/
node/5888

ဒေါက်ဖိနပ်နဲ့ မမတို့ သတိပြုဖို့ ...

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ဒေါက်ဖိနပ်ဟာ ပျိုပျိုမေတို့ရဲ့ဘဝမှာ အရေးပါတဲ့ အရာတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ဒေါက်ဖိနပ်လေး စီးလိုက်ရမှ ကြွကြွရွရွနဲ့ လှတယ်၊ ယုံကြည်မှုရှိတဲ့ပုံ ပေါက်တယ်လို့ ထင်ကြပါသေးတယ်။ ဒီလို စတိုင်ကျလှပရုံတင် မကပါဘူး။ ဒေါက်ဖိနပ်ကြောင့်ပဲ ဒုက္ခရောက်ကြရပါသေးတယ်။

          ကမ်ဘာတစ်လွှား ခြေထောက်နာရခြင်းရဲ့ အဓိကအကြောင်းရင်းထဲမှာ ဒေါက်ဖိနပ်က ထိပ်ဆုံးက ပါနေပါတယ်။

 

>>    ဒေါက်ဖိနပ်ရဲ့ ဒုက္ခတွေကတော့ -

၁။     အဆစ်နာခြင်း

          အခြားဖိနပ်တွေနဲ့ မတူတာက ဒေါက်ဖိနပ်မှာ ထိခိုက်မှုတွေကို လက်ခံစုပ်ယူပေးနိုင်စွမ်း မရှိတဲ့အပြင် လမ်းလျှောက်တဲ့အခါ သဘာဝအတိုင်း ခြေထောက်လည်ခြင်းကို တားဆီးတဲ့အတွက် ခြေလှမ်းတိုင်း ဒူးမှာ ဒဏ်ဖြစ်လာပါတယ်။ ဒါကြောင့် တစ်နေကုန် ဒေါက်ဖိနပ်စီးတဲ့အခါ ခြေထောက်အဆစ်အမြစ်တွေ တောင့်တင်း နာကျင်ပြီး ကျန်ခဲ့တတ်ပါတယ်။

 

၂။     အသားမာများ

          အရမ်းကျပ်တဲ့ဖိနပ်တွေ၊ ခြေထောက်ကို ပုံမမှန်စေတ့ဲဖိနပ် (ဥပမာ - ထိပ်ရှူးဖိနပ်) တွေဟာ ခြေထောက်ဘေးဘက်တွေနဲ့ ခြေဖျားထိပ်ကို ဖိအားပေးတာကြောင့် အချိန်ကြာလာတဲ့အခါ အသားမာတွေ တက်လာတတ်ပါတယ်။ ဒီလိုအသားမာတွေကြောင့် ခြေထောက်အလှ ပျက်စီးပြီး ခြေညှပ်ဖိနပ်တွေ မစီးရဲ ဖြစ်တတ်ပါတယ်။

 

၃။     ခြေဖနောင့်ကြော တိုခြင်း

          နှစ်ပေါင်းများစွာ ဒေါက်ဖိနပ်စီးသူတွေဟာ ခြေဖနောင့်ကြော တိုသွားတတ်ကြောင်း သိရပါတယ်။ ခြေထောက် ကြွထားတဲ့ အနေအထားမှာ ခြေဖနောင့်တစ်ဝိုက်ရှိ ကြွက်သားတွေ၊ အရွတ်တွေ ပြောင်းလဲမှု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရိုးရိုးဖိနပ်တွေ စီးတဲ့အခါ၊ ခြေဗလာ လမ်းလျှောက်တဲ့အခါ တောင့်တင်းပြီး နာကျင်လာတတ်ပါတယ်။

 

၄။     ခါးနာခြင်း

          တစ်နေကုန် ဒေါက်ဖိနပ်စီးပြီး တစ်နေရာကနေ တစ်နေရာ လမ်းလျှောက်ရတဲ့အခါ အမြဲခါးနာတတ်ပါတယ်။ ဒေါက်ဖိနပ်နဲ့ လမ်းလျှောက်တဲ့အခါ တင်ပါးဆုံရိုးရှေ့ကို ငေါထွက်လာပြီး ခါးပေါ် ဖိအားသက်ရောက်မှု များလာပါတယ်။

 

၅။     ခြေထောက်ထိပ်မှာ ကူရှင် နည်းလာခြင်း

          ဒေါက်ဖိနပ်စီးတဲ့အခါ တစ်ကိုယ်လုံးရဲ့ အလေးချိန်ဟာ ခြေထောက်ထိပ်အပေါ်မှာ မူနေတဲ့အတွက် တဖြည်းဖြည်းနဲ့ ခြေထိပ်ကူရှင် နည်းလာပြီး နာကျင်လာတတ်ပါတယ်။ ဒါကြောင့် ပလတ်စတစ်ဆာဂျင်တွေဟာ ခြေထောက်ထဲကို botox ထိုးပြီး ဒေါက်ဖိနပ်စီးတဲ့အခါ ပိုသက်သောင့်သက်သာရှိအောင် ပြုလုပ်ပေးကြပါတယ်။

 

၆။     ချော်လဲပြီး ခြေခေါက်လဲခြင်း

          ဖိနပ်အပါးစီးတဲ့အခါ တစ်ကိုယ်လုံး အလေးချိန်ဟာ ခြေဖနောင့်နဲ့ ခြေထိပ်မှာ ညီညီမျှမျှ ရှိနေပေမယ့် ဒေါက်ဖိနပ် စီးတဲ့အခါ တစ်ကိုယ်လုံး အလေးချိန်ဟာ ခြေချင်းဝတ်ပေါ် မူတည်လာပါတယ်။ ခြေချင်းဝတ်ဟာ ဒီအလေးချိန်ကို မခံနိုင်တဲ့အတွက် အနည်းငယ် မညီမညာဖြစ်ရုံနဲ့ ဟန်ချက်ပျက်ကာ ခြေချော်လဲနိုင်ပါတယ်။

 

၇။     ခြေစွယ်ငုပ်ခြင်း

          ဒေါက်ဖိနပ်တွေဟာ ထိပ်ချွန်လေးတွေ ဖြစ်နေလေ့ရှိတဲ့အတွက် စတုရန်းပုံရှိတဲ့ ခြေထိပ်တွေဟာ၊ အထူးသဖြင့် ခြေသန်းလေးတွေဟာ ပိုပြီးဒဏ်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒေါက်ဖိနပ်စီးတဲ့အခါ ခြေသည်းတွေ အထဲကို စိုက်ဝင်လာပြီး နာကျင်လာတတ်ပါတယ်။

 

>>    ဒေါက်ဖိနပ် ရွေးတဲ့အခါ -

          ဒေါက်ဖ်ိနပ် မစီးဘဲလည်း မနေနိုင်၊ စီးရမှာလည်း ကြောက်တဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။

 

●      တစ်ပြေးညီ ဒေါက်ဖိနပ်တွေ စီးပါ။

          ဒေါက်ဖိနပ် ရူးသွပ်သူတွေဟာ တစ်ပြေးညီဒေါက်တွေ စီးသင့်ပါတယ်။ ခြေဖနောင့်သာမက ခြေဖျားတွေကိုပါ ထောက်ကူပေးထားတဲ့အတွက် နောက် ၃ လက်မ၊ အရှေ့ ၁ လက်မရှိတဲ့ ဒေါက်ဖိနပ်ဟာ ၂ လက်မဒေါက်လောက်သာ ဒဏ်ဖြစ်ပါလိမ့်မယ်။

 

●      သက်သောင့်သက်သာရှိတဲ့ ဖိနပ်တံဆိပ်ကို ရွေးပါ။

          ဒီလို သက်သောင့်သက်သာလည်း ရှိ၊ လှလည်းလှတဲ့ ဒေါက်ဖိနပ်တွေဟာ ဈေးကလည်း ကြီးတတ်ပါတယ်။

 

●      နာရီ အနည်းငယ်မျှသာ စီးပါ။

          ၃ နာရီလောက်သာ သတ်မှတ်ထားပါ။ ဒါကြောင့် နာရီအတော်ကြာ လမ်းလျှောက်ရမယ့်၊ ကခုန်ရမယ့် နေရာမျိုးမှာ ဒေါက်ဖိနပ်ကို နာရီအနည်းငယ်မျှစီးပြီး ရိုးရိုးဖိနပ်ကို ပြောင်းစီးပါ။

 

●      ချစ်စရာကောင်းပြီး လှပတဲ့ခြေညှပ်ဖိနပ်တွေကို ရွေးချယ်ပါ။

          ချစ်စရာ အလှအပတွေနဲ့ တန်ဆာဆင်ထားတဲ့ ဖိနပ်အပါးတွေဟာ ဂါဝန်၊ စကပ်၊ ဘောင်းဘီ အကုန်လုံးနဲ့ လိုက်ဖက်ပါတယ်။

 

●      ဖိနပ်အောက်ခံလေးတွေ ခံစီးပါ။

          ဒေါက်ဖိနပ်မှာ အောက်ခံကပ်ခွာလေးတွေ ခံထားခြင်းဖြင့် ခြေထိပ်အောက်တင်မက၊ ခြေဖဝါး တစ်ပြင်လုံးကို ထောက်ပံ့ပေးထားပါတယ်။

 

●      ခြေဖဝါးကို ဆန့်ပေးပါ။

          တစ်နေကုန် ဒေါက်ဖိနပ်စီးထားလို့ ညောင်းညာနေခဲ့ရင် ခုံမှာ ထိုင်၊ ဂေါက်ဘောလုံး သို့မဟုတ် တင်းနစ်ဘောလုံးတစ်လုံးကို ခြေဖဝါးပြင်အောက်မှာထားပြီး လှိမ့်ပေးပါ။ ခြေဖဝါးရှိ တင်းနေတဲ့ ကြွက်သားတွေ၊ အရွတ်တွေ ပြေလျော့သွားပါလိမ့်မယ်။

 

>>    နိဂုံးချုပ်

          ဒေါက်ဖိနပ်ကို ဘယ်လောက်ပဲကြိုက်ကြိုက်၊ တစ်နေကုန် စီးထားပြီးနောက် နာကျင်ကိုက်ခဲပြီး နွမ်းနယ်နေတယ် ဆိုရင်တော့ ပိုပြီးသက်သောင့်သက်သာရှိမယ့် ဖိနပ်မျိုးကို ပြောင်းစီးသင့်ပါပြီ။ ခေတ်နဲ့ညီညီ လှပတဲ့ ဒေါက်ဖိနပ်လေးတွေ စီးချင်ပေမယ့် တစ်သက်လုံး ခံစားရမယ့် အဆစ်အမြစ် နာကျင်မှုနဲ့ ယှဉ်ကြည့်လိုက်ရင် မတန်ပါဘူး။ ဒါကြောင့် နောက်ဆုံး မစွန့်နိုင်သေးရင်တောင် နည်းနည်း လျှော့စီးပေးဖို့ တိုက်တွန်းလိုပါတယ်။

Dr. Emerald (www.drmyanmar.com)