/
node/6224

အတွင်းခံတွေကို သန့်သန့်ရှင်းရှင်း ဝတ်သင့်တဲ့ အကြောင်းအရင်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ကျွန်မတို့ ငယ်ငယ်ကတည်းက သန့်သန့်ရှင်းရှင်းနေဖို့ အကျႌတွေကိုလည်း သန့်သန့်ရှင်းရှင်းဝတ်ဖို့ လူကြီးတွေက သင်ထားမှာပါ။ နေ့တိုင်း မနက် နိုးလာရင် သွားတိုက်၊ မျက်နှာသစ်သလိုပဲ သေချာလျှော်ဖွပ်ထားတဲ့ သန့်ရှင်းတဲ့ အတွင်းခံတွေလည်း ဝတ်ဖို့လိုပါတယ်။ ဒီလိုမျိုး သန့်ရှင်းတဲ့ လျှော်ပြီးသား အတွင်းခံတွေကို နေ့တိုင်း လဲလှယ်ဝတ်သင့်တဲ့ အကြောင်းအရင်း (၅) ချက် ရှိပါတယ်။

 

1.      အခြေခံ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ထိန်းသိမ်းဖို့

        တစ်ကိုယ်ရည် သန့်ရှင်းရေးကောင်းတာက ဘဝမှာ မရှိမဖြစ် လိုအပ်သလိုပဲ ကျန်းမာရေး ကောင်းဖို့အတွက်လည်း အရမ်းအရေးကြီးပါတယ်။ နေ့စဉ် သွားတိုက်၊ ရေချိုးပြီးတော့ လျှော်ဖွပ်ထားတဲ့ အဝတ်အစားတွေကို လဲလှယ်ဝတ်ဆင်ခြင်းက အခြေခံသန့်ရှင်းရေးရဲ့ လိုအပ်ချက်တွေပါ။ ဒီထဲမှာမှ သန့်ရှင်းတဲ့ အတွင်းခံတွေ ဝတ်ဖို့က အခြေခံကျပါတယ်။ လျှော်ဖွပ်ထားတဲ့ သန့်ရှင်းတဲ့အတွင်းခံတွေမှာ ကျန်းမာရေးအတွက် မကောင်းတဲ့ပိုးမွှားတွေ ကင်းစင်ပါတယ်။

 

2.      ရောဂါပိုး ဝင်ရောက်ခြင်းမှ ကာကွယ်ဖို့

          အတွင်းခံတွေက အသားနဲ့ ထိကပ်နေတဲ့အတွက် ချွေးတွေကို စုပ်ပေးပါတဲ့။ ဒီတော့ အတွင်းခံကို နေ့တိုင်းမလဲဘူးဆိုရင် အထဲမှာ မှိုတွေ ဝင်လာနိုင်သလို စိုစွတ်နေတဲ့အတွက် ဘက်တီးရီးယားပိုးတွေလည်း ပေါက်ဖွားနိုင်ပါတယ်။ ညစ်ပတ်တဲ့ အတွင်းခံမှာဆိုရင် မစင်တွေတောင် ကပ်နေနိုင်ပါသေးတယ်။ ဒီမစင်က ဘက်တီးရီးယားပိုးတွေက ဆီးလမ်းကြောင်းထဲ ပျံ့သွားပြီးတော့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။ ဒီလိုရောဂါပိုးတွေ မဝင်ရောက်ဖို့အတွက်ဆိုရင် နေ့တိုင်း လျှော်ဖွပ်ထားတဲ့ ခြောက်သွေ့တဲ့အတွင်းခံတွေကို လဲဝတ်ဖို့ အရေးကြီးပါတယ်။

 

3.      အရေပြားပေါ်မှာ ယားနာတွေ၊ အကွက်တွေ မဖြစ်စေဖို့

          အတွင်းခံတွေ၊ အဝတ်အစားတွေကို မလဲဘဲနဲ့ ၂ ရက်လောက်ဝတ်ရင် အသားတွေ ယားလာတတ်ပါတယ်။ ယားတာကနေပြီးတော့ အကွက်တွေ ထလာနိုင်သလို အနာလည်း ဖြစ်နိုင်ပါတယ်။  ဒီအကွက်တွေကို ကုလို့ လွယ်ပေမယ့်လည်း မဖြစ်အောင် ကာကွယ်တာက ပိုကောင်းပါတယ်။  အကွက်ဖြစ်နေတာကို စပြီးသတိထားမိပြီဆိုရင် အဲဒီနေရာကို သန့်ရှင်းပြီးတော့ အတွင်းခံကို ပုံမှန်လဲပေးပါ။ ဒီလိုလုပ်လို့မှ မသက်သာဘူးဆိုရင် စောစောဆရာဝန်နဲ့ သွားပြပါ။

 

4.      သက်သောင့်သက်သာဖြစ်စေဖို့

          ရေချိုးပြီးတော့ အဝတ်အစားသန့်သန့်လေးတွေ ဝတ်လိုက်ရင် ဘယ်လိုခံစားရပါသလဲ? ညစ်ပတ်နေတာနဲ့ယှဉ်ရင် လန်းဆန်းသွားပြီး နေလို့ကောင်းသွားပါတယ်။ အညစ်အကြေးတွေ၊ ချွေးတွေနဲ့ ဘက်တီးရီးယားပိုးတွေက အရမ်းနေရခက်စေပါတယ်။ ဒါ့အပြင် ဒီလိုညစ်ပတ်တာက ကာမဆက်ဆံမှုအပေါ်မှာလည်း မကောင်းတဲ့သက်ရောက်မှု ဖြစ်စေပါတယ်။ ဒီလိုညစ်ပတ်လို့ ကိုယ့်မှာ ရောဂါပိုး ဝင်နိုင်ရုံသာမကဘူး ကိုယ့်ကြောင့် သူများကိုလညး် ရောဂါပိုး ကူးစက်စေနိုင်ပါတယ်။

 

5.      ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားလာစေဖို့

          ရေမချိုး၊ အဝတ်အစား မလဲ၊ အတွင်းခံတွေကို မလဲဘဲနေရင် ညစ်ပတ်နံစော်နေတဲ့အနံ့ကို ခံစားရမှာပါ။ ဒါဆိုရင်တော့ လဲဖို့သင့်ပါပြီ။ မွေးလမ်းကြောင်းက သူ့ဟာသူ သန့်ရှင်းရေး လုပ်ပေမယ့် အခြားနေရာတွေက ညစ်ပတ်နေတဲ့အတွက် သန့်ရှင်းရေးလုပ်ဖို့ လိုပါတယ်။ ညစ်ပတ်တဲ့အတွင်းခံတွေကနေ ထွက်လာတဲ့ အနံ့အသက်ဆိုးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းစေပြီးတော့ လူတွေနား သွားဖို့၊ ဆက်သွယ်ဖို့ကို ရှက်ရွံ့စေပါတယ်။ ကိုယ့်ဆီက အနံ့ရမှာစိုးတာနဲ့ စကား သွားမပြောရဲ ဖြစ်စေပါတယ်။

          အတွင်းခံတွေကို ရွေးချယ်ဝယ်ယူတဲ့အခါမှာ ပိုးတွေ၊ နိုင်လွန်တွေအစား ချည်ထည်တွေကို ရွေးဝယ်ပါ။ ချည်ထည်တွေက လေဝင်လေထွက် ကောင်းစေပြီးတော့ ရောဂါပိုးတွေ မဝင်အောင် ကာကွယ်နိုင်ပါတယ်။ အတွင်းခံ အရမ်းကြပ်ကြပ်ကြီးတွေ ဝတ်တာကလည်း အထဲမှာ စိုနေစေတဲ့အတွက် ရောဂါပိုး ဝင်နိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)