/
node/6681

သားသားမီးမီးလေးတွေကို ဟင်းသီးဟင်းရွက်ကျေွးရတာအရမ်းခက်နေလား

Category
ကလေးများနှင့်ကျန်းမာရေး

တစ်ခါတစ်လေတော့လည်း ကလေးတွေကို ဟင်းသီးဟင်းရွက်စားဖို့ကျေွးရတာအရမ်းခက်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကလည်း ရောဂါကိုကာကွယ်ပေးတဲ့အစာအုပ်စုထဲမှာပါပြီးတော့ ကျန်းမာရေးအတွက် အရေးကြီးတော့မကျေွးလို့ကလည်းမရ ကလေးကိုကျေွးဖို့ကလည်းခက်နဲ့ မိဘတွေ အတွက်ကတော့ တကယ်အခက်ကြုံရပါတယ်။

သြစတျေးလျ အစားအစာဆိုင်ရာစည်းမျဉ်းအရ အသက် ၈ နှစ်အောက်ကလေးတစ်ယောက်ကတစ်နေ့ကို ဟင်းသီးဟင်းရွက် ၂ ခွက်ကနေ ၄ခွက်ခွဲလောက်စားသင့်တယ်လို့ အကြံပြုထားပါတယ်။ ဟင်းသီးဟင်းရွက်ကျေွးရခက်တဲ့ကလေးတွေကို ဘယ်လိုကျေွးမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကိုပြောပြပေးချင်ပါတယ်။

ကလေးတွေဟင်းသီးဟင်းရွက်ကြိုက်စေဖို့အတွက် နည်းလမ်းကောင်းများ

1.မိဘတွေကိုယ်တိုင်က စံနမူနာကောင်းအနေနဲ့ ဟင်းသီးဟင်းရွက်ကိုစားဖို့လိုပါတယ်။

ကလေးတွေဆိုတာက မိဘတွေကိုအတုယူတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကိုဟင်းသီးဟင်းရွက်နှစ်သက်စေဖို့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ မိဘတွေကိုယ်တိုင်ကစားပြတာပါ။ မိသားစုထမင်းဝိုင်းမှာ ဟင်းသီးဟင်းရွက်အနည်းဆုံး ၂ ခွက်လောက်အမြဲပါသင့်ပါတယ်။ ဒါမှသာကလေးတွေအနေနဲ့လည်း ဟင်းသီးဟင်းရွက်ကိုမစိမ်းဘဲနဲ့ စားကျင့်ရပြီးကြိုက်သွားမှာပါ။

2.ကလေးကဟင်းသီးဟင်းရွက်မစားချင်လို့ငြင်းနေရင်လည်း မိဘတွေကလက်မလျှော့လိုက်ပါနဲ့။

ကလေးတွေကတော့ ဟင်းသီးဟင်းရွက်ကို စစားချင်းချင်းမှာ မကြိုက်ဘဲငြင်းကြမှာပါပဲ။ ကလေးငြင်းလိုက်ရုံနဲ့မိဘတွေက လက်မလျှော့သင့်ပါဘူး။ ထမင်းကျေွးတဲ့အခါတိုင်းမှာ ဟင်းသီးဟင်းရွက်ကို အရသာရှိအောင်ချက်ပြုတ်ပြီးကျေွးကြည့်ပေးဖို့လိုပါတယ်။ ကလေးအချို့အတွက် အစားအစာအသစ်တစ်မျိုးကို လက်မခံခင်မှာ ၁၀ ကြိမ်လောက်ကျေွးကြည့်ဖို့လိုပြီးတော့ သူတို့ကြိုက်သွားဖို့အတွက်ဆိုရင် နောက်ထပ် ၁၀ ကြိမ်လောက် ထပ်ပြီးကျေွးကြည့်ဖို့လိုပါသတဲ့။ ဒီတော့ ကြိုးစားပြီးကျေွးကြည့်မယ်ဆိုရင် နောက်ဆုံးမှာ ကလေးက ဟင်းသီးဟင်းရွက်ကြိုက်သွားမှာပါ။

3.ကလေးကဟင်းသီးဟင်းရွက်စားတဲ့အခါတွေမှာ ချီးကျူးစကားဆိုပေးပါ။

ကလေးဟင်းသီးဟင်းရွက်စားတိုင်းမှာ ‘ရွှေဖရုံသီးတွေ၊ မုန်ညင်းတွေစားနေတယ်လိုက်တာ မေ့မေ့သမီးလေးကချစ်စရာလေး’ စတဲ့ချီးကျူးစကားလေးတွေဆိုပေးမယ်ဆိုရင် ကလေးတွေအနေနဲ့ နောက်ထပ်စားချင်စိတ်ပေါ်လာပါလိမ့်မယ်။

ဒီလိုချီးကျူးပေးရမယ်ဆိုပေမယ့်လည်းပဲ ရည်ရွယ်ချက်က ကလေးကို ဟင်းသီးဟင်းရွက်ကြိုက်အောင်လုပ်ရမှာဖြစ်လို့ ကလေးကကြိုက်လို့စားတာဖြစ်ရပါမယ်။ ချီးကျူးခံချင်လို့စားတာမျိုးမဖြစ်အောင် သတိထားဖို့လိုပါတယ်။ ဟင်းသီးဟင်းရွက်စားလို့ ချီးကျူးသလို မစားလို့ဆိုပြီးတော့ အပြစ်ပေးတာမျိုးတော့မလုပ်သင့်ပါဘူး။ ဒီလိုဒဏ်ပေးခြင်းအားဖြင့် ကလေးက ဟင်းသီးဟင်းရွက်အပေါ်မကောင်းမြင်သွားပါလိမ့်မယ်။

ပြီးတော့ ဟင်းသီးဟင်းရွက်စားအောင် ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးလို့မရပါဘူး။ ဥပမာ ဒီမုန်လာဥလေးစားရင် ရေခဲမုန့်ကျေွးမယ် လို့ပြောလိုက်ရင် ကလေးက ဟင်းသီးဟင်းရွက်စားချင်တာထက် ရေခဲမုန့်စားချင်လို့စားတာဖြစ်ပြီးတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာထက် ကျန်းမာရေးနဲ့မညီတာတွေကိုပိုစားချင်စိတ်ဖြစ်စေသလို အစားအလွန်အကျွံလည်းစားမိစေပါတယ်။

4.ဟင်းသီးဟင်းရွက်တွေချက်ပြုတ်တဲ့နေရာမှာ ကလေးကိုပါဝင်စေပါ။

ကလေးအနေနဲ့သူကိုယ်တိုင်ကိုယ်ကျပါဝင်ပြီးပြင်ဆင်ထားရတဲ့ ဟင်းသီးဟင်းရွက်ပါတဲ့အစားအစာတွေကိုပိုပြီး စားချင်စိတ်ရှိမှာပါ။ ဥပမာဆိုရင် ကလေးကို ညစာအတွက်ဘာအရွက်ဝယ်မလဲကိုယ်တိုင်ရွေးဝယ်ခိုင်းတာမျိုး၊ ချက်ပြုတ်တဲ့အခါမှာ ဟင်းသီးဟင်းရွက်တွေကိုဆေးခိုင်းတာ၊ လှီးဖြတ်ပြီးသားလေးတွေကိုအိုးထဲထည့်ခိုင်းတာမျိုးတွေကို ပါဝင်ကူညီစေခြင်းအားဖြင့် စားချင်စိတ်ကိုအထောက်အကူဖြစ်စေနိုင်ပါတယ်။

ကလေးက ဓားတွေလိုမျိုးချွန်ထက်တဲ့အရာတွေကိုအန္တကင်းကင်းကိုင်နိုင်တဲ့အရွယ်ရောက်ရင် ကူပြီးတော့ လှီးခိုင်းဖြတ်ခိုင်းလို့ရပါတယ်။

5.သွားရည်စာအနေနဲ့လည်း ဟင်းသီးဟင်းရွက်လေးတွေကိုစားချင်စားဖွယ်လုပ်ကျေွးပါ။

သွားရည်စာအနေနဲ့ ကျန်းမာရေးနဲ့မညီတာတွေကျေွးမယ့်အစား ဟင်းသီးဟင်းရွက်လေးတွေကိုစားချင်စဖွယ်လုပ်ကျေွးမယ်ဆိုရင်လည်း ကလေးတွေက ဗိုက်ဆာလာတဲ့အခါမှာ ဟင်းသီးဟင်းရွက်စားကျင့်ရသွားပါလိမ့်မယ်။

6.အရသာမျိုးစုံ၊ အရောင်စုံတဲ့ဟင်းသီးဟင်းရွက်တွေကိုကျေွးပါ။

အရသာ၊ ပုံစံ၊ အရောင်မျိုးစုံရှိတဲ့ဟင်းသီးဟင်းရွက်လေးတွေကိုရွေးကျေွးပါ။ ကလေးကဒီလိုဆိုရင်ပိုပြီးစိတ်ဝင်စားလာမှာပါ။ ဟင်းသီးဟင်းရွက်အသစ်တစ်ခုခုကျေွးတဲ့အခါမှာ သူကြိုက်တဲ့အစားအစာနဲ့အတူကျေွးတဲ့အခါမှာလည်းကလေးအာရုံစိုက်မှုနည်းစေပါတယ်။ ပြီးတော့ အရသာရှိဖို့လည်းလိုပါသေးတယ်။ အင်တာနက်ကနေကြည့်ပြီးတော့ ဟင်းသီးဟင်းရွက်လေးတွေကို မျက်နှာပုံစံ၊ အရုပ်ပုံစံလေးတွေပုံဖော်ပြီးကျေွးရင်လည်း ကလေးငယ်လေးတွေရဲ့ စိတ်ဝင်စားမှုကိုပိုရစေနိုင်ပါတယ်။

7.ဟင်းသီးဟင်းရွက်ကို ကလေးကြိုက်တဲ့ဟင်းလျာထဲမှာရောချက်ကျေွးလို့ရပါတယ်။

ဟင်းသီးဟင်းရွက်ချည်းပဲကျေွးတာမျိုးမဟုတ်ဘဲနဲ့ ဟင်းသီးဟင်းရွက်ကို ကလေးကြိုက်တတ်တဲ့ဟင်းထဲမှာရောပြီးချက်ကျေွးတာကလည်း နည်းတစ်မျိုးပါပဲ။

ဖြစ်နိုင်ရင်တော့လည်းကလေးက ဟင်းသီးဟင်းရွက်ကိုကြိုက်လာအောင် သူ့ရဲ့မူလပုံစံအတိုင်းကျေွးတာကတော့အကောင်းဆုံးပါ။

သားသားမီးမီးတို့ ဟင်းသီးဟင်းရွက်မျိုးစုံစားပြီးတော့ ရောဂါတွေကင်းစင်ကြပါစေ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)























Dr. Mya Myo Myo Swe (www.drmyanmar.com)