ပျိုမေတို့ လှပစေဖို့ ထမင်းရည်
ထမင်းရည်မှာ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့အတွက် ကျန်းမာရေးကို အထောက်အကူပြုသလို အလှအပရေးရာအတွက်လည်း အကျိုးရှိပါတယ်။
1. ဆံသားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။
ရှေးနှစ်ပေါင်းများစွာကတည်းက ထမင်းရည်ကို ခေါင်းလျှော်ရည်၊ ပျော့ဆေးအနေနဲ့ အသုံးပြုလာခဲ့ကြပါတယ်။ ထမင်းရည်ထဲမှာပါဝင်တဲ့ ကစီဓာတ်တစ်မျိုးက ဆံသားရဲ့ ကျုံ့ဆန့်နိုင်အားကို ကောင်းမွန်စေပြီး ဆံသား ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ အဖျားနှစ်ခွဖြစ်ခြင်းတွေကို လျော့နည်းစေပါတယ်။ ထမင်းရည်နဲ့ ဆံပင်ပေါင်းပါက နက်မှောင်သန်စွမ်းပြီး ရှည်လျားတဲ့ဆံပင်ကို ပေးစွမ်းနိုင်ပါတယ်။
2. ဆံပင်အရင်းကို သန်မာစေပါတယ်။
ဆံပင်ကျွတ်ခြင်းပြဿနာကို တော်တော်များများ ကြုံတွေ့နေကြရပြီး ဆံပင်ကျွတ် သက်သာစေတယ်ဆိုတဲ့ ခေါင်းလျှော်ရည်တွေ၊ ဆံပင်ပျော့ဆေးတွေကို ဝယ်ယူသုံးစွဲနေကြရပါတယ်။ ဆံပင်ကျွတ်ခြင်းအတွက် နည်းလမ်းကောင်းတစ်ခုကတော့ ထမင်းရည်ပါပဲ။ ထမင်းရည်မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းတွေကို သန်မာစေပြီး ဆံသားကို ကောင်းမွန်စေပါတယ်။
3. မျက်နှာအသားအရေကို ကောင်းမွန်စေပါတယ်။
ထမင်းရည်က သဘာဝတိုနာဖြစ်ပြီး ချောမွေ့တောက်ပြောင်ပြီး ကျန်းမာအသားအရေကို ပေးစွမ်းနိုင်ပါတယ်။ ထမင်းရည်ကို ဂွမ်းလုံးလေးနဲ့ တို့ပြီး မျက်နှာကို လိမ်းပေးခြင်းအားဖြင့် ချေွးပေါက်ကျဉ်းစေကာ သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။
4. ချေွးပေါက် ကျဉ်းစေပါတယ်။
မျက်နှာကို ထမင်းရည်လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးခြင်းအားဖြင့် အသားအရေကို နူးညံ့တင်းရင်းစေနိုင်ပါတယ်။
5. အရွယ်တင်စေပါတယ်။
အိုမင်းရင့်ရော်ခြင်းက အချို့သောသူတွေအတွက် အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ပတ်ဝန်းကျင်ကြောင့်နဲ့ အသက်အရွယ် ကြီးလာခြင်းကြောင့် တဖြည်းဖြည်းနဲ့ အသားအရေတွေက တောက်ပခြင်း ကင်းမဲ့လာပါတယ်။ ဒီလို အိုမင်းရင့်ရော်ခြင်းကို တွန်းလှန်နိုင်ဖို့အတွက် ကောင်းမွန်တဲ့အစားအစာတွေ အားဖြည့်ဆေးတွေကို စားနေ၊ သောက်နေကြရပါတယ်။ ထမင်းရည်က အသားအရေကို ချောမွေ့စေရုံသာမက အရွယ်တင် နုပျိုစေပါတယ်။ အိုမင်းရင့်ရော်ခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေနဲ့ အရေးအကြောင်းတွေကို လျော့နည်းစေပါတယ်။
6. အရေပြား ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
အရေပြားမှာ အနာဖြစ်လျှင် (သို့) ထိခိုက်ဒဏ်ရာရလျှင် ထမင်းရည် သုတ်လိမ်းပေးခြင်းဖြင့် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ အပူလောင်ခြင်းကြောင့် ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။
7. နှင်းခူအတွက် ဆေးလည်း ဖြစ်ပါတယ်။
နှင်းခူဆိုတာ အရေပြားမှာ နီကြမ်းလာပြီး ကွဲလာကာ ယားယံစေတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ထမင်းရည်က နှင်းခူရောဂါကို ကုသပေးနိုင်ပါတယ်။
8. အသားအရေကို ပြုပြင်ထိန်းသိမ်းပေးတဲ့ သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။
အပေါ်မှာပြောထားတဲ့အတိုင်းပဲ ထမင်းရည်က သဘာဝကပေးတဲ့ အသားအရေ ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် အလှအပရေးရာအတွက် ပိုက်ဆံအများကြီး အကုန်မခံနိုင်ဘူးဆိုရင် ထမင်းရည်က အကောင်းဆုံးပါ။ နောက်ထပ် ကောင်းကျိုးတစ်ခုက ထမင်းရည်ကို သံလွင်ဆီနဲ့ရောပြီး scrub အဖြစ် အသုံးပြုပါက အရေပြားကို အာဟာရပြည့်ဝစေပြီး အမဲစက်တွေကို ပျောက်ကင်းစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























