/
node/6395

အရွယ် တင်ချင်ကြသူတွေအတွက်

Category
အလှအပနှင့်ကျန်းမာရေး

        ငယ်ရွယ်နုပျို အရွယ်တင်စေတဲ့ နတ်ဆေးကန်မျိုးတော့ မရှိပေမယ့် စိတ်မညစ်ပါနဲ့နော်။ အရွယ်တင်လှပစေမယ့် အတွေးတွေ၊ လူနေမှုပုံစံတွေက နုပျိုမှုတွေကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။

 

၁။ သင့်တင့်မျှတစွာ စားပေးပါ။

          ကျန်မာရေးနဲ့ ညီညီညွတ်ညွတ်စားတာဟာ ဉာဏ်ရည်ထက်မြက်ဖို့၊ စိတ်ခံစားချက်တွေမျှတဖို့၊ ရောဂါဘယတွေ လျော့နည်းဖို့၊ ဆံပင်နဲ့ အသားအရေတွေ လှပချောမွေ့ဖို့ အရမ်းကို လိုအပ်တယ်နော်။ အဲဒါကြောင့် ဗီတာမင်တွေ၊ အမိုင်နိုအက်ဆစ်တွေ၊ ခန္ဓာအကျိုးပြုပိုးမွှားတွေ၊ အင်တီအောက်စီဒန့် ဓာတ်တိုးဆန့်ကျင်ပစ္စညး်တွေနဲ့ ပြည့်နေတဲ့ အစားအသောက်မျိုးတွေကို ဦးစားပေးပြီး စားပေးရပါမယ်။

 

၂။ ကောင်းကောင်းအိပ်ပေးဖို့လည်း လိုပါတယ်။

          ကိုယ်ခန္ဓာမှာရှိတဲ့ ဆဲလ်တွေဟာ အိပ်ပျော်နေတဲ့ အချိန်လေးအတွင်းမှာ ပြန်လည်ပြုပြင်ရေးတွေ လုပ်ကြရတယ်။ ဒါကြောင့်လည်း အိပ်ရေးဝဝ အိပ်၊ မအိပ်ဟာ လူတွေရဲ့လုပ်ဆောင်မှုတွေအပေါ်ကို အကျိုးသက်ရောက်မှုတွေ များတာပေါ့။ အိပ်ရေးဝဝ မအိပ်ရင် သွေးလှည့်ပတ်မှုတွေ ကမောက်ကမဖြစ်၊ လိုအပ်တဲ့ အာဟာရဓာတ်တွေမရနဲ့ ကိုယ်ခန္ဓာမှာ ဖိစီးမှုတွေ ဖြစ်လာတော့တယ်။ အဲဒါကြောင့် တစ်နေ့ကို ၇ နာရီကနေ၊ ၈နာရီပြည့်အောင်တော့ အိပ်ဖို့လိုတယ်နော်။

 

၃။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့လိုတယ်။

          ကြာရှည်စိတ်ဖိစီးမှုများခြင်းက အိုမင်းစေတယ်။ စိတ်ပူပန်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေနဲ့ ခွန်အားယုတ်လျော့မှုတွေကို ဖြစ်စေတယ်။ ဒါတွေအားလုံးဟာ မျက်နှာမှာလာပေါ်ပြီး လူလည်း အိုစာလာတော့တာပေါ့။ အဲဒါကြောင့် တရားထိုင်၊ သီချင်းနားထောင်၊ စိတ်အာရုံ လွှဲပေးပြီးတော့ စိတ်ဖိစီးမှုကို လျှော့ချရမယ်။

 

၄။ နေ့တိုင်းလမ်းလျှောက်ပေးပါ။

          လမ်းလျှောက်ပေးတာက ဖန်တီးနိုင်မှုကို အားပေးပြီးတော့ ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေတယ်။ စိတ်ကိုခွန်အားတိုးစေပြီး သွေးလည်ပတ်မှုကိုလည်း အားပေးတာကြောင့် အသားအရေကို ပန်းသွေးရောင် ကြွစေတယ်နော်။

 

၅။ နေရောင်ကာခရင်မ် လိမ်းပေးပါ။

          နေရောင်ကာခရင်မ်တွေက အရေတွန့်တာ၊ အစက်အပြောက်တွေနဲ့ အသားအရေ လျော့တွဲတာတွေကို ကာကွယ်ပေးတယ်။ အခုနောက်ပိုင်း လေ့လာတွေ့ရှိချက်တွေမှာဆိုရင် နေရောင်ကာခရင်မ်တွေက အပျက်အစီးတွေကိုတောင် ပြန်ပြီးအသက်သွင်းပေးတယ်လို့ ဆိုတယ်။ ဒီခရင်မ်ထဲမှာပါတဲ့ အစိုဓာတ်က အသားကို တင်းရင်းစေပြီးတော့ ပြန်လည်မွေးဖွားဖို့ အချိန်ပေးတယ်။

 

၆။ စိတ်ကို အဆိပ်အတောက်ဖြစ်စေတဲ့လူတွေနဲ့ ဝေးဝေးနေပေးနော်။

          ဒီလိုလူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေ၊ စိတ်ပူပန်မှုတွေကို ဖြစ်စေတယ်။ တစ်ခါတလေ ရောဂါဘယတွေကိုတောင် ဖြစ်စေတတ်သေးတယ်။

 

၇။ စိတ်ကို အစာကျွေးဖို့လည်း လိုသေးတယ်။

          ကြွက်သားတွေလိုပဲ စိတ်ကိုလည်း မှန်မှန်သွေးပေးနေမှ အရောင်ထွက်တာ။ ဒါကြောင့် အမြဲတမ်း စာပေဖတ်ရှု၊ လေ့လာ၊ မှတ်သားနေတာ၊ အနုပညာပြခန်းတွေ သွားတာ၊ ရုပ်ရှင်တွေကို အမြဲဆန်းစစ်တာ၊ တခြားလူတွေနဲ့ ဉာဏ်ရည်သွေးတာ၊ ဒီလို စိတ်အစာကျွေးတဲ့အလုပ်တွေ အမြဲလုပ်နေရင် မှတ်ဉာဏ်တွေ၊ ဖန်တီးနိုင်စွမ်းတွေ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကို တိုးပွားစေပါလိမ့်မယ်။

 

၈။ အမြဲအကောင်းတွေးပါ။

          အမြဲတမ်း အကောင်းတွေးသူတွေဟာ စိတ်ဓာတ် ပိုမိုတည်ကြည်ကြံ့ခိုင်ပြီးတော့ တခြားလူတွေကိုလည်း ကိုယ်ချင်းစာစိတ် ပိုပြည့်ဝနိုင်တယ်လို့ဆိုတယ်။ ရောဂါဘယတွေလည်း ပိုရှင်းတယ်ဆိုပဲ။

 

၉။ အကြီးကြီးတွေးပါ။

          ကိုယ်တကယ် မြင်နိုင်စွမ်းရှိတာထက် ပိုပြီးအကြီးကြီး တွေးကြည့်ပါ။ ဒီလိုတွေးခြင်းက ဒီအာကာသလောကကြီးထဲက ကိုယ့်ရဲ့ရပ်တည်မှုကို နားလည်သဘောပေါက် လက်ခံနိုင်စေတယ်။ တခြားလူတွေနဲ့ တကယ်ဆက်သွယ်နိုင်ဖို့ လူမှုကူညီရေးအသင်းအဖွဲ့တွေမှာ စေတနာ့ဝန်ထမ်းလုပ်ပေးတာက့ လောကကြီးမှာ ကိုယ်တကယ် အသုံးဝင်ပါလားဆိုတဲ့ အတွေးကိုရစေတယ်။

 

၁၀။ ပေါင်းသင်းဆက်ဆံပါ။

          တစ်ယောက်တည်း အဖော်မဲ့နေတာဟာ ရောဂါဘယတွေနဲ့ စိတ်ရောဂါတွေရဲ့ အစလို့ပြောကြတယ်။ တခြားလူတွေနဲ ကူးလူးဆက်ဆံ၊ ပျော်ရွှင်ရယ်မော၊ ပြောပြောဟောဟောနေတာဟာ ပျော်ရွှင်ကျေနပ်မှုကို ရစေတယ်။

          အဲဒါကြောင့် ဘယ်အသက်အရွယ်ပဲ ဖြစ်နေပါစေ၊ ဒီအခက်လေးတွေကို ရင်ထဲထည့် ကြိုးစားလုပ်ဆောင်ကြည့်ခြင်းဖြင့် နှလုံးသား နုပျိုလန်းဆန်းတဲ့သူတွေ ဖြစ်လာကြမှာပါပဲ။ တခြားလူတွေက နုပျိုစေတဲ့ နည်းလမ်းကောင်းတွေကို မျှဝေခိုင်းလာကြမှာ မလွဲပါဘူးနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)