/
node/7113

ဂီတသံချိုချိုလေးနဲ့ ချော့သိပ်ကြရအောင်

Category
ကလေးများနှင့်ကျန်းမာရေး

" သမီးလေးရေ..နားထောင်ကွယ်..မေမေ.. သီချင်းဆိုမယ်.. သမီးလေးရေ နားထောင်တော့… မေမေသီချင်းဆိုချော့….ပစ်တိုင်းထောင်လေးပုတိုတို..မျက်နှာပြုံးချိုချို..”

 

သာယာတဲ့ တေးဂီတသံတွေဟာ လူတွေရဲ့ စိတ်ဓာတ်ကိုပြောင်းလဲစေကြောင်း ခံစားချက်တွေကို ကောင်းစေကြောင်း လက်ခံထားကြပါတယ်။ ချစ်စရာသားငယ်သမီးငယ်လေးတွေကရော သီချင်းကြိုက်ကြပါသလား။ သူတို့ကတော့ ဂီတသံတွေကို ဘယ်လိုများတုံ့ပြန်ကြပါလိမ့်နော်။ သူတို့က အံသြစရာကောင်းလောက်အောင်နားထောင်တတ်တယ်ဆိုတာလေး အရင်ပြောထားပါရစေ။ ဒါ့အပြင် သီချင်းတွေဟာ ချစ်ရတဲ့သားငယ်သမီးငယ်လေးတွေအနေနဲ့  စကားလုံးအသစ်တွေ လေ့လာမှတ်သားဖို့ အကောင်းဆုံးလေ့လာနည်းဆိုတာလေးလည်း မေ့မသွားနဲ့နော် မေမေဖေဖေတို့ရေ...

Ceelin Plus 1

တေးသံသာလေးတွေက ဘယ်လိုတွေများ ကောင်းကျိုးပေးနေပါလိမ့်နော်။

 

• ဂီတသံဟာ ကလေးလေးတွေနှစ်ခြိုက်စွာအိပ်စေပါတယ်။

 

ငြိမ့်ညောင်း သာယာတဲ့ဂီတသံလေးနဲ့ အမြဲအိပ်ရာဝင်ရတဲ့ သားသားမီးမီး လေးတွေဟာ ကျေနပ်နှစ်သိမ့်စွာအိပ်မောကျသွားပြီး လန်းလန်းဆန်းဆန်း နိုးထလာကြပါတယ်။

 

• ဒေါသကြီးတဲ့ အငိုလွယ်တဲ့ကလေးကို ဂီတလေးနဲ့ချော့မယ်..

 

ကလေးတွေမှာလည်း သူ့နည်းသူ့ဟန်နဲ့စိတ်ဖိစီးမှုတွေ ရှိနေနိုင်ပါတယ်။ ဥပမာ ခရီးထွက်တာ၊ နေရာအသစ်ပြောင်းတာ၊ အိပ်ရာပြောင်းတာ စတာတွေကို သူတို့သဘောမကျတာမျိုး ရှိနိုင်ပါတယ်။ ဒီအခါ သီချင်းသံမြူးးမြူးလေးတွေ သာသာယာယာ ဂီတသံလေးတွေ ဖွင့်ထားပေးခြင်းဖြင့် သူတို့တွေရဲ့ စိတ်ဖိစီးမှုကို အလိုအလျောက်သက်သာလာစေပါတယ်။

 

• နာကျင်မှုနဲ့ ဂီတ

 

နေမကောင်းတဲ့အခါ ကလေးတွေ ဖျားတဲ့အခါ ထိခိုက်ဒဏ်ရာရတဲ့အခါ နာကျင်မှုနဲ့ နပန်းလုံးနေရတဲ့ သားသားမီးမီး တွေအတွက်ကတော့ ဂန္ဓဝင်တေးဂီတလို ငြိမ့်ငြိမ့်ညောင်းညောင်းအေးအေးဆေးဆေးလေးတွေက အသင့်လျော်ဆုံးပါပဲတဲ့။ သီချင်းသံထက် ဂီတတူရိယာသံ ဂီတသံ စန္ဒယားသံလေးတွေဟာ နာကျင်မှုကို သက်သာစေပါတယ်။ 

 

• ကျောင်းစာညံ့နေတဲ့သားသားမီးမီးတွေ

 

စာကျက်တဲ့အခါ သချၤာတွက်တဲ့အခါ သီချင်းအေးအေးလေးတွေဖွင့်ထားတာက ဦးနှောက်ကို ကြည်လင် လန်းဆန်းစေပါတယ်။ စာလေ့လာနေစဉ် သီချင်းဖွင့်ထားတဲ့အခါ စိတ်ဖိစီးမှုတွေ အထိုက်အလျောက် လျော့ကျသွားပြီး ပိုမိုမှတ်သားနိုင်တာကိုတွေ့ရပါတယ်။စာကျက်နေရင်း သူတို့နှစ်သက်တဲ့ သီချင်းတွေဖွင့်ရင် မေမေတို့ အဒေါ်တို့  ခွင့်ပြုပေးပါနော်။ 

Ceelin Plus 2

• သီချင်းဆိုပြတဲ့မိခင်

 

အိပ်ခါနီးပဲဖြစ်ဖြစ် အတူရှိနေချိန်မှာဖြစ်ဖြစ် မိခင်က အသံနေအသံထား နဲ့သီချင်းဆိုပြတဲ့အခါ လသားလေးတွေကနေ စကားပြောတတ်ကာစသားသားမီးမီးတွေထိ အင်မတန် အကျိုးရှိတဲ့ အားဆေးတစ်ခွက်ကို ကျွေးသလိုပါပဲတဲ့။ မိခင် ဖခင်ရဲ့ ချိုသာစွာ စိတ်လိုလက်ရ သီချင်းဆိုပြတာ ကို မကြာခဏနားဆင်ရတဲ့ ကလေးငယ်တွေဟာ စိတ်အားငယ်တာတွေ ကင်းဝေးတဲ့အပြင် တီထွင်ဖန်တီးနိုင်စွမ်းတွေမြင့်တက်လာပြီး ထက်မြက်တက်ကြွသူ တွေအဖြစ် ကြီးပြင်းလာတတ်ကြပါတယ်။

 

ဒီတော့ ဂီတသံ တူရိယာအသံ သီချင်းသံတွေဟာ သားသားမီးမီးလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာဖွံ့ဖြိုးမှုအတွက်သိပ်ကိုအရေးပါတယ်ဆိုတာ သတိပြုမိကြပြီပေါ့နော်။ သိပ်ကျယ်လွန်းရင်လည်း ကလေးတွေရဲ့နားစည်ကို ထိခိုက်ပျက်ပြားစေပါတယ်ဆိုတာလေးလည်း ထည့်သွင်းအသိပေးပါရစေ။  ကဲ.. ဒီနေ့ကစလို့ သီချင်းအေးအေးလေးတွေ သာသာယာယာဂီတသံလေးတွေကို မတိုးမကျယ်လေးဖွင့်လို့ ရင်သွေးလေးတွေကို ကျေနပ်နှစ်သိမ်မှုအပြည့်ပေးလိုက်ကြရအောင်နော်..

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)


 


 


 


 


 


 


 


 


 


 


 


 


 


 
