/
node/6223

နေမကောင်းတဲ့အချိန်မှာ ဖြစ်တတ်တဲ့ ခံတွင်းပျက်၊ ပါးစပ် ခါးတာကို သက်သာစေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        နေမကောင်း၊ ဖျားနာတဲ့အချိန်မှာ ပါးစပ်တွေ ခါးပြီးတော့ ဘာကိုမှ အရသာခံလို့မရဘဲ ဖြစ်တတ်ပါတယ်။ ပါးစပ် ဘာကြောင့်ခါးရလဲ ဆိုရင်တော့ အဖြစ်များတဲ့ အကြောင်းအရင်းတွေက ဆေးတွေ၊ သွားဖုံးရောင်ခြင်း (သို့) အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ကို ပြန်ကန်တက်လု့ိ ဖြစ်နိုင်ပါတယ်။ တစ်ခါတလေဆိုရင် ပါးစပ်တွေခါးလွန်းလို့ ဘာမှကို မစားချင် ဖြစ်တတ်ပါတယ်။ ဒါကို သက်သာစေဖို့အတွက် အိမ်တွင်းနည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။

 

●      Probiotics လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယားပိုးတွေ

        Probiotics တွေက အူထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အကျိုးပြု ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာဖို့အတွက် အထောက်အကူ ဖြစ်စေပြီးတော့ ပါးစပ်နဲ့အူထဲက မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို ဖျက်ဆီးပေးပါတယ်။ ဒိန်ချဉ်အနေနဲ့ (သို့) ဆေးတောင့်အနေနဲ့ သောက်နိုင်ပါတယ်။ probiotic ဆေးတောင့်နဲ့ရေ ရောပြီးတော့ ဒီအရည်ကို သွားတိုက်ပြီးရင် ပါးစပ်ထောင့်တွေ အားလုံးရောက်အောင် ပလုတ်ကျင်းပေးလို့လည်း ရပါတယ်။

 

●      ဟင်းသီးဟင်းရွက် glycerine

          ဟင်းသီးဟင်းရွက် glycerine က ခံတွင်းတွေ ခါးတာ၊ လျှာတွေ ဖြူနေတာ၊ ခံတွင်းတွေ ခြောက်လို့ ခံတွင်းနံ့ဆိုးတာတွေကို သက်သာစေပါတယ်။ vegetable glycerine ၃ စက်လောက်ကို လျှာပေါ်မှာ တင်လိုက်ပြီးတော့ လျှာကို သွားပွတ်တံလေးနဲ့ သေချာတိုက်ပေးပါ။ သက်သာတဲ့အထိ တစ်နေ့နှစ်ကြိမ် ပုံမှန်လုပ်ပေးပါ။

 

●      ဆီ

          ဒါကတော့ ပါးစပ် ခါးတာတွေ၊ လျှာဖြူတာတွေအတွက် ရှေးကျတဲ့နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။ အဆီက အက်ဆစ်တွေ ပြန်ကန်တက်ခြင်းတွေကြောင့် ပါးစပ်ခါးတာကို သက်သာစေပြီးတော့ ပါးစပ်ထဲမှာ အက်ဆစ်-ဘေ့စ်ပမာဏကို ညီမျှစေပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ထဲက အဆိပ်ဓာတ်ကိုလည်း လျော့ကျစေသေးတယ်။ အုန်းဆီတစ်ဇွန်းကို ပါးစပ်ထဲ ထည့်ပြီးတော့ ပါးစပ်တစ်ဝိုက် ထောင့်တွေပါမကျန် အကုန်ရောက်အောင် ပွတ်သပ်ပေးပြီးမှ ထွေးထုတ်ပြီးတော့ ရေနွေးနွေးလေးနဲ့ ပါးစပ်ကို ဆေးပါ။ အဆီကို မျိုမချပါနဲ့။

 

●      ပါးစပ် ခါးတာ လျော့စေဖို့ နေ့စဉ်သွားတိုက်ပါ။

          သွား၊ လျှာနဲ့ သွားဖုံးတွေကို တစ်နေ့နှစ်ကြိမ် တိုက်ပေးခြင်းအားဖြင့် ပါးစပ်ခါးတာကို ပျောက်စေပါတယ်။ သွားတိုက်ပြီးရင် ဆေးပါတဲ့ ခံတွင်းဆေးရည်နဲ့ ပါးစပ်ကို သန့်စင်ပေးပါ။ ဆေးပါတဲ့ ခံတွင်းသန့်ဆေးရည်က သွားကြားထဲမှာစုနေတဲ့ ဘက်တီးရီးယားပိုးတွေရန်ကနေ ကာကွယ်ပေးပါတယ်။ သွားကြားတွေထဲမှာ ကျန်ရစ်နေတဲ့ အစာအကြွင်းအကျန်တွေက သွားနဲ့ခံတွင်းအတွက် ရန်သူပါပဲ။ သူတို့တွေက ဘက်တီးရီးယားပိုးတွေအတွက် အစာဖြစ်ပါတယ်။ ဒီတော့ ပိုးတွေမကျန်နေအောင် သွားတိုက်ပြီးရင် လျှာကိုခြစ်တဲ့အတံနဲ့ သေချာခြစ်ချပေးဖို့ လိုပါတယ်။

 

●      မုန့်ဖုတ်ဆိုဒါ

          ဆားနဲ့ မုန့်ဖုတ်ဆိုဒါကလည်း ပါးစပ် ခါးတာအတွက် ကောင်းပါတယ်။ ဆားနဲ့ မုန့်ဖုတ်ဆိုဒါကို ဆတူရောပြီးတော့ သွားတိုက်ပါ။ ဒီနှစ်ခုအပေါင်းက သွားရောဂါပိုး ဝင်တာကို ဖယ်ရှားပေးပါတယ်။ မနက်တစ်ခါ၊ ညအိပ်ရာဝင်တစ်ခါ တစ်နေ့နှစ်ကြိမ် တိုက်ပါ။

 

●      Citrus fruits

          သစ်သီးတွေက ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ ကောင်းပါတယ်။ ကောင်းတဲ့အစားအစာတွေ စားသောက်ခြင်းက တံတွေးထွက်ဖို့အတွက် အားပေးပါတယ်။ စပျစ်သီး၊ သံပရာသီး၊ လိမေ္မာ်သီး စတဲ့ သစ်သီးတွေကတော့ အကောင်းဆုံး citrus အသီးတွေပါပဲ။ ဒါတွေက တံတွေးထွက်တာကို အားပေးပြီးတော့ အခါးအရသာကို ဖယ်ရှားပေးပါတယ်။ ဒီအသီးတွေမှာ ဗီတာမင် C ကြွယ်ဝပြီးတော့ အစာအရသာကို ပိုကောင်းစေပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်အနေနဲ့လည်း သောက်လို့ရပါတယ်။

 

●      လေးညှင်းပွင့်နဲ့ သစ်ကြံပိုးခေါက်

          လေညှင်းပွင့်နဲ့ သစ်ကြံပိုးခေါက်ကို အမှုန့်ကြိတ်ပြီးတော့ ဒီအမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ပါးစပ်ထဲ ထည့်ပါ။ တစ်နေ့ကို အကြိမ်များစွာ ထည့်လို့ရပါတယ်။ ဒါက ခံတွင်းနံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။ အပြင်မထွက်ခင် သစ်ကြံပိုးခေါက်လေးကို ပါးစပ်ထဲထည့်ပြီး ငုံထားခြင်းအားဖြင့်လည်း တစ်နေ့လုံး ခံတွင်းနံ့ ကောင်းစေပါတယ်။ ဝါးစားချင်ရင်လည်း သစ်ကြံပိုးခေါက်နဲ့ လေးညှင်းကို တစ်နေ့ကို ၃-၄ ကြိမ် ဝါးစားခြင်းအားဖြင့် ပါးစပ်ခါး သက်သာစေပါတယ်။

 

●      တစ်ခါစားရင် နည်းနည်းနဲ့ မကြာခဏ စားပေးပါ။

          တစ်ခါစားရင် နည်းနည်းနဲ့ မကြာခဏ စားပေးတဲ့အခါမှာ ဆာလောင်မှုကို မခံစားရတော့အတွက် ခံတွင်းနံ့ဆိုးကို ဖယ်ရှားပေးနိုင်ပါတယ်။ ပြီးတော့ အကြော်စာတွေနဲ့ အစပ်တွေ မစားပါနဲ့။ ဒါတွေက အရသာခံတာကို ပြောင်းလဲစေပါတယ်။

 

●      ဆားရေနွေးနဲ့ ပလုတ်ကျင်းပါ။

          ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ ရောပြီးတော့ ပလုတ်ကျင်းပေးခြင်းအားဖြင့် ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ တစ်နေ့နှစ်ကြိမ် ပလုတ်ကျင်းပေးပါ။ ရေအေးထက် ရေနွေးလေးနဲ့ ရောတာက ပိုကောင်းပါတယ်။

 

●      ပူရှိန်း

          ပါးစပ်ထဲမှာ အနံ့တွေ မနံစေဖို့အတွက် အနံ့ပြင်းတဲ့ အစားအစာတွေကို ရှောင်ပါ။ ပြီးတော့ ပူရှိန်း ငုံပေးလို့ ရပါတယ်။

 

●      ရေများများ သောက်ပါ။

          တစ်နေ့ကို အနည်းဆုံး ရေ ၇-၈ ဖန်ခွက်လောက် သောက်ပေးခြင်းအားဖြင့် အစာအိမ်ထဲက အဆိပ်ဖြစ်စေတဲ့ အက်ဆစ်ဓာတ်တွေကို ဖယ်ရှားပေးပါတယ်။ ပြီးတော့ ရေက လျှာပေါ်က မကောင်းတဲ့အရသာတွေကို ဖယ်ပေးပါတယ်။

 

●      ဆေးလိပ်၊ အရက်တွေ မသောက်ပါနဲ့။

          ဆေးလိပ် သောက်တာက အဆုတ်ကို သာမကဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို ဆိုးကျိုးဖြစ်စေလို့ ရှောင်ရပါမယ်။ ပြီးတော့ ဆေးလိပ်က ခံတွင်းနံ့ မကောင်းစေတဲ့အပြင် ပါးစပ်ကိုလည်း ခါးစေပါတယ်။ ဒါကတော့ နီကိုတင်းကြောင့်နဲ့ ဆေးလိပ်ရဲ့လောင်ကျွမ်းမှုကြောင့်ပါ။ အရက်သောက်တာကလည်း အတူတူပါပဲ။ အရက် အလွန်အကျွံ သောက်တဲ့အခါမှာ အသည်းကို ထိခိုက်ပြီးတော့ ခံတွင်းနံ့ ဆိုးစေပါတယ်။ ဒီတော့ ခံတွင်းနံ့ ကောင်းပြီးတော့ ခံတွင်းသန့်ရှင်းချင်ရင် ဒီနှစ်ခုကို ဖြတ်ကို ဖြတ်ရပါမယ်။

 

●      ကျန်းမာရေးနဲ့ ညီညွတ်ပြီးတော့ လတ်ဆတ်တဲ့ အစားအစာတွေ စားပါ။

          အေးတဲ့အစားအစာတွေကို ရှောင်ပြီးတော့ ပူပြီး ပေါ့ပါးတဲ့ အစားအစာတွေကို စားပါ။ နေမကောင်း ဖျားနာနေတဲ့သူ၊ တုပ်ကွေးမိနေတဲ့သူတွေအတွက် စွပ်ပြုတ်ပူပူ၊ ဟင်းရွက်ပြုတ်ပူပူတွေကတော့ အကောင်းဆုံးပါပဲ။ အေးတဲ့အစားအစာတွေ၊ ရေခဲသေတ္တာထဲကထုတ်ပြီး စားတဲ့အစားအစာတွေက ဘက်တီးရီးယားပိုး ပေါက်ဖွားနိုင်ခြေ များတဲ့အတွက် ပါးစပ်လည်း ခါးစေပါတယ်။ ဒီတော့ ဘာပဲစားစား လတ်လတ်ဆတ်ဆတ် စားပါ။

 

>>    သိမှတ်စရာများ

●        တစ်ခါတလေမှာ ပါးစပ် ခါးတာက သွားနဲ့ခံတွင်းပြဿနာကြောင့်လည်း ဖြစ်တတ်တဲ့အတွက် သွားဆရာဝန်နဲ့လည်း သွားပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

●        ပြီးတော့ အပေါ်မှာ ပြောထားတဲ့နည်းတွေနဲ့ တစ်ခုမှ အဆင်မပြေဘူးဆိုရင် သွားဆရာဝန် သွားပြပြီးတော့ ကုသမှု ခံယူသင့်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)