှိပေမယ့်လည်း စိတ်ဖိစီးမှုတွေကိုတော့ ပြေလျော့့စေပါတယ်။ ဦးရေပြားကို ထိတွေ့မှုကို တုံ့ပြန်မှုများတဲ့ အာရုံကြောအဆုံးလေးတွေနဲ့ ဖုံးအုပ်ထားတဲ့အတွက် ဦးရေပြားကို ပွတ်သပ်ပေးခြင်းက တင်းအားတွေကို ပြေလျော့စေပါတယ်။ ဒါ့အပြင် နှိပ်နယ်ခြင်းက dopamine, serotonin စတဲ့ ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်လာစေပါတယ်။
♦ ဆံသားကို စစ်ဆေးခြင်းက မယုံကြည်ရပါဘူး။
အချို့သောကုမ္ပဏီတွေက ဆံသားတွေမှာ ဗီတာမင် ချို့တဲ့ခြင်းတွေ ရှိ၊ မရှိ (သို့) ကျန်းမာရေးပြဿနာတွေ ရှိ၊ မရှိ ဆန်းစစ်နိုင်တယ်လို့ အခိုင်အမာ ပြောတတ်ကြပါတယ်။ ဆံသားဆန်းစစ်ခြင်းက ခဲဓာတ်ကဲ့သို့သော အချို့သော အဆိပ်ဓာတ်တွေကို တွေ့ရှိနိုင်ပေမယ့်လည်း တွေ့ရှိချက်တွေက မမှန်တာနဲ့ ကွဲပြားတာတွေ ရှိနိုင်ပါတယ်။ လေထု ညစ်ညမ်းခြင်းကနေပြီးတော့ ခေါင်းလျှော်ရည်အထိ အရာရာတိုင်းက တွေ့ရှိချက်အဖြေကို သက်ရောက်မှု ရှိနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























