ကျောင်းပြန်ဖွင့်ချိန် အာဟာရကြွယ်၀အောင် ...
ကျောင်းပိတ်ရက်ရှည်ပြီးလို့ ကျောင်းပြန်တက်ချိန် ရောက်လို့လာပါပြီ။ စွမ်းအင်ပြည့်နေဖို့၊ ခုခံအားစနစ်တွေကောင်းဖို့၊ ဉာဏ်ရည်ထက်မြက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို အစားအသောက်ကနေ ပြည့်ပြည့်ဝဝရရှိဖို့ လိုပါတယ်။ ဒါပေမဲ့ ကလေး လိုအပ်တဲ့အာဟာရတွေ တကယ်ရမရကို သေချာချင်ရင်၊ အထူးသဖြင့် အစားချေးများတဲ့ ကလေးတွေမှာဆိုရင် အားဆေးတွေသောက်ပေးဖု့ိ လိုနိုင်တယ်။
>> ဒီလို လိုအပ်တဲ့ အာဟာရဓာတ် ၅ မျိုးကတော့ -
၁။ ဗီတာမင်ဒီ
ခုခံအားစနစ်အတွက် ဗီတာမင်ဒီ လိုအပ်ပါတယ်။ အထူးသဖြင့် နေရောင်နည်းတဲ့ ဆောင်းတွင်းကာလမှာပေါ့။ နေထိုင်မကောင်းလိ့ု ကျောင်းပျက်ရတဲ့ရက်တွေကို နည်းစေပါလိမ့်မယ်နော်။ လိုအပ်တဲ့ ဗီတာမင်ရဲ့ ၁၀%လောက်ကသာ ငါးတွေဥတွေ စသဖြင့် အစားအသောက်တွေကနေ ရတယ်။ ကျန်တာတွေ အကုန်လုံးက နေရောင်ကနေ ရတာပါ။ နေရောင်နဲ့ ထိတွေ့မှုနည်းပါးရင် ဗီတာမင်ဒီအားဆေးတွေ သောက်ပေးဖို့ လိုပါလိမ့်မယ်။
၂။ အိုမီဂါ ၃ ငါးကြီးဆီ
အိုမီဂါ ၃ဟာ စိတ်အာရုံစူးစိုက်နိုင်စွမ်း၊ သင်ယူလေ့လာနိုင်စွမ်းတွေကို တိုးတက်စေနိုင်တယ်။ ဒါပေမဲ့ ငါးကြီးဆီပါတဲ့ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါးတွေကို ကလေးကျွေးရ ခက်တတ်ပါတယ်။ ဒီလိုကလေးမျိုးတွေမှာ EPA, DHA ပါတဲ့ အိုမီဂါ ၃ ငါးကြီးဆီတွေကို သောက်ပေးဖို့ လိုတယ်နော်။
၃။ ဗီတာမင်စီ
ဗီတာမင်စီဟာ ခုခံအားကိုကောင်းစေတဲ့အပြင် ကြီးထွားမှုနဲ့ သွားနဲ့ခံတွင်းကိုကျန်းမာစေတာ၊ လှုပ်ရှားမှုတွေကို တိုးတက်စေတာနဲ့ လေ့ကျင့်ခန်းတွေလုပ်အပြီး ကြွက်သားတွေ ပြန်လည်ပြုပြင်တာကို အားပေးနိုင်တယ်။ ဒါ့အပြင် စွမ်းအင်ထုတ်လုပ်ရာမှာလည်း အရေးပါသေးတယ်နော်။
၄။ အကျိုးပြုဘက်တီးရီးယားတွေ
အကျိုးပြုဘက်တီးရီးယားပိုးတွေဟာ ၉ မီတာ ရှည်လျားတဲ့ ကျွန်မတို့ရဲ့အူတစ်လျောက်မှာ ကပ်တွယ်နေထိုင်ပြီး ခုခံအားကို တိုးတက်စေတယ်။ တစ်နှစ်လုံးလုံး အရေးကြီးတယ်ဆိုပေမယ့် အထူးသဖြင့် ဖျားနာပြီးချိန်၊ သူတို့ဘေးနားက တခြားကလေးတွေ၊ လူကြီးတွေ ဖျားနာနေချိန်မှာ အထူးသဖြင့် ပိုအရေးကြီးတယ်။ နောက်ပြီးတော့ စာမေးပွဲလိုမျိုး စိန်ခေါ်မှုတွေရှိနေချိန်မျိုးမှာလည်း အထူးအရေးပါတယ်။
၅။ ဗီတာမင်ဘီဓာတ်ပေါင်း
ဗီတာမင်ဘီဓာတ်ပေါင်းဟာ စွမ်းအင်ထုတ်လုပ်မှုအတွက်နဲ့ ဦးနှောက်အာရုံကြောစနစ်တွေအတွက် အရေးပါတယ်။ Serotoninတို့ GABA တို့လိုမျိုး အာရုံကြော ဆက်သွယ်ဓာတ်ပစ္စည်းလေးတွေရဲ့ ဇီဝဖြစ်စဉ်တွေအတွက် အရေးပါတယ်။ ဒါမှ ကလေးဟာ ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်နေမှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























