/
node/6062

ရင်သားကို ဂရုစိုက်ဖို့ ...

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

       ရင်သားတွေဟာ ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်စသဖြင့် အပျိုဖော်ဝင်ချိန်ကစပြီး သွေးဆုံးတဲ့အချိန်အထိ အပြောင်းအလဲတွေ အမြဲဖြစ်နေကြရတယ်။ ဒါဆိုရင် ရင်သားမှာ ဘယ်လိုခံစားရတဲ့အခါမှာ ဆရာဝန်နဲ့ ပြရမယ်ဆိုတာကို အဖြူအမည်း သဲကွဲဖို့ လိုလာပြီပေါ့။

 

>>    နို့သီးခေါင်းကနေ အရည်တွေ ထွက်နေလား?

          ကိုယ်ဝန်ဆောင်တဲ့အချိန်နဲ့ ကလေး နို့တိုက်နေတဲ့အချိန်တွေမှာ ဆိုရင်တော့ ဒါပုံမှန်ပဲပေါ့။ ကလေး နု့ိဖြတ်လိုက်ပြီး ၂ နှစ်လောက်ထိကို ထွက်တတ်တာမျိုးတောင် ရှိတယ်။

          သွေးမဆုံးခင်မှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် ထွက်တတ်သေးတယ်။

          ဒါပေမဲ့လည်း ထွက်တဲ့အရည်က သွေးရောင်၊ အစိမ်းရောင်၊ အကြည်ရောင် ဖြစ်နေတာ၊ တစ်ဖက်တည်းကပဲ ထွက်တာ၊ အလုံး စမ်းမိတာမျိုးတွေ ရှိရင်တော့ ဆရာဝန်နဲ့ ပြသင့်တယ်နော်။ ပိုးဝင်တာ၊ အရည်အိတ်တည်တာ၊ ရိုးရိုးအကျိတ်၊ ကင်ဆာကျိတ်တွေကြောင့် ဖြစ်နိုင်လို့ပါ။

          ဆရာဝန်နဲ့ပြရင် ဆရာဝန်က ရောဂါလက္ခဏာတွေ၊ မိသားစုရောဂါရာဇဝင်တွေ မေးမြန်းတာ၊ ရင်သားနှစ်ဖက်ကို စမ်းသပ်တာ၊ ရင်သားဓာတ်မှန်၊ အာထရာစောင်း ရိုက်တာမျိုးတွေ လုပ်ပြီး ရောဂါအကြောင်းရင်း ရှာဖွေလိမ့်မယ်။

 

>>    အလုံးစမ်းမိလု့ိ ကြောက်နေလား?

          သိပ်တော့မစိုးရိမ်းပါနဲ့။ ဒါပေမJ့ သေချာအောင်တော့ ဆရာဝန်နဲ့ပြမှ ဖြစ်မယ်နော်။ အထူးသဖြင့် ချိုင်းမှာ အလုံးအကျိတ်တွေ စမ်းမိရင်၊ ၆ ပတ်ကြာတဲ့အထိကို မပျောက်ရင်ပေါ့။

          ၈၀% လောက်သော ရင်သားအကျိတ်တွေဟာ ကင်ဆာ မဟုတ်တတ်ပါဘူး။ များသောအားဖြင့် ရာသီလာချိန်၊ သွေးဆုံးချိန်တွေမှာ ထွက်လာတတ်တယ်။ အသေးလည်း ဖြစ်နိုင်သလို အကြီးစားလည်း ဖြစ်နိုင်တယ်။ မာမာကြီးလည်း လာတတ်တယ်၊ ပျော့ပျော့လေးလည်း ဖြစ်နိုင်တယ်။ အများစုကတော့ အရည်အိတ်လေးတွေပဲ ဖြစ်တာများတယ်။

          ဆရာဝန်နဲ့ပြရင် သေချာစမ်းသပ်ပြီး လိုအပ်ရင် ရင်သားဓာတ်မှန် ရိုက်လိမ့်မယ်။ အရည်လေး နည်းနည်းလောက် စုပ်ထုတ်တာ၊ အသားစ ယူတာတွေလည်း လိုကောင်းလိုနိုင်တယ်။

 

>>    အသွေးအရောင် ပြောင်းလာသလား?

          ရင်သားတစ်ဝိုက်မှာ အချိုင့်တွေ ပေါ်လာတာ၊ ယားတာ၊ အဖတ်တွေ လန်တာ၊ နီရဲလာတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။ စောင့်ကြည့်တာပဲဖြစ်ဖြစ်၊ အသားစ ယူတာပဲဖြစ်ဖြစ် တစ်ခုခု လုပ်ပေးပါလိမ့်မယ်။

 

>>    နာနေတာမျိုးရော ရှိလား?

          ရာသီလာချိန်မှာလည်း ရင်သားတွေ နာတတ်တယ်ဆိုတာ သတိရပါ။ ပုံမှန်ဆိုရင်တော့ ပြီးရင် သူ့အလိုလို ပျောက်သွားတာပါပဲ။ ဒါပေမဲ့ ပိုပိုဆိုးလာတာ၊ ရင်ဘတ်တစ်နေရာထဲက နာနေတာ၊ လုပ်ရကိုင်ရတာ အဆင်မပြေ ဖြစ်လာတာတွေ ရှိရင်တော့ ဆရာဝန်နဲ့ စစ်ဆေးကြည့်တာ အကောင်းဆုံးပဲ။

          ရင်သားတွေ နာစေတဲ့အကြောင်းရင်းတွေထဲမှာ သနေ္ဓတားဆေးတွေ၊ ဘရာမတော်တာတွေ၊ ဟော်မုန်းတွေလည်း ပါတယ်။ အဲဒါကြောင့် ဆရာဝန်နဲ့ပြပြီး သနေ္ဓတားဆေး ပြောင်းသင့်/မပြောင်းသင့်၊ ဟော်မုန်းဆေးတွေ ရပ်သင့်/မရပ်သင့် တိုင်ပင်သင့်တယ်။ တချို့တွေအတွက်ဆိုရင် ကေ်ာဖီ ဖြတ်လိုက်တာက သက်သာသွားစေနိုင်တယ်။

 

>>    ရင်သားအရွယ်အစား၊ ပုံပန်းသဏ္ဌာန် ပြောင်းလာလား?

          ရာသီလာတဲ့အချိန်မျိုး၊ ကိုယ်ဝန်ဆောင်တဲ့အချိန်မျိုးမှာ ဟော်မုန်းတွေကြောင်း ကြီးလာတတ်တယ်။

          ပြီးတော့ သွေးဆုံးတဲ့အချိန်မှာလည်း သေးသေးလာပြီး တွဲကျလာတတ်တယ်။

          ဒီအချိန်တွေမှာ မဟုတ်ဘဲ တခြားအချိန်တွေမှာ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြဖို့ကလွဲပြီး တခြားနည်း မရှိဘူးနော်။

Dr. Emerald (www.drmyanmar.com)