/
node/6219

ချောင်းဆိုးခြင်းအဖြစ်များစေသော အကြောင်းအရင်း (၁၀)ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လည်ချောင်းထဲမှာ ပြင်ပအရာတွေ (ပိုးမွှား၊အချွဲ) စတာတွေရှိလာတဲ့အခါမှာ ဒါတွေကိုလည်ချောင်းထဲကထွက်သွားဖို့အတွက် ချောင်းဆိုးခြင်းဖြစ်ပါတယ်။ တစ်ခါတစ်လေချောင်းဆိုးတာက ပုံမှန်ဖြစ်ပေမယ့် အမြဲချောင်းဆိုးနေခြင်းကတော့ နောက်ခံပြဿနာတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ခေတ္တချောင်းဆိုးခြင်းက ရက်အနည်းငယ် (သို့) တစ်ပတ်လောက်ကြာရင်ပြန်ပျောက်သွားလေ့ရှိပြီး ချောင်းဆိုးတာ ၇ပတ်-၈ပတ်လောက်ကြာနေပြီဆိုရင်တော့ နာတာရှည်လို့သတ်မှတ်ပါတယ်။ ချောင်းဆိုးစေတဲ့အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။

1.ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံးအပေါ်မှာ ဆိုးကျိုးတွေဖြစ်စေသလိုပဲ အသက်ရှူစနစ်အပေါ်မှာတော့ အဆိုးဆုံးဆိုးကျိုးတွေသက်ရောက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းက အသက်ရှူလမ်းကြောင်းတစ်ခုလုံးကို ပြင်းထန်စွာထိခိုက်ပျက်စီးစေပြီး အသက်ရှူလမ်းကြောင်းအတွင်းမှာရှိတဲ့အမွေးငယ်လေးတွေကို ပြန်မကောင်းအောင်ပျက်စီးစေနိုင်ပါတယ်။ အဆုတ်ကို ပြင်ပအရာတွေရဲ့တိုက်ခိုက်မှုကနေကာကွယ်နိုင်ဖို့အတွက် ခန္ဓာကိုယ်က ချောင်းဆိုးစေပြီး တုန့်ပြန်လိုက်ပါတယ်။ ဆေးလိပ်အလွန်အကျွံသောက်ခြင်းက ချောင်းဆိုးသွေးပါခြင်းကိုတောင်မှ ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်မဖြတ်ဘဲ ဆက်သောက်နေမယ်ဆိုရင် လေပြွန်ရောင်ခြင်း၊ နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ဆို့သောရောဂါ စတဲ့ ပိုပြီးဆိုးတဲ့ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုချောင်းဆိုးတာက ဆေးလိပ်ဖြတ်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာရင် လွယ်ကူစွာပြန်ပျောက်သွားနိုင်ပါတယ်။

2.ရင်ဘတ်တွင်ရောဂါပိုးဝင်ရောက်ခြင်း

အခြေခံအားဖြင့်တော့ အအေးမိခြင်းဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကပဲ ရင်ဘတ်ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ရင်ဘတ်ထဲကိုဝင်ရောက်တဲ့အခါမှာတော့ အဆုတ်ရဲ့နက်ရှိုင်းတဲ့နေရာတွေကို ဗိုင်းရပ်စ်ပိုးကဝင်ရောက်ပြီး ဒီနေရာတွေကိုဘက်တီးရီးယားပိုးလည်း ပိုပြီးဝင်လွယ်စေနိုင်ပါတယ်။ ဒါက အသက်ရှူလမ်းကြောင်းအပေါ်မှာ ဆိုးကျိုးသက်ရောက်စေပြီး ချောင်းဆိုးပြီး အစိမ်းပုတ်ရောင် သလိပ်တွေထွက်စေနိုင်ပါတယ်။ နောက်လက္ခဏာတစ်မျိုးကတော့ အအေးမိပြီးနောက် ကိုယ်ပူခြင်းနဲ့ ချောင်းဆိုးခြင်းတွေလိုက်ဖြစ်လာပါတယ်။ ပုံမှန်အားဖြင့်တော့ ဒါက သူ့အလိုလိုပြန်ပျောက်သွားလေ့ရှိပါတယ်။ သက်သာဖို့အတွက် ချောင်းဆိုးပျောက်ဆေးတွေသောက်နိုင်ပေမယ့်လည်း ဒီဆေးတွေက အကျိုးသက်ရောက်မှုရှိချင်မှရှိပါလိမ့်မယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေက လုံးဝအသုံးမဝင်ပါဘူး။

3.တီဘီရောဂါ

တီဘီကတော့ ချောင်းပြင်းထန်စွာအမြဲဆိုးစေပါတယ်။ ရောဂါလက္ခဏာတွေကတော့ ပြင်းထန်စွာချောင်းဆိုးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ညအိပ်နေချိန်များတွင် ချေွးထွက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ဖြစ်ကြပါတယ်။ တီဘီက ကူးစက်မှုနှုန်းအလွန်မြင့်မားပြီး ပြင်းထန်တဲ့ပိုးသတ်ဆေး ၆လ ကနေတစ်နှစ်အထိသောက်သုံးဖို့လိုအပ်ပါတယ်။ တီဘီကိုတိုက်ဖျက်နိုင်ပြီး ဆေးယဉ်ပါးမှုတွေမဖြစ်စေဖို့အတွက် တီဘီအတွက် အထူးထုတ်လုပ်ထားတဲ့ပေါင်းစပ်ဆေးတွေကို ကုထုံးအတိအကျသောက်ဖို့လိုအပ်ပါတယ်။

4.ကြက်ညှာချောင်းဆိုး

ကူးစက်နှုန်းအလွန်ပြင်းထန်တဲ့ရောဂါဖြစ်ပြီး ချောင်းဆက်တိုက်ပြင်းထန်စွာဆိုးပြီးနောက် whoop ဆိုတဲ့အသံမြည်ပြီး လေပြတ်တောက်ခြင်းကိုတောင်မှဖြစ်စေကာ လက္ခဏာက ရက်သတ္တပတ်ကနေပြီး လအတော်ကြာအောင်ခံစားရနိုင်ါပတယ်။ အရွယ်ရောက်ပြီးတဲ့သူတွေအတွက် သိပ်မပြင်းထန်ပေမယ့် အသက်တစ်နှစ်အောက်ကလေးငယ်တွေမှာ အသက်ဆုံးရှုံးစေနိုင်ပါတယ်။ ရောဂါကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးထိုးထားပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ ဒီကာကွယ်ဆေးရဲ့အကျိုးသက်ရောက်မှုဆုံးရှုံးလာပါတယ်။ ရောဂါပျောက်ဖို့ ရက်သတ္တပတ်အတော်ကြာတဲ့အတွက် ခံစားနေရတာတွေသက်သာဖို့အတွက် ပိုးသတ်ဆေးနဲ့ ချောင်းဆိုးပျောက်ဆေးတွေပေးထားနိုင်ပါတယ်။

5.နှလုံးပြဿနာ

နှလုံးပြသနာတွေကြောင့် အဆုတ်ထဲမှာ ရေတွေပြည့်လာစေပြီး ချောင်းဆိုးစေနိုင်ပါတယ်။ နှလုံးပြသနာဖြစ်တဲ့သူတွေမှာ ဆက်တိုက်ချောင်းဆိုးပြီးနောက် ပင်ပန်းနွမ်းနယ်ခြင်းနဲ့ နည်းနည်းအားစိုက်ရုံနဲ့ မောပန်းခြင်းတွေကိုဖြစ်စေပါတယ်။ ဒီလက္ခဏာတွေခံစားရပြီဆိုရင် အသက်အန္တရာယ်ရှိတဲ့အတွက် အရေးပေါ်ကုသမှုခံယူဖို့လိုအပ်ပါတယ်။

6.ဆေးဝါးများကြောင့်ချောင်းဆိုးခြင်း

ချောင်းဆိုးစေတဲ့ဆေးအများအပြားရှိပါတယ်။ သွေးကျဆေးတွေက ချောင်းဆိုးခြင်းကိုအဖြစ်များစေပါတယ်။ ဒီဆေးတွေကြောင့်ဆိုးတဲ့ချောင်းက ချောင်းခြောက်ဖြစ်ပြီး ညဘက်တွေမှာပိုဆိုးလေ့ရှိပါတယ်။ ဆေးအသစ်တစ်မျိုးသောက်ပြီး ရက်အနည်းငယ်အကြာမှာ ချောင်းစဆိုးတာကိုသတိထားမိတယ်ဆိုရင် ဒါက ဆေးကြောင့်ဖြစ်နိုင်ပါတယ်။ ဆရာဝန်ကိုပြောပြပြီးဆွေးနွေးပါ။

7.အဆုတ်ကင်ဆာ

ချောင်းဆိုးတာက အဆုတ်ကင်ဆာကဲ့သို့သောပြင်းထန်ဆိုးရွားတဲ့ရောဂါရဲ့လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ အရင်ဆုံးတော့ ဆေးလိပ်ကြောင့်ချောင်းဆိုးရာကနေပြီး အချိန်ကြာကြာချောင်းဆက်ဆိုးနေတဲ့အခါမှာ ပိုဆိုးလာပါတယ်။ ချောင်းဆိုးခြင်းနဲ့အတူ ချောင်းဆိုးသွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊။ အားနည်းခြင်းတွေခံစားရနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကိုပဲကြည့်ပြီါ် အဆုတ်ကင်ဆာလို့ သတ်မှတ်ဖို့အလွန်ခက်ခဲပါတယ်။ အဆုတ်ဓာတ်မှန်ရိုက်ခြင်း၊ အသားစယူခြင်းစတဲ့စစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်။ ကုထုံးတွေကတော့ ခွဲစိတ်ခြင်း၊ ဓာတ်ကင်ခြင်း၊ ဆေးသွင်းကုသခြင်း၊ ကင်ဆာဆေးများပေးခြင်းတု့ိဖြစ်ပါတယ်။ ကင်ဆာအဆင့်အပေါ်မူတည်ပြီး ကုထုံးတွေကွဲပြားပါတယ်။

8.ပန်းနာရင်ကြပ်

ပန်းနာရင်ကြပ်က အသက်ရှူလမ်းကြောင်းရောင်ရမ်းပြီးတော့ ပိတ်ဆို့ခြင်းဖြစ်စေနိုင်ပါတယ်။ ပန်းနာရင်ကြပ်ရဲ့ အစောဆုံးလက္ခဏာကတော့ ချောင်းဆိုးတာက ညဘက်မှာပိုဆိုးပြီး အသက်ရှူရင်အသံမြည်ခြင်းြဖ်စပါတယ်။ အသံမြည်ရတာက အသက်ရှူလမ်းကြောင်းပိတ်ဆို့နေလို့ြဖ်စပါတယ်။ အခြားလက္ခဏာတွေကတော့အသက်ရှူမြန်ခြင်း၊ ညဘက်အိပ်ရခက်ခြင်းတို့ ဖြစ်ကြပါတယ်။ ပန်းနာရင်ကြပ်ရှိပြီးသားသူတွေမှာ ချောင်းဆိုးခြင်းက ရောဂါပိုဆိုးလာခြင်း (သို့) ကုထုံးကကောင်းကောင်းအလုပ်မလုပ်တော့ဘူးဆိုတာကို ပြပါတယ်။ ပါးစပ်နဲ့ဆေးရှူသွင်းခြင်း၊ သောက်ဆေးတွေနဲ့ ရောဂလေ့ကျင့်ပြီး အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ခြင်းတို့ပါဝင်ပါတယ်။

9.ဗိုင်းရပ်စ်ပိုးကြောင့်ချောင်းဆိုးခြင်း

ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်ချောင်းဆိုးတာက အဖြစ်များဆုံးအကြောင်းတစ်ခုဖြစ်ပြီး ရောဂါပျောက်သွားရင်တောင်မှ ချောင်းဆိိုးကျန်နေနိုင်ပါတယ်။ အဓိကကတော့ အချွဲတွေလည်ချောင်းထဲကိုပြန်ဆင်းလိို့ ချောင်းဆိုးစေပြီး ချောင်းဆိုးပျောက်ဆေးတွေသော်ကရင် သက်သာစေနိုင်ပါတယ်။ အရည်ပူပူနွေးနွေးတွေသောက်ပေးခြင်းကလည်း ရောင်ရမ်းခြင်းကိုသက်သာစေနိုင်ပါတယ်။ ချောင်းဆိုးတာအရမ်းပြင်းထန်ပါက နှာခေါင်းဖြန်းဆေးတွေလိုအပ်နိုင်ပါတယ်။ ကာကွယ်နည်းတွေအစုံလုပ်ပြီးလို့မှ ချောင်းဆိုးမပျောက်သေးဘူးဆိုရင်တော့ ဆရာဝန်သွားပြလိုက်ပါ။

10.ရင်ပူခြင်း

အစာအိမ်အဝအားနည်းတဲ့အတွက် အစာအိမ်ထဲက အက်ဆစ်တွေ အစာပြွန်ထဲကိုပြန်ကန်တက်ခြင်းကြောင့်ဖြစ်တဲ့ ရင်ပူခြင်းက လည်ချောင်းထဲကို ရောဂါပိုးဝင်ခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီအခါမှာ ချောင်းဆိုးလာစေပါတယ်း အထူးသဖြင့် ကျန်းမာရေးနဲ့မညီတဲ့အစားအစာတွေစားပြီးနောက်မှာ ချောင်းပိုဆိုးစေပါတယ်။ ဒီချောင်းဆိုးတာက ညစာအများကြီးစားပြီးနောက်အိပ်ချိန်မှာအဖြစ်များပြီး ညအိပ်လို့်မရဖြစ်စေပါတယ်။ ဒီလိုခံစားရပါက ညစာအများကြီးစားခြင်းမှ ရှောင်ကြဉ်ပါ။ ခေါင်းအုံးကြီးကြီးနဲ့အိပ်ခြင်းက အက်ဆစ်တွေလည်ချောင်းထဲကိုပြန်ကန်တက်ခြင်းကိုကာကွယ်ပေးဖို့ အထောက်အကူဖြစ်စေပါတယ်။ ပြဿနာတွေဆက်ရှိနေဦးမယ်ဆိုရင် အက်ဆစ်ဓာတ်ကျစေတဲ့ဆေးတွေသောက်ဖို့လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)






















Dr. Mya Myo Myo Swe (www.drmyanmar.com)