အမျိုးသမီးတွေမှာ ဟော်မုန်း မညီိမျှတဲ့လက္ခဏာတွေ ရှိနေသလား
အမျိုးသမီးအများစုက ဘဝရဲ့ အချို့သောအချိန်တွေ ဟော်မုန်းအတက်အကျတွေ ဖြစ်တာတွေနဲ့ ရင်းနှီးကြပြီးသားပါ။ Estrogen, Progesterone, Testosterone စတဲ့ ဟော်မုန်းတွေ တက်ရင် (သို့) ကျသွားရင် မညီမျှမှုတွေဖြစ်ပြီးတော့ လက္ခဏာတွေလည်း ပြပါတယ်။ ကိုယ်အလေးချိန်တွေ တက်လာတာ၊ ကာမဆက်ဆံလိုစိတ် နည်းသွားတာ၊ စိုးရိမ်ပူပန်မှုတွေ၊ စိတ်တိုစိတ်ဆတ်တာတွေ၊ ပင်ပန်းနွမ်းနယ်တာတွေနဲ့ အစာချေပြဿနာတွေက ဟော်မုန်းမညီိမျှမှုရဲ့ လက္ခဏာတချို့ပါ။
ဟော်မုန်းဆိုတာကတော့ ကျွနု်ပ်တို့ရဲ့ နေ့စဉ်လှုပ်ရှားမှုအားလုံးအပေါ် သက်ရောက်မှုရှိတဲ့ ဓာတ်တစ်မျိုးပါ။ အများစုမှာ ဟော်မုန်းတွေကို မထိန်းနိုင်ရင် ဝက်ခြံတွေ အများကြီးထွက်လာတာ၊ စိတ်တွေ မတည်မငြိမ်ဖြစ်တာတွေ ကြုံရတတ်ပါတယ်။ ပြောရမယ်ဆိုရင် ဟော်မုန်း မညီမျှမှုဆိုတာက အရမ်းထိရှလွယ်တဲ့ မေမေ၊ စိတ်တိုစိတ်ဆတ်တဲ့ စိတ်လှုပ်ရှားတဲ့ ဆယ်ကျော်သက် ဆိုတာထက် ပိုပါတယ်။ ဟော်မုန်းမညီမျှရင် ဒီလက္ခဏာ (၇) ချက်ကို ကြုံရလေ့ရှိပါတယ်။
1. ကိုယ်အလေးချိန် တက်လာခြင်း
ဝလာတာက ကျန်းမာရေးနဲ့မညီတဲ့ စားသုံးမှုပုံစံကြောင့်ဖြစ်နိုင်သလို ဟော်မုန်းမညီမျှလို့လည်း ဖြစ်နိုင်ပါတယ်။
● ပျမ်းမျှအားဖြင့် သွေးဆုံးတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်က ၂-၄ ပေါင်လောက် တက်လာတတ်ပါတယ်။ တချို့ကလည်း ဒီထက်ပိုတက်တတ်ပါတယ်။
● ဟော်မုန်းမညီမျှတဲ့အခါမှာ ပေါင်တွေ တိုးလာပြီးတော့ မျက်နှာလည်း ဝအစ်လာစေပါတယ်။
● အင်ဆူလင်ကို တုန့်ပြန်မှုမရှိခြင်း - ဒါက ကိုယ်အလေးချိန် တက်စေသလို ဟော်မုန်း မညီမျှတဲ့လက္ခဏာလည်း ဖြစ်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
2. ကာမစိတ် လျော့ကျလာခြင်း
ခန္ဓာကိုယ်ထဲမှာ estrogen ပမာဏ ကျဆင်းလာတဲ့အခါမှာ (သို့) အရွယ်မတိုင်ခင် သားဥအိမ် အလုပ်မလုပ်တော့တဲ့အခါ (အသက် ၄၀ မတိုင်မီ) ဖြစ်တဲ့အခါမှာ ဒီလိုဖြစ်စေပါတယ်။ တစ်ခါတလေဆိုရင် ပုံမှန်ထုတ်လေ့ရှိတဲ့ testosterone ပမာဏ နည်းနည်းလေး ကျသွားရင်တောင်မှ ဆက်ဆံဖို့ စိတ်မပါတော့တာတွေ ဖြစ်စေပါတယ်။
3. ပင်ပန်းနွမ်းနယ်ခြင်း
တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင် ဟော်မုန်းမညီမျှတဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။
● Estrogen ကျရင် ခေါင်းကိုက်တတ်တယ်။
● Progesterone ကျရင် ပင်ပန်းနွမ်းနယ်စေပြီးတော့ အရမ်းနည်းသွားရင် အိပ်ပျော်ဖို့ ခက်စေပါတယ်။
● သိုင်းရွိုက်ဟော်မုန်းထုတ်တာ နည်းရင်လည်း အားအင် နည်းပါးစေပြီးတော့ ပင်ပန်းနွမ်းနယ်၊ အားနည်းစေပါတယ်။ အတွေးတွေ မရှင်းတာ၊ ရှုပ်ထွေးနေတာက ဟော်မုန်းမညီမျှတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပြီးတော့ အထူးသဖြင့်တော့ လူလတ်ပိုင်းအရွယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။ စိတ်ဖိစီးမှု၊ အိပ်ရေးပျက်ခြင်းနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုတွေကြောင့် အတွေးတွေကို ရှုပ်ထွေးစေပြီးတော့ စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။
4. စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်း
ဟော်မုန်းမညီမျှမှုကြောင့် စိုးရိိမ်ပူပန်မှုတွေ၊ စိတ်တိုစိတ်ဆတ်တာတွေ၊ စိတ်ဓာတ်ကျတာတွေနဲ့ အခြားစိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြစ်စေပါတယ်။ အထူးသဖြင့်တော့ အပျိုဖော်ဝင်ခါစအချိန်တွေ၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေ အဓိကဖြစ်တဲ့အတွက်ကြောင့် ဒီအချိန်တွေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ပိုဖြစ်တတ်ပါတယ်။ အမျိုးသမီးအများစုက သွေးဆုံးကာနီး နှစ်ပိုင်းတွေမှာ စိုးရိမ်ပူပန်မှုတွေ၊ စိတ်တိုစိတ်ဆတ်၊ အလိုမကျမှုတွေနဲ့ စိတ်အတက်အကျ မြန်တာတွေကို ခံစားကြရပါတယ်။
5. အိပ်စက်ချိန် မမှန်ခြင်း
ကောင်းကောင်း အိပ်မပျော်တာကလည်း ဟော်မုန်းကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသမီး အတော်များများက အထူးသဖြင့် သွေးဆုံးချိန်မှာ အိပ်မပျော်ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာပဲ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ ဟော်မုန်းတွေ ထွက်လာတဲ့အတွက် စိတ်ဖိစီးမှုတွေလည်း များလာပါတယ်။ ဒီဟော်မုန်းထွက်တဲ့အချိန် ကြာလာတဲ့အခါမှာ ပုံမှန်အိပ်စက်ချိန်တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ တခြားဟော်မုန်းမညီမျှမှုတွေနဲ့ ပေါင်းသွားတဲ့အခါမှတော့ လုံးဝအိပ်မပျော်တဲ့ညတွေကို ကျော်ဖြတ်ရစေပါတယ်။
6. ချေွးအလွန်အမင်းထွက်ခြင်း
ပုံမှန်ထက်ပိုပြီး ချွေးတွေထွက်နေတာကလည်း ဟော်မုန်းမညီမျှတဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းထုတ်တာ များလွန်းရင် ဇီဝကမ္မဖြစ်စဉ်ကို မညီမမျှဖြစ်စေပြီးတော့ ခန္ဓာကိုယ်တွင်း အပူချိန်ကို တက်လာစေကာ ချွေးအလွန်အကျွံ ထွက်စေနိုင်ပါတယ်။ သွေးဆုံးချိန်မှာဆိုရင် estrogen ပမာဏက သိသိသာသာ ထိိုးကျသွားပြီးတော့ ညဘက်တွေမှာ ချွေးထွက်တာ၊ အပူဒဏ်ကို ခံစားရတာတွေ ဖြစ်စေပါတယ်။
7. အစာချေပြဿနာတွေ
အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ estrogen နဲ့ progesterone တွေကလေည်း အစာချေစနစ်အပေါ် သက်ရောက်မှုတွေ ရှိပါတယ်။ ဒီဟော်မုန်းတွေ မညီမျှတဲ့အခါမှာ တစ်ခါတလေ အစာချေစနစ်ကို ပိုမြန်စေပြီးတော့ ဝမ်းလျှောတာ၊ ပျို့တာနဲ့ ဗိုက်အောင့်တာတွေကို ခံစားရနိုင်သလို အချိန်ကြာလာရင် နှေးသွားစေပြီးတော့ ရင်ပြည့်ရင်ကယ်နဲ့ ဝမ်းချုပ်တာတွေ ဖြစ်စေနိုင်ပါတယ်။ အစာချေစနစ် ကောင်းကောင်းအလုပ်လုပ်ဖို့ သိုင်းရွိုက်ဟော်မုန်းနဲ့လည်း ဆိုင်ပါသေးတယ်။ သိုင်းရွိုက်ဟော်မုန်း ထုတ်တာနည်းရင် အစာချေတာလည်း နှေးသွားပြီးတော့ အစာအိမ်ထဲက အက်ဆစ််နဲ့ အစာချေအင်ဇိုင်းတွေရဲ့ ပြင်းအားကို လျော့ကျစေပါတယ်။ ဒါကို ရာသီမလာမီ၊ လာနေစဉ်၊ သွေးမဆုံးမီအချိန်တွေမှာ တွေ့ရလေ့ရှိပါတယ်။ ဒီလိုလက္ခဏာတွေ ကြုံရပြီဆိုရင် ဟော်မုန်းကြောင့် ဖြစ်နိုင်ပါတယ်။
ဒီလိုဟော်မုန်းပြောင်းလဲမှုတွေက ပုံမှန်သဘာဝအလျောက် အသက်ကြီးလာလို့ ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေအချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ဒီလက္ခဏာတွေ ကြုံလာရပြီဆိုရင် ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























