/
node/6135

မျက်လုံး အားအရမ်းစိုက်ရလို့ ကိုက်ခဲခြင်းတွေကို သက်သာစေဖို့အတွက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       အရမ်း အလုပ်တွေလုပ်၊ အာရုံစိုက်ရတာ များတဲ့အခါမှာ မကြာခဏ ပင်ပန်းနွမ်းနယ်ပြီးတော့ မျက်လုံးကိုက်၊ ခေါင်းကိုက် ခဏခဏဖြစ်နေရင် ဒါက မျက်လုံး အားအရမ်းစို်က်ရလို့ ဖြစ်နိုင်ပါတယ်။ တစ်နေ့လုံး အလုပ်လုပ်ပြီး ညကျမှ မျက်လုံးတွေ အရမ်းညောင်းနေတာကို သတိပြုမိပါလိမ့်မယ်။ ဒါက ကွန်ပျူတာ (သို့) သေးငယ်တဲ့ အရာတွေအပေါ်မှာ အာရုံစိုက်ရတာ များလို့ပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒါကို သက်သာစေဖို့အတွက် အနားယူဖို့၊ မျက်လုံးခြောက်သွေ့တာကို သက်သာအောင်လုပ်ဖို့နဲ့ မျက်လုံး အားကောင်းစေမယ့် နည်းလမ်းတွေကို သိထားဖို့ အရေးကြီးပါတယ်။ လက္ခဏာတွေက မသက်သာဘဲ ပိုဆိုးလာတယ် ဆိုရင်တော့ မျက်စိဆရာဝန်နဲ့ ပြသပြီး လိုအပ်တာတွေကို စမ်းသပ်မှု ခံယူရပါမယ်။

 

1.      မျက်လုံးအနားပေးခြင်း၊ ဖြေလျှော့ခြင်း

          မျက်စိဒဏ်ဖြစ်တာကို သက်သာစေဖို့အတွက် မျက်လုံးပေါ်ကို အုပ်လို့ရတာလေးတွေ ရှိပါတယ်။ တဘက်အသေးတစ်ခုကို ပိုးသန့်ထားတဲ့ ရေအေးထဲမှာ နှစ်ပြီးတော့ ရေသေချာညှစ်ချကာ ခေါက်ပြီးတော့ မျက်လုံးပေါ်မှာ ၂-၇ မိနစ်ခန့် တင်ပေးထားပါ။ ကိုယ်နှစ်သက်သလို ထပ်လုပ်ပေးနိုင်ပါတယ်။

          မျက်လုံးပေါ်မှာ ရေခဲတုံး, tea bag စတဲ့ အအေးလည်း ကပ်ပေးလို့ ရပါတယ်။ tea bag က သွေးကြောတွေကို ကျုံ့စေပြီးတော့ မျက်လုံးအားစိုက်ရလို့ မို့နေတာကို သက်သာစေပါတယ်။

          သခွားသီးမှာ ဘက်တီးရီးယားပိုးတွေ ကပ်နေနိုင်တဲ့အတွက် သခွားသီးတော့ မကပ်ပါနဲ့။

          ပိုပြီးတော့ မျက်လုံး ပြေလျော့မှု ရစေချင်တယ်ဆိုရင် rosewater (သို့) လာဗန်ဒါအဆီ အစက် အနည်းငယ်ကို မျက်လုံးအုပ်ပေါ်မှာ တင်နိုင်ပါတယ်။ (သို့) ဒီအဆီလေးတွေကို မျက်ခွံပေါ် ချပြီးတော့ နှိပ်နယ်ပေးနိုင်ပါတယ်။

 

2.      အလင်းရောင်တွေကို အပြောင်းအလဲလုပ်ပါ

          အရမ်းစူးတဲ့ အလင်းတွေ၊ အလင်းအပိုတွေနဲ့ fluorescent မီးလုံးတွေကို ပိတ်ထားပါ။ ဒီအလင်းတွေက မျက်လုံးကို ပိုအလုပ်လုပ်ရစေပြီးတာ့ ဒီတောက်ပတဲ့ အလင်းရောင်တွေနဲ့ ထိတွ့မှု များတဲ့အခါမှာ မျက်လုံးနဲ့ ခန္ဓာကိုယ်ကို အလွန်အကျွံ လှုံ့ဆော်မှု ဖြစ်စေပါတယ်။ ဒီအခါမှာ ဂဏှာမငြိမ်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို ဖြစ်စေတဲ့အတွက် ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ အိမ်မှာ သက်သောင့်သက်သာဖြစ်တဲ့ မီးအရောင်တွေပဲ ထားပါ။ မီးမှိန်မှိန်လေးတွေကို သုံးတာ အကောင်းဆုံးပါပဲ။

          သဘာဝအလင်းကလည်း ကွန်ပျူတာဖန်သားပြင်ပေါ်မှာ အရောင်ပြန်စေပြီးတော့ မျက်စိကို ပိုအားစိုက်ရစေတဲ့အတွက် ကွန်ပျူတာမျက်နှာပြင်မှာ အလင်းမပြန်တဲ့မှန် ကပ်ထားပါ။

 

3.      ကွန်ပြူတာမျက်နှာပြင်ရဲ့ အလင်းတွေ၊ အလင်းပြန်တာတွေကို ထိန်းညှိပါ။

          ကွန်ပျူတာရှေ့မှာ အကြာကြီး အလုပ်လုပ်ရ၊ စာလုပ်ရတယ်ဆိုရင် မျက်လုံးနဲ့ ဖန်သားပြင် အရမ်းမနီးနေစေဖို့ ဂရုစိုက်ပါ။ မျက်နှာပြင်ကို ကြည့်ရတာ သက်သောင့်သက်သာ ဖြစ်စေဖို့အတွက် အလင်းကို ချိန်ညှိပါ။

 

4.      ကွန်ပျူတာဖန်သားပြင်ပေါ်က အရောင်တွေကို ချိန်ညှိပါ။ (color temperature)

          ဖန်သားပြင်ပေါ်ကအရောင်က ပတ်ဝန်းကျင်ရဲ့အလင်းနဲ့ လိုက်လျောညီထွေ ရှိနေရပါမယ်။ အပြာရောင်အလင်းတွေကို သုံးရင် မျက်လုံးက ဒါကို တစ်ချိန်လုံး လိုက်ညှိနေရတဲ့အတွက် မျက်လုံးကို အားစိုက်ရစေလို့ ဒီအလင်းတွေကို ရှောင်ပါ။ သဘာဝအလင်းရောင် နည်းနည်းနဲ့ အရမ်းမတောက်တဲ့ အလင်းရောင်ကို ရွေးပါ။ ဖန်သားပြင်ရဲ့ နောက်ခံအရောင်ကြောင့်ဖြစ်တဲ့ မှိတ်တုတ်မှိတ်တုတ် ဖြစ်တာကလည်း မျက်လုံးအားစိုက်ရမှု များစေတဲ့အတွက် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပါက ဖန်သားပြင် လဲလိုက်ပါ။

 

>>    မျက်လုံးခြောက် သက်သာစေဖို့

1.       မျက်ရည်တွေက မျက်လုံးကို စိုစွတ်မှုပေးပါတယ်။ မျက်လုံးဒဏ်ဖြစ်စေတဲ့ အဓိက အကြောင်းအရာကတော့ မျက်လုံးခြောက်လို့ပါ။ မျက်ရည်မထွက်တဲ့ ပြဿနာတစ်ခုခုဖြစ်ရင် မျက်လုံးခြောက်သွေ့စေပါတယ်။

2.       မျက်ရည်အတု ဖန်တီးပေးတဲ့ မျက်စဉ်းခပ်လို့ ရပါတယ်။ စာဖတ်ပြီး၊ ဇာထိုးပန်းထိုးပြီး ကွန်ပျူတာကို အကြာကြီး စိုက်ကြည့်ပြီးနောက်မှာ မျက်လုံးခြောက်တယ်လို့ ခံစားရရင် မျက်စဉ်းခပ်နိုင်ပါတယ်။

3.       ဆေးပါတဲ့ မျက်စဉ်းတွေကိုလည်း သုံးနိုင်ပါတယ်။ မျက်လုံးခြောက်ရတဲ့အကြောင်းကို ရှာပြီးရင် ဆရာဝန်က မျက်စဉ်းဆေး ညွှန်ပါလိမ့်မယ်။ Hydroxypropyl Methylcellulose, Carboxy Methylcellulose စတဲ့ မျက်စဉ်းတွေမှာ မျက်ရည်တုနဲ့ မျက်လုံးကို ချောမွေ့စေတဲ့အရာတွေ ပါဝင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ရှိမှပဲ သုံးပါ။ မျက်ကပ်မှန် တပ်တယ်ဆိုရင် မျက်စဉ်းမခပ်ခင်မှာ ခဏချွတ်ထားပြီး မိနစ် ၃၀ လောက်ကြာမှ ပြန်တပ်ပါ။

 

>>    မျက်လုံး အားစိုက်ရတာကို ကာကွယ်နိုင်ဖို့

1.       မျက်လုံးကို ကာထားပါ။ မျက်လုံးကို ကားအပူပေးစက်၊ ဆံပင်မှုတ်စက်နဲ့ လေအေးပေးစက်က လေတွေနဲ့ တိုက်ရိုက်မထိပါစေနဲ့။ နေပူထဲ ထွက်တဲ့အခါတွေနဲ့ ရေကူးတဲ့အခါတွေမှာလည်း မျက်မှန် တပ်ထားရပါမယ်။ မျက်လုံးကို ကာကွယ်ထားခြင်းဖြင့် မျက်စိအစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။

2.       Omega fatty acids သောက်ပါ။ ရေများများ သောက်ပါ။ မျက်ရည်ကို ရေ၊ အချွဲ အဆီတွေနဲ့ လုပ်ထားတဲ့အတွက် အဆီနဲ့ ရေပိုသုံးခြင်းဖြင့် မျက်လုံးအစိုဓာတ် ရစေပါတယ်။ အမျိုးသမီးတွေဆိုရင် တစ်နေ့ကို ရေ ၉ ခွက်ခန့် သောက်သင့်ပြီးတော့ အမျိုးသားတွေကတော့ ၁၃ ခွက်လောက် သောက်သင့်ပါတယ်။

3.       မျက်တောင်ခတ်ပါ။ မျက်တောင်ခတ်ခြင်းက မျက်ရည်လွှာကို မျက်လုံးတစ်ခုလုံးကို ပြန့်စေတဲ့အတွက်ကြောင့် မျက်လုံးကို လန်းဆန်းစေပြီးတော့ မျက်လုံးခြောက်ခြင်းကြောင့် ဖြစ်တဲ့ဒဏ်ကို သက်သာစေပါတယ်။ ကွန်ပျူတာ (သို့) ဖန်သားပြင်တစ်ခုခုကို အချိန်အကြာကြီး စိုက်ကြည့်နေရတယ်ဆိုရင် မျက်တောင်ခတ်ပေးဖို့ မမေ့ပါနဲ့။ သတိရတိုင်း မျက်တောင်ခတ်ပါ (သို့) ၁၅ မိနစ်တစ်ကြိမ်လောက် နားပြီး မျက်တောင်ခတ်ပေးခြင်းဖြင့် မျက်လုံးဒဏ်ဖြစ်တာကို သက်သာစေပါတယ်။

4.       ဘယ်လိုဖြစ်လာရင် မျက်စိဆရာဝန်ကို သွားပြရမယ်ဆိုတာကို သိထားရပါမယ်။ ကုထုံးတွေနဲ့ မသက်သာဘဲနဲ့ နာတာရှည် မျက်လုံးတွေ ညောင်းနေတယ်၊ တခြားလက္ခဏာတွေကိုပါ ခံစားရတယ်ဆိုရင် ဆေးခန်းသွားပြဖို့ လိုပါပြီ။

          မျက်လုံး အားနည်းစေပြီးတော့ ပင်ပန်းနွမ်းနယ်မှုကိုဖြစ်စေတဲ့ ရောဂါတွေကတော့ -

●        နာတာရှည် မျက်လုံး ပင်ပန်းနွမ်းနယ်ခြင်း ရောဂါလက္ခဏာစု - ဒါက အမြင်အာရုံပြဿနာတွေနဲ့ မျက်လုံညောင်းတာကို ကြာရှည်ခံစားရစေပြီးတော့ ရိုးရိုးမျက်လုံးညောင်းတာနဲ့ မှားတတ်ပါတယ်။

●        သိုင်းရွိုက်ကြောင့်ဖြစ်သော မျက်လုံးပြဿနာ

●        Astigmatism - မြင်လွှာပုံမမှန်ဘဲ ကွေးနေတဲ့အတွက် အမြင်အာရုံဝေဝါးခြင်း

●        နာတာရှည် မျက်လုံးခြောက်ခြင်း လက္ခဏာစု - ဆီးချို၊ Sjogrens ရောဂါတို့ကြောင့် မျက်လုံးခြောက်ခြင်း

Dr. Mya Myo Myo Swe (www.drmyanmar.com)