ဘယ်လောက်အိပ်အိပ် အိပ်ရေးမ၀ဘဲ အမြဲနွမ်းနယ် အိပ်ငိုက်နေပါသလား?
အာဟာရ မပြည့်ဝခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဆီးချို၊ သွေးအားနည်းခြင်း၊ သိုင်းရွိုက်ရောဂါများ စသည်ဖြင့် ပင်ပန်းနွမ်းနယ်ပြီး မလှုပ်ချင် မကိုင်ချင် နုံးနေရတဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့အထဲမှာ တစ်ခု အပါအဝင်ကတော့ အအိပ်ရောဂါတွေပဲ ဖြစ်ပါတယ်။
● မနက်ခင်းမှာ မထနိုင်ခြင်း
● တစ်နေကုန် အိပ်ငိုက်နေခြင်း
● စားနေရင်း၊ စကားပြောနေရင်းနဲ့ ကားမောင်းနေရင်းတောင် အိပ်ငိုက်တတ်ခြင်း
● တရေးတမော အိပ်ပေမယ့် အိပ်ရေးမဝခြင်း
● စိတ်တိုစိတ်ဆတ်နေခြင်း
● အာရုံ မစူးစိုက်နိုင်ခြင်း
● အစားအသောက်ပျက်ခြင်း
● အလုပ်မှာ၊ ကျောင်းမှာ လုပ်ကိုင်နိုင်စွမ်း ကျဆင်းခြင်းတွေဟာ အအိပ်ရောဂါရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
ညဘက်မှာ ကောင်းကောင်း အိပ်ပျော်တယ်လို့ ထင်ရပေမယ့် နေ့ဘက်မှာ မလန်းမဆန်း အိပ်ငိုက်နေတတ်တဲ့ အဓိကရောဂါ (၃) မျိုး ရှိပါတယ်။
1. ညအိပ်ချိန် အသက်ရှူရပ်ရောဂါ
တချို့လူတွေမှာ လည်ပင်းကြွက်သားတွေကြောင့်၊ လျှာနောက်ပြန် လန်တာကြောင့်၊ အာသီးကြီးနေတာကြောင့် လေလမ်းကြောင်းမှာ ပိတ်သွားပြီး အသက်ရှူ ရပ်ရပ်သွားတတ်ပါတယ်။ ဒီလိုအသက်ရှူ ရပ်သွားတဲ့အခါ ဦးနှောက်က အသက်ပြန်ရှူဖို့ ပြန်နိုးလာတတ်ပါတယ်။ ဒီလိုဖြစ်စဉ်ဟာ တစ်ညမှာ အကြိမ်ရေ ရာနဲ့ချီပြီး ဖြစ်တတ်ပေမယ့် ၁၀ စက္ကန့်မှ စက္ကန့် ၂၀ လောက်အထိသာ ကြာတတ်တဲ့အတွက် နိုးလို့ နိုးမှန်းတောင် မသိလိုက်ကြပါဘူး။ ဒီလို ညဘက် ခဏခဏ နိုးနေတဲ့အခါ နေ့ဘက်မှာ အိပ်ငိုက်နေပြီး နွမ်းနယ်နေတတ်ကြပါတယ်။
2. အိပ်ချိန် မူမမှန်ရောဂါ
ပုံမှန်လူတစ်ယောက်ရဲ့ အအိပ်စက်ဝန်းမှာ မျက်လုံးလှုပ်ရှားမှုမြန်ချိန် (REM) နဲ့ မျက်လုံးလှုပ်ရှားမှုမရှိချိန် (NREM) ဆိုပြီး မိနစ် ၉၀ စီ တစ်လှည့်စီ ဖြစ်တတ်ပြီး အိပ်ချိန်ရဲ့ ၇၅% ကို NREM အချိန်နဲ့ ကုန်ဆုံးတတ်ကြပါတယ်။ NREM အချိန်မှာ ကိုယ်ခန္ဓာကို ပြန်လည်ပြုပြင်ပြီး REM အချိန်မှာ ဦးနှောက်လှိုင်းတွေ မြန်ဆန်ကာ အိပ်မက်တွေ မက်တတ်ကြပါတယ်။ Narcolepsy ရောဂါမှာ ဒီစက်ဝန်း မူမမှန်ဖြစ်ပြီး ရုတ်တရက်ကြီး မထင်မှတ်တဲ့အချိန်မှာ REM အိပ်ချိန်စက်ဝန်းကို ရောက်ရောက်သွားတတ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ hypocretin ဆိုတဲ့ အာရုံကြော ဆက်သွယ်ပစ္စည်း အလွန်နည်းပါးနေတာကြောင့် ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
3. ခြေမငြိမ်ရောဂါ
ဒီရောဂါဝေဒနာ ခံစားရသူတွေမှာ အိပ်ပျော်ဖု့ိ ကြိုးစားနေချိန် ခြေထောက်မှာ မသက်မသာ ခံစားချက်တွေ၊ ပြောမပြတတ်တဲ့ နာကျင်မှုတွေ၊ တရွရွ ခံစားချက်တွေ ဖြစ်လာတတ်ပြီး ခြေထောက် လှုပ်ချင် ရွှေ့ချင် ပြောင်းချင် ဖြစ်လာတတ်ပါတယ်။ ဒီလို အိပ်ပျော်ခါနီးတိုင်း ခြေထောက် ရွှေ့ပြောင်းချင်တဲ့ဆန္ဒကြောင့် ကောင်းကောင်းအိပ်မပျော်ဘဲ နေ့ဘက်မှာ အလွန်အမင်း ငိုက်တတ်ပါတယ်။
>> ရောဂါရှာဖွေ ဖော်ထုတ်ခြင်း
ရောဂါကို ရှာဖွေဖော်ထုတ်ဖို့အတွက် ဘယ်လိုအခြေအနေတွေမှာ ဘယ်လောက်ထိ အိပ်ငိုက်တတ်သလဲဆိုတာကို ၀-၃ မေးခွန်းတွေမေးပြီး စစ်ဆေးနိုင်ပါတယ်။
အခြားနွမ်းနယ် အိပ်ချင်တတ်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိတာကြောင့် သေချာရှာဖွေပြီး လိုအပ်တ့ဲကုသမှုတွေ ပေးရပါမယ်။
>> ကုသနည်း
1. ညအိပ်ချိန် အသက်ရှူရပ်ရောဂါ (obstuctive sleep apnoea)
အစားအသောက်၊ အနေအထိုင်ကစပြီး ခွဲစိတ်မှုအထိ ကုနည်းတွေ အများကြီး ရှိပါတယ်။
အများဆုံး အသုံးပြုတဲ့နည်းကတော့့ ဖိအားများလေကို အသက်ရှူလမ်းကြောင်းထဲ ထည့်ပေးပြီး လမ်းကြောင်းပိတ်ခြင်းကို တားဆီးပေးတဲ့ PAP အသက်ရှူစက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူနာဟာ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်ပြီး တစ်နေကုန် လန်းဆန်းနေနိုင်မှာ ဖြစ်ပါတယ်။
2. အိပ်ချိန် မူမမှန်ရောဂါ Narcolepsy
ဒီရောဂါမှာ နေ့ဘက်မှာ အိပ်ငိုက်တတ်တာအပြင် ရုတ်တရက် သတိမေ့ခြင်း၊ ကယောင်ခြောက်ခြားဖြစ်ခြင်း၊ ဘီလူးစီးသလို အိပ်ရာနိုးချိန် လှုပ်မရခြင်းတို့ ဖြစ်တတ်ပါသေးတယ်။ ပေးနိုင်တဲ့ ဆေးတွေကတော့ -
● ဦးနှောက်နဲ့ အာရုံကြောကို နှိုးဆွပေးတဲ့ဆေးများ
● စိတ်ကျရောဂါ ပျောက်ဆေးများ
● အိပ်ဆေး : ဒီလူနာတွေဟာ နေ့ဘက်မှာ ရုတ်တရက် အိပ်ပျော်တတ်ပေမယ့် ညဘက်တွေမှာ အိပ်မရ ဖြစ်တတ်ပါတယ်။
● လူနေမှုပုံစံ ပြောင်းလဲခြင်း : တရေးတမော နေ့လယ်ခင်း အိပ်ခြင်း၊ ကဖိန်းနဲ့အရက် ရှောင်ခြင်း၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း။
3. ခြေမငြိမ်ရောဂါ restless leg syndrome
ဒီရောဂါကို ဖြစ်စေတဲ့၊ ပိုဆိုးစေတဲ့ အခြေအနေတွေကတော့ ပါကင်ဆန်ရောဂါ၊ သံဓာတ်အားနည်းခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ဆီးချို၊ အ,အန်ပျောက်ဆေး၊ စိတ်ရောဂါဆေး၊ စိတ်ကျရောဂါပျောက်ဆေး စတဲ့ ဆေးဝါးများ၊ ကိုယ်ဝန်ဆောင်ခြငး်၊ အရက်နဲ့ မူးယစ်ဆေးများ ပါဝင်ပါတယ်။
>> အိမ်တွင်းနည်းလမ်းများ
● လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
● အိပ်ချိန် မှန်မှန်အိပ်ပါ။
● အရက်၊ ဆေးလိပ်၊ ကဖိန်း လျှော့ပါ။
● ခြေထောက်ကို နှိပ်နယ်ပေးပါ။
● ခြေထောက်မှာ အပူတစ်လှည့်၊ အအေးတစ်လှည့် ကပ်ပေးပါ။
● ပါရာ၊ Ibuprofen၊ naproxan လိုမျိုး အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးပါ။
● ဗီတာမင်နဲ့ သတ္တုဓာတ် ဖြည့်စွက်စာတွေ စားပေးပါ။
>> သောက်ဆေးများ
● အိပ်ဆေးများ
● အတက်ကျဆေး
Dr. Mya Phoo Ngon (www.drmyanmar.com)





























