မွေးမိဘရင်းတွေရဲ့ ... ရင်တွင်းကွက်လပ်
" အဲဒါ ... ဘယ်က ကလေးတွေလဲဗျာ ... "
ကျွန်မ တကယ်တော့ ဒီလို စူးစမ်းတဲ့အကြည့်တွေ မေးမြန်းမှုတွေနဲ့ နေသားကျနေပါပြီ။ လက်ကိုင်အိတ်ကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်ရင်းကား ဒရိုက်ဘာအမေးကို ဖြေရပါတယ်။
" ... ကျွန်မတို့ မိဘမဲ့ကလေးထိန်းဂေဟာက ကလေးတွေပါ ... ကျွန်မ ခရီးထွက်မှာမို့ လိုက်ပို့ကြတာ "
" အော် ... " သူ့မျက်နှာ ညှိုးပြီး ငုံ့သွားပြန်တယ်။ နောက်ခရီးသည်တွေကို စောင့်နေရင်း ကျွန်မ အဝေးကို ငေးနေမိတယ်။
" ကလေးထိန်းဂေဟာနာမည်က ဘာလဲ ... သိလို်ရမလား "
စပ်စုရန်ကောလို့ ကျွန်မ သူ့ကို ခပ်ချဉ်ချဉ်လေး ထပ်ကြည့်မိရင်း သူ့အမေးကိုပါ ဖြေရပါတယ်။
ဘတ်စ်ကားလေးက တလိမ့်ချင်း ထွက်လာပါတယ်။ ဒရိုက်ဘာ ဘေးထိုင်ခုံ ယူမိတာ အဆင်ပြေလိုက်တာ။ နောက်လူတက်လို့ နေရာ ဖယ်ပေးစရာလည်း မလို၊ ထိုင်လိုက်ထလိုက် လုပ်စရာလည်း မလို။ ပြင်ပ ရှုခင်းတွေက တရိပ်ရိပ် ပြောင်းလာပါတယ်။ တိုက်တာ အိမ်တွေ ကျဲပါးလာပြီး အဆုံးအဆမဲ့ လယ်ကွင်းတွေနဲ့ ချောင်းလေးတွေကို ဖြတ်ကျော်လာပါတယ်။
ကားဒရိုက်ဘာက ကျွန်မကို အသာ စောင်းငဲ့ကြည့်ကြည့်နေတာကို စိတ်ရှုပ်စွာ သတိထားမိပြန်ပါရော။ ကားလည်းမောင်းရင်း သူမကိုကြည့်ရင်း ...
ခဏနေတော့ သူ သည်းမခံနိုင်တော့သလို၊ သက်ပြင်းချလိုက်သလို အသံ ကြားလိုက်ရပါတယ်။ စကားလုံးများက ကရားရောလွှတ် တတွတ်တွတ် ထွက်လာပြန်ပါတယ်။
" ကလေးတွေက ဘယ်အရွယ်လဲ ... မိဘတွေ ထားသွားတာလား ... ကျွန်တော် စိတ်ဝင်စားနေမိလို့ပါ ... တကယ်လို့ မွေးစားချင်ရင် ဘယ်လိုလုပ်ပေးရလဲ ... လမ်းမှာ ကောက်ရတာလား ... ဆေးရုံက ကလေးတွေရော ခေါ်ပေးလား ... သူတို့်ကို ဘာကျွေးလဲ ... ကျွန်တော် တစ်ရက် လာကြည့်ချင်တယ် ... လိပ်စာလေး ပြောပါလား "
ကျွန်မ စိတ်ရှုပ်စွာနဲ့ပဲ ခေါင်းကိုထိုးဖွလိုက်ပြီး သူ မေးသမျှကို တစ်ခွန်းချင်း မဖြေချင်၊ ဖြေချင် ဖြေရပါတယ်။ တကယ်တော့ ဘာကိုမှ ဖြေချင်စိတ်မရှိ။ ကျွန်မအလုပ်နဲ့ ပတ်သက်လို့ မေးရ၊ ဖြေရသမျှကို ရိုးနေတဲ့အပြင် ငြီးငွေ့လာတဲ့အခြေအနေကို ရောက်နေပါပြီ။
စကားစ ခဏပြတ်သွားပြီး သူ ငြိမ်ကျသွားပြန်တယ်။ တော်သေးတယ်လို့ တွေးရင်း သူမအိတ်ထဲက ကတ်ဆက်အသေးလေးကို ထုတ်၊ နားကြပ်လေး ထိုးကာ သီချင်း နားထောင်နေလိုက်ပါတယ်။
သူမ အိပ်ပျော်သွားလိုက်တာ ဘေးက ကားဆရာ လှုပ်နှိုးမှပဲ နိုးတော့ပါတယ်။ သူက သူမကို ပြူးကြောင်ကြောင်ကြည့်နေရင်း ဝိုင်းစက်နေတဲ့မျက်လုံးထဲမှာ မျက်ရည်စတွေ တွဲခိုနေတာ မြင်ရပါတယ်။ ဒီလူ ဘာလာကြောင်နေတာလဲ ... ဘာတွေလဲ ... ကျွန်မ မသိတော့ပါ။
ရုတ်တရက် ထလိုက်ပြီး သူ့ကိုပြန်ငေးနေမိပါတယ်။
" ကျွန်တော် ... ဘာကြောင့် ခင်ဗျားရဲ့ဂေဟာအကြောင်းကို စိတ်ဝင်တစား မေးနေမိတယ်ဆိုတာ သိလားခင်ဗျာ။ ကျွန်တော် လူပျိုပေါက်အရွယ်က ကျွန်တော့်ချစ်သူနဲ့ ချစ်ကြတော့ သူမအိမ်က ကျွန်တော်နဲ့ သဘောမတူဘူး ... ကျွန်တော် သူနဲ့ခိုးပြီး အတူနေကြတယ် ... နောက်တော့ သူမ ကိုယ်ဝန် ရှိလာတယ်။ မွေးခါနီးတော့ သူ့မိဘတွေ သူ့ကို လာခေါ်သွားတယ် ... ကိုယ်ဝန်အရင့်အမာနဲ့မို့လို့ ဘာမှမကန့်ကွက်ဘဲ သူတို့နဲ့ ကျွန်တော် ထည့်လိုက်ပါတယ် ... ကလေး မွေးတယ် ... ကလေးကို မွေးပြီးပြီးချင်း မိဘမဲ့ဂေဟာကို ပို့လိုက်တယ် ကြားရတယ် ... သူမလည်း ရင်ကွဲမတတ်ပဲ ... သူမကို ပြန်ပို့မလာတော့ဘူး ... ကျွန်တော် အလုပ်ကြိုးစားပြီး တစ်နေ့မှာ သူမ မိဘတွေနဲ့ နည်းနည်း အဆင်ပြေလာတယ် ... ဒီတခါ တရားဝင် လက်ထပ်ကြတယ် ... ကလေးကို မိဘမဲ့ဂေဟာပို့ခဲ့တဲ့ သူ့အမေလည်း ဆုံးသွားပြီ ... ဟိုတုန်းက သိပ်ငယ်ခဲ့တော့ ငိုတာအပြင် ဘာမှမလုပ်တတ်ခဲ့ကြဘူး ... အခု ကျွန်တော်တို့ လက်ထပ်ခဲ့ကြပြီ ... ဒါပေမဲ ကလေး မရဘူး ... ဒီကလေးကို ဘယ်ပို့လိုက်တယ် စုံစမ်းမရဘူး ... ကျွန်တော်တို့ရင်ထဲမှာ တစ်ဘဝစာ အစိုင်အခဲပါပဲ ... ဒီကလေးနဲ့ ပတ်သက်တဲ့ကွက်လပ်က အမြဲရှိနေမှာပါ ..."
သူပြောရင်းနဲ့ ငိုကြီးချက်မ ဖြစ်လာတယ်။ နှာရည်တွေ ကျလာတယ်။ မျက်နှာတွေ ရဲတက်လာတယ်။
" ကျွန်တော့်ဇနီးကို သိပ်သနားတယ် ... ဒီကလေးကို ဇွတ်ယူခဲ့တာ ကောင်းစားဖို့ထက် မိဘမဲ့ဂေဟာရောက်ဖို့ ဖြစ်သွားခဲ့တယ် ... သူကို လောကကြီးထဲကို အတင်းခေါ်ခဲ့တဲ့ ကျွန်တော်တို့် မတရားဘူး ... ကျွန်တော်တို့ကလေး အဆင်ပြေသလား? မပြေသလား? ... မသိရဘူး ... ခင်ဗျားကို အနှောင့်အယှက်ပေးတာ မဟုတ်ဘူး ... ဂေဟာကလူတိုင်းကို တွေ့တိုင်း ကျွန်တော် ဒီလို အမြဲမေးနေကျမို့ပါ "
သူ့အသံတွေ တုန်နေတယ်။ ကျွန်မ ငိုင်ကျသွားတာကနေ ပြန်သတိဝင်လာတယ်။
" စိတ်မပူပါနဲ့ရှင် ... ဒါက ကျွန်မတို့ မိဘမဲ့ကျောင်း လိပ်စာကတ်ပါ ... ရှင်အဆင်ပြေတဲ့အချိန် လာနိုင်ပါတယ် ... ရှင့်ကို ကူညီပေးဖို့ အဆင်သင့်ပါ ... ရှင့်ကလေး ... ရှင့်ကလေး ... တစ်နေရာရာမှာ အဆင်ပြေနေမှာပါ "
ကျွန်မ နောက်ဆုံးအကြောင်းကို ထစ်ထစ်ငေါ့ငေါ့ပြောရင်း ကားတံခါးကို ဖွင့် ပြေးဆင်းလာခဲ့တယ်။ သူ ဘယ်လိုကျန်ခဲ့လဲ ကျွန်မ မသိချင်တော့ပါ။
*************************************************************************
သမီးလေးကို မွေးစားတော့ ကျွန်မ သိပ်ပျော်ခဲ့ရတယ်။ ဂေဟာကနေ ခေါ်လာတာလေ။ ကျွန်မ ဒီအလုပ် ဆက်မလုပ်တော့ဘူး။ ကော်ဖီဆိုင်လေးမှာ မုန့်ဖုတ်တယ်။ အတူနေချစ်သူ ရှိတယ်။ ချစ်စရာသမီးလေး ရှိတယ်။ တစ်နေ့နေ့မှာ သူ့ကို ပြောပြရဦးမယ်။ သူ့ကိုချစ်တဲ့ အချစ်တွေအပြင် ကမ္ဘာလောကကြီးရဲ့ တခြားတစ်နေရာရာမှာ သူ့မိဘရင်းတွေ အသက်ရှင် ကျန်နေဦးမယ်ဆိုရင် ...
ဟုတ်ပါတယ်။ အဲဒီမိဘရင်းတွေရဲ့ အချစ်တွေ၊ မေတ္တာတွေက သူ့ကိုပေးဖို့ ကွက်လပ်အနေနဲ့ ကျန်နေတာတွေ သူ့ကို ပြောရမယ်။ ကျွန်မ ကွက်လပ်ကို ဖြည့်ပေးနေတဲ့ သမီးလေးဟာ တခြားတစ်ဖက်မှာ ကွက်လပ်တစ်ခု ချန်ထားခဲ့တယ်။ သူမအတွက် အချစ်တွေ နေရာတိုင်းမှာ လွင့်ပျံနေသေးတယ်ဆိုတာ ပြောပြရမယ်။ တစ်ဖက်မိဘကိုလည်း စိတ်မနာအောင်၊ ကျွန်မပေါ်မှာလည်း အမြဲချစ်နေအောင်၊ ရင့်ကျက်ခိုင်မာတဲ့ မေတ္တာအပြည့်နဲ့ ပျိုးထောင်ပေးမယ်လေ။ သူ့မှာ အမုန်း မရှိရဘူး။ တကယ်တော့ ဘယ်သူမှ အပြစ်မရှိပါဘူး။ ဘုရားသခင်ကသာ သမီးလေးကို ကျွန်မကိုပေးဖို့ ရွေးချယ်ခဲ့တာပါ။ ဒီအတွက် သူမရဲ့ မွေးမိဘရင်းတွေကိုလည်း အမြဲကျေးဇူးတင်ပါတယ်လေ...။
(An Unforgettable Story of a Birth Parent ကို ဆီလျော်အောင် ပြန်ဆိုပါသည်)
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























