သားအိမ်ခြစ်တဲ့အခါ
>> သားအိမ်ခြစ်မယ်ဆိုရင် ဘာတွေပြင်ဆင်ဖို့လိုလဲ?
မလိုတဲ့ဆေးတွေကို အကုန်ရပ်ပါ။ : သားအိမ်မခြစ်ခင် ရက်ပိုင်းလောက်ကို အက်စပရင်လိုမျိုး သွေးထွက်စေနိုင်တဲ့ဆေးတွေ၊ အအေးမိပျောက်ဆေးတွေ၊ ဝမ်းနှုတ်ဆေးတွေ၊ အရက်၊ ဆေးလိပ်တွေ၊ ပရဆေးတွေကို ရှောင်ဖို့လိုတယ်။ သေချာဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါနော်။
နာတာရှည်အခြေအနေတွေ : သားအိမ်မခြစ်ခင် တခြားနာတာရှည်ရောဂါတွေကို သေချာထိန်းချုပ်နိုင်ဖို့ လိုတယ်။ ဥပမာအားဖြင့် သွေးတိုးရောဂါလိုမျိုးပေါ့။ သားအိမ်ခြစ်ချိန်မှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ မဖြစ်ဖို့ အရေးကြီးတယ်နော်။
စားတာ သောက်တာ : မေ့ဆေးနဲ့ ခြစ်မယ်ဆိုရင် ၁၂ နာရီ၊ ထုံဆေးနဲ့ဆိုရင် ၈ နာရီလောက် ဘာမှမစား၊ မသောက်ပါနဲ့။
စစ်ဆေးမှုတွေ : သားအိမ်မခြစ်ခင် ရက်၊ ဒါမှမဟုတ် ခြစ်မယ့်ရက်မှာ သွေးတွေ၊ ဆီးတွေ စစ်ဆေးဖို့လိုတယ်။
>> သားအိမ်ခြစ်ပြီးချိန်မှာ -
သားအိမ်ခြစ်တာဟာ နာလန်ထချိန် မြန်ပါတယ်။ ခြစ်ခြစ်ပြီးချိန်မှာ ဓမ္မတာကိုက်သလို ကိုက်ခဲတတ်တယ်။ အများစုမှာတော့ ၁ နာရီလောက်ပဲ နာတတ်ပေမယ့် တချို့မှာတော့ ၁ ရက်ထက် ပိုနာနေတတ်တယ်။
● ရက်ပိုင်းလောက် သွေးနည်းနည်းစီ ဆင်းတတ်တယ်။
● သားအိမ်ခြစ်ပြီးချိန်မှာ ဆေးရုံမှာ ခဏစောင့်ကြည့်ပြီး စိတ်ချရပြီဆိုရင် အိမ်ပြန်လို့ရပါပြီ။
● မေ့ဆေးပေးပြီး အနည်းဆုံး ၂၄ နာရီလောက်တော့ ကားမမောင်းသင့်ဘူး။
● နာတာ သက်သာဖို့ Naproxen, ibuprofen လိုမျိုး အကိုက်အခဲပျောက်ဆေးတွေ ပေးပါလိမ့်မယ်။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ ချက်ချင်းပြန်ပြဖို့ လိုမလဲ?
● ဖျားနာခြင်း (အဖျား ၁၀၀.၄°F, ၃၈°C)
● ဗိုက်အောင့်တာ အရမ်းဆိုးလာပြီး အကိုက်အခဲပျောက်ဆေးနဲ့ မပျောက်ခြင်း
● ၆ နာရီထက် ပိုပြီးသွေးဆင်းနေခြင်း၊ ၁ နာရီအတွင်း လစဉ်သုံးပစ္စည်း ခဏခဏ လဲနေရခြင်း
● မိန်းမကိုယ်ကနေ အနံ့ဆိုးဆိုးအဖြူတွေ ဆင်းနေခြင်း
ဒီလိုပြဿနာတွေ ဖြစ်လာတဲ့အခါ ချက်ချင်းဆရာဝန်နဲ့ ပြဖု့ိလိုတယ်။ သွေးဆင်းတာ အရမ်းများလာရင် မူးဝေလာတာ၊ မေ့လဲတာမျိုးတွေ ဖြစ်လာတတ်တယ်။
>> သားအိမ်ခြစ်ပြီးသူတွေမှာ -
၂ ပတ်လောက် အမျိုးသားနဲ့ အတူနေလို့မရပါဘူး။ သားအိမ်ခေါင်းကို ချဲ့ထားတာကြောင့် ပုံမှန်အရွယ်အစား ပြန်ကျုံ့အောင် အချိန်စောင့်ရမယ်။ ဒီအချိန်အတွင်းမှာ သားအိမ်ထဲ ပိုးတွေဝင်နိုင်လို့ပါ။
သွေးဆင်းရင် အနည်းဆုံး ၂ ပတ်လောက်ကို မိန်းမကိုယ်ထဲထည့်တဲ့ လစဉ်သုံးတန်ပွန်ကို မသုံးဘဲ ရိုးရိုးလစဉ်သုံးပစ္စည်း Pad ကိုပဲ သုံးပေးပါ။
ဆရာဝန် ရက်ချိန်းအတိုင်း ပြန်ပြဖို့လည်း မမေ့နဲ့နော်။ ရက်ချိန်းပြန်ပြရင် အသားစအဖြေတွေ၊ စစ်ဆေးထားတာတွေကို ဆရာဝန်နဲ့ ဆွေးနွေးနိုင်တယ်။ ပိုးဝင်တဲ့လက္ခဏာတွေ ရှိ/မရှိ၊ သားအိမ်ခေါင်း ပုံမှန်ဖြစ်/မဖြစ် စမ်းသပ်ကြည့်ဖို့လည်း လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























