/
node/5860

မသိလိုက်မိလေခြင်း ...

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

       " ဟိုဟာလေ ဆရာမ ... အညိုပုပ်ပုပ်တွေ ဆင်းနေလို့ ... ပထမတော့ သွေးရောင် ... အခုကျ ... နည်းနည်းညိုညို ... "

          ဆရာဝန်မလေးက လူနာကို တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်ပြီး သွေးပေါင်ချိန်တာ အဖျားတိုင်းတာတွေ ပြီးစီးတဲ့အထိ စောင့်နေလိုက်ပါတယ်။

          " အဖျားသွေး နည်းနည်းရှိတယ် ... အင်း ... ဟုတ်ပြီ ... ဆီးလေး စစ်လိုက်ပါဦး "

          သူနာပြုဆရာမလေးတိုးတိုး လိုက်ကာလေးဆွဲဖယ် ထွက်သွားပြီး ခဏကြာတော့ သူမကို နှစ်ကြောင်းပေါ်နေတဲ့ ဆီးစစ်တံလေးကို ချပြပါတယ်။

          " မမွန် ... ကိုယ်ဝန် ရှိနေတာ သိသလား ... "

          သူမမျက်နှာလေး ညိုသွားပြီး -

          " မသိ ... မသိဘူးဆရာမ " တဲ့။

          " တားဆေး ဘာသုံးလဲ? "

          " သုံးလခံဆေး ထိုးပါတယ် ... ဖြတ်လိုက်တာတော့ ရှစ်လလောက် ရှိပြီ ... ရာသီတော့ ပြန်လာတယ် ... ဓမ္မတာကတော့ အရင်လို မမှန်ဘူး ... လာလည်း ကောင်းကောင်းမလာတာနဲ့ ဒီတိုင်းပဲ ဆက်မထိုးတော့တာ ... "

          " လုံးဝမလာတာ ဘယ်တုန်းကလဲ? "

          " မမှတ်မိဘူး ဆရာမ ... ရာသီက အကြာကြီးလည်း ထိန်သွားတဲ့အပြင် ပြန်လာတော့လည်း သိပ်မမှန်တော့လို့ ... သတိမထားမိဘူး ဆရာမ "

          ဆရာဝန်မလေးက ဟင်းခနဲ သက်ပြင်းချလိုက်ပြီး ရောဂါရာဇဝင် ဆက်မေး လူနာကို စမ်းသပ်ရပါတယ်။

          " ကဲ ... အောက်ကို ကြည့်ရအောင် ... စမ်းမယ်နော် " မစမ်းခင် အရင်ရှင်းပြပြီး မိန်းမကိုယ်ကို စစ်ဆေးလိုက်တော့ -

          ပေါင်လေး ကားလိုက်တာနဲ့ အထဲကနေ တစ်စုံတစ်ခုက ပြူတူတူလေး ထွက်ချနေပါတယ်။ ကြည့်လိုက်တော့ ချက်ကြိုးအစအန ...

          " တစ်ဆို့ဆို့ ဖြစ်နေတာ ... ဆရာမ ဘာကြီးမှန်းမသိ "

          လက်ထောက်ဆရာဝန်မလေးခမျာ ပခုံးလေး တစ်ချက် တွန့်လိုက်ကာ သူမကို ခပ်ပြုံးပြုံးလေး  အားပေးလိုက်ပြီး အပြင်ထွက်ကာ မမအိုဂျီဆီ ဖုန်းခေါ်ရပါတော့တယ်။

          ကဲ ... ဘယ်လို အဆုံးသတ်မှာပါလိမ့် ... သူမရဲ့အဖြစ်ကတော့ ဒီလိုပါ။

●        သုံးလခံဆေး ဖြတ်လိုက်တယ်။

●        ရာသီ အကြာကြီး ထိန်သွားတယ်။

●        ရာသီ ပြန်လာပေမယ့်လည်း အရင် ဆေးအရှိန်နဲ့ ဓမ္မတာက သိပ်မမှန်တော့ သတိမထားမိသလို ထိန်တဲ့အခါ ဂရုတစိုက် ဆီး မစစ်ခဲ့ဘူး။

●        သွေးဆင်းလာတဲ့အခါ ရာသီလာတယ်လို့ပဲ ထင်တယ်။ ဒီတော့ ပေါ့ပေါ့ပဲ ထားလိုက်တယ်။

●        သူမ ဆီးစပ်တွေ ကိုက်လာပြီး ဖျားချင်သလိုလို ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။ မိန်းမကိုယ်ကနေ တစ်ခုခု ထွက်လာသလို ခံစားရတယ်။

●        ဆရာဝန်ဆီ လာပြတယ်။ ဆရာဝန်က ဆီးစစ်ပြီး စ,စမ်းသပ်တယ်။

●        သူမဟာ ကိုယ်ဝန်ရှိမှန်း မသိလိုက်ဘဲ အကြောင်းတစ်ခုခုကြောင့် သနေ္ဓတည်သွားခဲ့ပြီး  ကိုယ်ဝန် ပျက်ကျသွားပါတယ်။

●        ကိုယ်ဝန်ပျက်တဲ့အခါ  အစအနတွေအဖြစ် အပြင်ကို ထွက်ကျမလာဘဲ အထဲမှာ လှိုက်ပြီး သနေ္ဓ ပျက်စီးတာ ဖြစ်ပါတယ်။ ထွက်ကျလာတာကတော့ ဆုံးသွားတဲ့ သနေ္ဓသားလေးရဲ့ ချက်ကြိုးအစအနလေးသာ ဖြစ်ပါတယ်။ သားအိမ်ခြစ် သန့်ရှင်းရေးလုပ်လိုက်ရ၊ ပဋိဇီဝဆေးတွေ သွင်းကုသပြီးနောက်မှာ ယခင်လို ပြန်လည်ကျန်းမာသွားပါတယ်။

          ဒီအဖြစ်လေးက ဘာကိုပြလဲဆိုတော့ -

●        ဆေးထိုးဆေးသောက်နေပြီး ဆေးဖြတ်လိုက်တဲ့အခါ ဓမ္မတာ မမှန်မကန် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ပေါ့ပေါ့ဆဆမထားဘဲ ဆီးစစ်ကြည့်ကြဖို့၊ သတိပြုကြဖို့ တိုက်တွန်းပါတယ်။

●        ကိုယ်ဝန်ရှိစမှာ လက္ခဏာတွေ ပေါ်တတ်ပေမယ့် ဘာကိုမှ သတိမထားမိ ရှိလို့ရှိမှန်းမသိခဲ့တဲ့ မွန်မွန်တို့လို အမျိုးသမီးတွေ ရှိနေနိုင်ပါတယ်။

●        ကိုယ်ဝန်ပျက်မှန်းမသိဘဲ သွေးဆင်း အထဲမှာ သနေ္ဓသားက ပုပ်ပွသေဆုံးတဲ့အခါ ထွက်ပေါ်လာတဲ့ အဆိပ်ဓာတ်တွေကြောင့် သွေးဆိပ်တက်ရောဂါ ဖြစ်သွားနိုင်ပါတယ်။

          ဒီဖြစ်ရပ်လေးကို သင်ခန်းစာယူပြီး မိမိကိုယ်ကို သတိပြု ကာကွယ်နိုင်ကြမယ်ဆိုရင် ကျေနပ်စရာပါပဲလို့ စာရေးသူအနေနဲ့ မှတ်ယူပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)