ရင်သားအဖုအကျိတ် ဘယ်အချိန်မှာ စိုးရိမ်သင့်သလဲ
ရေချိုးခန်းထဲ ရေချိုးနေတုန်း ရင်သားမှာ အလုံးအကျိတ်တစ်ခုခု စမ်းမိရင် လန့်သွားကြမှာပေါ့နော်။
ဒါပေမဲ့ အသက် ၄၀ အောက် အမျိုးသမီးတွေရဲ့ ၈၀ ကနေ ၈၅% လောက်ဟာ ကင်ဆာမဟုတ်တာကြောင့် အရမ်းကြီးတော့ စိတ်မပူလိုက်ပါနဲ့လို့။
ဒီမှာ မေးစရာရှိလာပြီပေါ့။ ကင်ဆာအကျိတ် ဟုတ်၊ မဟုတ်ကို ဘယ်လိုခွဲကြမလဲ? ဘာကြောင့် ရိုးရိုးရင်သားအကျိတ်တွေ ဖြစ်လာတာလဲ? သူ့အလိုလို ပျောက်သွားတတ်သလား?
>> ရင်သားအကျိတ်ခွဲခြားနည်း
ရင်သားဟာ အဆီ၊ အာရုံကြော၊ သွေးကြော၊ အမျှင်ကြွက်သားတွေ၊ ဂလင်းကြွက်သားတွေနဲ့ နို့ကြိတ်နို့ထွက်ဂလင်းတွေနဲ့ ဖွဲ့စည်းထားတာမို့ နဂိုဖွဲ့စည်းပုံကိုက မညီမညာဖြစ်တတ်တယ်။
ရိုးရိုးအကျိတ်တွေဆိုရင် မာမာကျစ်ကျစ် အလုံးသေးသေးဖြစ်ရင်ဖြစ်၊ ရွေ့နေတဲ့ ပျော့ပျော့အရည်အိတ်လေးတွေ ဖြစ်ရင်ဖြစ်လိမ့်မယ်။
အဓိက လှုပ်၊ မလှုပ်ဆိုတာနဲ့ ခွဲပါတယ်။ လက်နဲ့ ကိုင်လိုက်လို့ ပြေးနေတယ်ဆိုရင် ကင်ဆာမဟုတ်ဖို့ ပိုများတယ်။
ဒါပေမဲ့ ရိုးရိုးအလုံးတိုင်း လှုပ်နေတာ မဟုတ်သလို ကင်ဆာတိုင်းလည်း မလှုပ်တာတော့ မဟုတ်ပြန်ဘူး။ အကောင်းဆုံးကတော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြပြီး အာထရာစောင်း၊ ရင်သားဓာတ်မှန်၊ အသားစတွေ ယူ စစ်ဆေးကြည့်ဖို့ လိုတယ်။
နောက်ခွဲခြားနည်း တစ်နည်းကတော့ နာ၊ မနာကြည့်ဖို့ပါ။ ကင်ဆာဆိုရင် မနာတတ်တာ များတယ်။
ပြီးတော့ ရာသီလာချိန်မှာ ပေါ်လာပြီး ရာသီပြီးချိန်မှာ ပြန်ပျောက်သွားတယ်ဆိုရင်လည်း ကင်ဆာမဟုတ်ဘဲ ဟေ်ာမုန်းအပြောင်းအလဲဖြစ်ဖို့ များပါတယ်။
>> ရိုးရိုးရင်သားအကျိတ်
ရိုးရိုးရင်သားအကျိတ် အများစုဟာ ဓမ္မတာနဲ့ ဆိုင်တတ်တာများလို့ ရာသီအပြီး ရက်ပိုင်းလောက်မှာ စစ်ဆေးကြည့်သင့်တယ်။
နောက်ပြီး နို့ပြွန်ပိတ်တာ၊ ပိုးဝင်တာ၊ အနာတရ ဖြစ်တာတွေကြောင့်လည်း ဖြစ်တတ်တယ်။
အဖြစ်များတဲ့ ရင်သားအကျိတ်တွေကတော့ -
Fibrocystic changes လို့ခေါ်တဲ့ ရာဘာလိုအကျိတ်တွေ၊ အရည်အိတ်လုံးလုံးတွေ အဖြစ်များကြတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တတ်တာမို့ လူလတ်ပိုင်းမှာ ဖြစ်တတ်ပြီး သွေးဆုံးချိန်မှာ ပျောက်သွားတတ်တယ်။
တစ်ခါတစ်ရံ အရည်စုတာ သက်သာအောင် ဆားနဲ့ ကဖိန်း လျှော့ခိုင်းတတ်တယ်။ လက္ခဏာတွေ သက်သာအောင် တားဆေးဟော်မုန်းတွေ သောက်ဖို့လည်း လိုတတ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာဖြစ်တဲ့ အရည်အိတ်တွေဟာ ကိုင်ကြည့်ရင် နာပြီး ရာသီနဲ့ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်တတ်တယ်။ အသက် ၃၅ ကနေ ၅၀ အတွင်းမှာ ဖြစ်တတ်ပြီး သေချာအောင် အရည်ယူ စစ်ဆေးကြည့်ဖို့ လိုတယ်။
Fibroadenoma လို့ခေါ်တဲ့ နို့ကိျတ်ကတော့ ၁၀ ကျော်သက်နဲ့ ၂၀ ပိုင်းလောက်မှာ အဖြစ်များပြီး အရွယ်အစားလည်း အမျိုးမျိုး ရှိနိုင်တယ်။ ကျောက်ခဲလို မာကျစ်ကျစ်ဖြစ်ပြီး အသားစ ယူကြည့်လို့ရတယ်။ တကယ်လု့ိ သူ့အလိုလို သေးလာတယ်၊ ပျောက်သွားတယ်၊ ဒါမှမဟုတ် ဆရာဝန်က ရိုးရိုးနု့ိကျိတ် သေချာတယ် ဆိုရင်တော့ ဘာမှမလုပ်ဘဲ ထားလိုက်လို့ ရပါတယ်။
အဆီဒဏ်ဖြစ်ခြင်း : ဝသူတွေ၊ ရင်သားကြီးသူတွေမှာ အဖြစ်များပြီး ထိခိုက်ဒဏ်ရာကြောင့် အဆီတွေဒဏ်ဖြစ်တဲ့အခါ ဖြစ်တတ်တယ်။
နို့သီးခေါင်းမှ အရည်ထွက်ခြင်း : တစ်ခါတလေ အလုံးအကျိတ်တွေမရှိဘဲ နို့သီးခေါင်းကနေ အရည်ထွက်ပြီး လာတတ်တယ်။ Fibrocystic ရောဂါကြောင့် ထွက်တဲ့အရည်ဟာ အဝါကနေ အစိမ်းရောင်ရှိပြီး နို့နှစ်ရောင်တွေ ထွက်နေရင်တော့ ဟော်မုန်းကမောက်ကမ ဖြစ်လို့နေမှာပါ။ အစိမ်းပုပ်ရောင် ထွက်ခဲ့မယ်ဆိုရင် နို့ပြွန်ကျဉ်းတာကြောင့် ဖြစ်ပါလိမ့်မယ်။ သွေးရောင်ထွက်လာမယ်ဆိုရင် ကင်ဆာဖြစ်ဖို့များပြီး တခြား ဒဏ်ရာရတာ၊ ပိုးဝင်တာ၊ ရိုးရိုးအကျိတ်တွေမှာလည်း ရတတ်ပါတယ်။
နို့ပြွန်ရောင်ခြင်း : နို့ပြွန်ရောင်တဲ့အခါ ရင်သားတစ်ခုလုံး နီရဲရောင်ရမ်းပြီး ဖျားပါ ဖျားတတ်တယ်။ နို့တိုက်မိခင်တွေမှာ အဖြစ်များတယ်။ အပူအိတ်ကပ်ပြီး ပိုးသတ်ဆေးသောက်ဖို့ လိုတယ်။ ဒါပေမဲ့ ရောင်ရမ်းရင်သားကင်ဆာနဲ့ တူနေတတ်တာမို့ နို့တိုက်နေတာမဟုတ်တဲ့ အမျိုးသမီးတွေမှာဖြစ်ပြီး လွယ်လွယ်နဲ့မပျောက်ခဲ့ရင် ဆရာဝန်နဲ့ပြဖို့ လိုတယ်။
တခြားအဖြစ်နည်းတဲ့ရောဂါတွေကတော့ ရင်သားဆဲလ်ပွားတာ၊ ကြွက်နို့လိုအကျိတ်တွေဖြစ်တာ၊ အဆီကျိတ်တွေဖြစ်တာမျိုး ရှိတယ်။
နောက်ဆုံးအနေနဲ့ ရင်သားအကျိတ်တွေ စမ်းမိခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်ဖို့ အရေးကြီးပါတယ်။ ကုလု့ိရတတ်ပြီး သူ့အလိုလိုလည်း ပျောက်သွားတတ်တာများလို့ အရမ်းကြီး စိတ်မပူပါနဲ့နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























