မိန်းမကိုယ် ယားယံခြင်းနှင့် ဆောင်ရန်၊ ရှောင်ရန် ဗဟုသုတများ
" အဝှါနေရာက ယားလိုက်တာ ဆရာမရေ ... လူကြားထဲလည်း မနေနိုင်အောင်ပါပဲ "
မိန်းမကိုယ် ယား၍ ဆေးခန်းပြသောအခါ မျက်နှာလေးတွေ ညိုလျက် မပွင့်တပွင့် ပြောပြတတ်ကြသည်။ တကယ်တော့ မိန်းမအင်္ဂါ ယားယံတယ်ဆိုတာ အတော်တော့ နေရခက်ပါပေ့။ ကုတ်ရအခက် လူကြားထဲလည်း မနေနိုင်တဲ့ ဒုက္ခများလှတဲ့ ခံစားချက်ပါ။
မိန်းမကိုယ် ယားတာက အကြောင်းအရင်းပေါင်းစုံ။ တစ်ယောက်က ရှိသေးသည်။ ကွန်ဒုံးနှင့် မတည့်ဘဲ ယားပြီး ရောင်လာသူ အိမ်ထောင်ကျခါစ မိန်းကလေး။ ကောင်လေးကို ကွန်ဒုံးမသုံးခိုင်းဘဲ ကောင်မလေးကိုသာ တားဆေး သောက်ခိုင်းရသည်။
အဖြူတွေဆင်းပြီး မခံမရပ်နိုင်အောင် ယားတာလည်း ရှိတတ်သည်။ ဘက်တီးရီးယားနှင့် မှိုပိုးကြောင့် ဖြစ်တတ်သည်။ မိန်းမကိုယ်က ဆင်းသော အချွဲရောင်က စိမ်းရွှေရွှေ ဝါကျင့်ကျင့်။ အနံဆိုးတာလည်း ရှိသလို အနံ့ မထွက်တာလည်း ရှိသည်။ ဆေးတောင့်သွင်း ကုသရသလို သောက်ဆေးပတ်လည်အောင် သောက်ပေးရသည်။ နို့မို့ရင် ပိုးက ဆေးယဉ်သွားပြီး ပျောက်ပြီး သိပ်မကြာ ပြန်ဖြစ်လေတော့သည်။
နောက်တစ်ခုက အတွင်းခံတွေ။ ချည်သား ပွပွချောင်ချောင် အတွင်းခံ ကောင်းကောင်းတွေ သုံးစေချင်တယ်။ အတွင်းခံကို ဝယ်လာပြီးရင် တစ်ရေလောက် လျှော်ပြီး နေပူပူမှာ လှမ်းပြီးမှ ဝတ်စေချင်တယ်။ ပိုးမွှားတွေ ကပ်ပါလာမယ် မသိနိုင်ဘူး မဟုတ်လား။
မခြောက်တစ်ခြောက် အတွင်းခံတွေ မဝတ်ရဘူး။ မှိုပိုး အလွယ်တကူ ဝင်လွယ်တတ်တယ်။
မိန်းမကိုယ် ခြောက်သွေ့ရင်လည်း ယားတတ်တယ်။ ဆပ်ပြာတွေ၊ သန့်စင်ဆေးရည်တွေ အလွန်အကျွံသုံးလို့ ဖြစ်တာပါ။ သိပ်သန့်ချင်လွန်းတော့လညိး ထူးပြီး အကျိုးမရှိပါဘူး။
မိန်းမကိုယ်ယားတဲ့ အကြောင်းအရင်းတွေထဲမှာ လိင်အင်္ဂါကြွက်နို့ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများကြောင့် ဖြစ်နေခဲ့ရင် ချက်ချင်းပြသ ဆေးထိုးဆေးစားပြီး ကုသရပါတယ်။ ဆီးချိုရောဂါ၊ သန်ကောင်ရောဂါ စိတ်ပူပင် စိုးရိမ်လွန်ရောဂါတွေကြောင့်လည်း မိန်းမအင်္ဂါ ယားတတ်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ အန္တရာယ်တစ်ချက်ကတော့ မိန်းမကိုယ်နှုတ်ခမ်းကင်ဆာ ဖြစ်ပါတယ်။ အဖြူလည်းမဆင်း ဘာလက္ခဏာမှမရှိဘဲ အလွန်အကျွံ ယားတာပါ။ ယားတာက လချီနေတတ်ပြီး ဘာနဲ့မှ မသက်သာတတ်ပါဘူး။ ဒါကတော့ အထူးသတိပြုစရာ အန္တရာယ်နိမိတ်ပေါ့။
မိန်းမကိုယ်ယားရင် ဆေးသောက်တာ၊ ဆရာဝန်ပြတာတွေအပြင် တခြားဆောင်ရန်၊ ရှောင်ရန်တွေက -
● ရေဆေးတဲ့အခါ ရှေ့ကနေ နောက်ကို သန့်စင်ပါ။ စအိုကနေမှ ရှေ့ကို မလာပါနဲ့။ ညစ်ညမ်းတဲ့ပိုးတွေကို မိန်းမကိုယ်ထဲ သွတ်သွင်းသလိုပါပဲ။
● ပန်းသီးရှာလကာရည် နှစ်ဇွန်းကို ရေအေးအေးထဲကို ထည့်လိုက်ပြီး ဇလုံနဲ့ ထိုင်ပေးပါ။ တစ်ရက် နှစ်ကြိမ်ပေါ့။
● မိန်းမအဂါၤကို တစ်ရက်ကို တစ်ကြိမ်သာ ရေပေါပေါနဲ့ သန့်စင်ပေးရင် လုံလောက်ပါပြီ။
● အယား မပျောက်မချင်း လိင်ဆက်ဆံမှု မပြုလုပ်ပါနဲ့။ လိုအပ်ရင် မိမိအဖော်ကိုပါ ကုသပေးဖို့ လိုတတ်ပါတယ်။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)





























