/
node/7405

ပျိုပျိုမေတို့ ကိုယ်အလေးချိန်ကိုလျော့ကျစေဖို့သိထားသင့်တဲ့အချက်လေးတွေ

Category
အလှအပနှင့်ကျန်းမာရေး

အမျိုးသမီးအများစုအတွက် အသက် ၂၀-၃၀ ကြားအရွယ်က အပြောင်းအလဲတွေများတဲ့အချိန်ပါပဲ။ ဒီ ဆယ်နှစ်တာဟာဆိုရင် အိမ်နဲ့ခွဲခွာပြီးတော့ အလုပ်လုပ်ရတဲ့အချိန်ဖြစ်နိုင်သလို ကိုယ်ပိုင်မိသားစုဘဝကိုလည်း စတင်တည်ထောင်ရချိန်လည်းဖြစ်နို်င်ပါတယ်။ ဒီလိုအပြောင်းအလဲတွေအများကြီးနဲ့အတူ ခန္ဓာကိုယ်အလေးချိန်တွေလည်းတက်လာပြီးတော့ ဝဖြိုးလာတာကတော့ အံ့သြစရာမဟုတ်ပါဘူးလေ။

အိမ်နဲ့ခွဲခွာပြီးတော့ တက္ကသိုလ်တက်ရတဲ့အခါမှာ ကြုံရတဲ့ဖိအားတွေ၊ ကြုံသလိုစားရတဲ့ အသင့်စားအစားအစာတွေ၊ တစ်နေကုန်ထိုင်နေရတဲ့အလုပ်တွေ စတာတွေက ကိုယ်အလေးချိန်ကို တက်လာစေပါတယ်။ ဒီအချိန်မှာ ကိုယ်အလေးချိန်ကိုထိန်းထားဖို့ ပြန်ပြီးပိန်ဖို့ဆိုတာက တကယ့်ကို တိုက်ပွဲတစ်ပွဲလိုပါပဲ။

သတင်းကောင်းကတော့ ဒီအသက်အရွယ်က ကျန်းမာရေးနဲ့မညီညွတ်တဲ့အကျင့်တွေရှိလာနိုင်သလို ကျန်းမာရေးနဲ့ညီညွတ်တဲ့အမူအကျင့်တွေကို ပြန်လည်မွေးမြူနိုင်မယ့်အရွယ်ပါပဲ။ ဒီအရွယ်မှာ ကိုယ်အလေးချိန်ပြန်ချနိုင်ဖို့အတွက် နည်းလမ်းအချို့ကိုပြောပြချင်ပါတယ်။

1.ရေတိုဝိတ်ချနည်းတွေကိုမလုပ်ပါနဲ့။

အစားအသောက်တွေအရမ်းရှောင်ပြီးတော့ တစ်လအတွင်း၊ တစ်ပတ်အတွင်းဝိတ်ချတဲ့နည်းတွေကို ဆယ်ကျော်သက်အရွယ်မှာ လိုက်ပြီးလုပ်ဖူးတယ်ဆိုရင် အခုချက်ချင်းပဲ ဒီမကောင်းတဲ့အလေ့အကျင့်တွေကို စွန့်လွှတ်လိုက်ပါ။ ဒီအချိန်က တစ်ဘဝလုံးအတွက် ကောင်းမွန်မယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသုံးမှုပုံစံကို စတင်ဖို့အချိန်ပါပဲ။ ဒီတော့ ထမင်းစားတဲ့အခါမှာ သစ်သီးနဲ့ဟင်းသီးဟင်းရွက်၊ အဆီမပါတဲ့အသား၊ အရမ်းကြီးဖြူဆွတ်နေအောင်ပြုပြင်မထားတဲ့ whole-wheat carbs ကစီဓာတ် (ဆန်၊ ဂျုံ၊ ပြောင်း) တွေကို စားတဲ့အကျင့်လုပ်ပေးပါ။

2.အစားအစာရွေးချယ်မှုမှန်ကန်ပါစေ။

အိမ်မှာပဲစားစား၊ အပြင်မှာပဲစားစား ကျန်းမာရေးနဲ့ညီညွတ်တဲ့အရာတွေကို ရွေးစားတတ်ဖို့လိုပါတယ်။ ဆီကြော်တွေစားမယ့်အစား ကင်ထား၊ ပြုတ်ထား၊ ဖုတ်ထားတဲ့ အသား၊ ငါးတွေကို အရွက်ပြုတ်နဲ့စားပါ။ ထောပတ်၊ ဒိန်ခဲ၊ ခရင်ဆော့စ်တွေနဲ့အုပ်ထားတဲ့အစားအစာတွေကိုရှောင်ပါ။ အချိုကြိုက်တတ်ရင် သစ်သီးတွေစားပါ။

3.အာဟာရနဲ့ပတ်သက်ပြီးတော့ လေ့လာပါ။

ကျန်းမာရေးနဲ့ညီညွတ်စွာချက်ပြုတ်တတ်အောင်သင်ပေးတဲ့သင်တန်းတွေ၊ အာဟာရပညာရှင်တွေရဲ့ဟောပြောချက်တွေကို နားထောင်ပါ။ လိုအပ်ပါက အာဟာရပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ကိုက်ညီနိုင်မယ့် အလေ့အကျင့်တွေနဲ့ပတ်သက်ပြီးတော့ အကြံဉာဏ်ရနိုင်ပါတယ်။

4.ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေကိုစားပါ။

အဆီတွေအားလုံးက မတူကြပါဘူး။ မပြည့်ဝဆီတွေက ကျန်းမာရေးနဲ့အညီဆုံးဖြစ်ပြီးတော့ ထောပတ်သီး၊ အယ်မွန်၊ သံလွင်ဆီ၊ ဆယ်မွန်ငါးစတာတွေမှာတွေ့နိုင်ပါတယ်။

5.မိတ်ဆွေသူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါမှာ၊ ပါတီတွေမှာလည်း ရွေးချယ်တတ်ပါစေ။

ဒီအရွယ်မှာကြုံရတဲ့နောက်ထပ် စိန်ခေါ်မှုတစ်ခုကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံနဲ့ လူမှုဆက်ဆံရေးကြားမှာညှိုနှိုင်းရတာပါ။ ချစ်သူနဲ့ချိန်းတဲ့အခါ၊ သူငယ်ချင်းတွေနဲ့ညဘက်ထွက်တဲ့အခါ၊ အလုပ်ကပါတီတွေမှာ အရက်တွေပါလာတတ်ပါတယ်။ ဒီတော့ ကယ်လိုရီကိုထိန်းထားနိုင်ဖို့ ကော့တေးတစ်ခွက် မသောက်မီနဲ့သောက်ပြီးအချိန်တွေမှာ ရေတစ်ခွက်စီသောက်လိုက်ပါ။ အရမ်းမပြင်းတဲ့ဘီယာ၊ alcohol အနည်းငယ်သာပါတဲ့ အရည်ကို ရွေးသောက်ပါ။

6.ချေွးထွက်ဖို့လည်းလိုပါတယ်။

ကိုယ်အလေးချိန်ကျဖို့ (သို့) ထိန်းထားဖို့ဆိုရင် လမ်းပဲလျှောက်လျှောက်၊ ပြေးတာပဲလုပ်လုပ်၊ စက်ဘီးပဲစီးစီး၊ ရေပဲကူးကူး ချေွးထွက်စေမယ့် အားကစားတစ်ခုခု ကစားရပါမယ်။ ကိုယ့်ရဲ့နဂိုကိုယ်အလေးချိန်အတိုင်လေးပဲထိန်းထားချင်တယ်ဆိုရင်တော့ တစ်ပတ်ကို အသင့်အတင့်အေရိုးဗစ်လေ့ကျင့်ခန်း ၁၅၀ မိနစ် (သို့) ပိုပြီးပြင်းပြင်းလေး ၇၅ မိနစ်လုပ်ပေးဖို့လိုပါတယ်။ ကိုယ်အလေးချိန်ကျဖို့ဆိုရင်တော့ ချေွးများများပိုထွက်ဖို့လိုပါတယ်။

7.စိတ်ရှည်ပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အကျင့်တွေကိုစတင်မွေးမြူတာက ကိုယ်အလေးချိန်အတွက် အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့်လည်း အကျင့်တစ်ခုစွဲမြဲဖို့ဆိုရင် အချိန်ပေးဖို့လိုပါတယ်။ ဒီတော့ စိတ်ရှည်ပြီးတော့ ကျင့်ယူပါ။

8.ကိုယ်တတ်နိုင်သလောက်ပဲလုပ်ပါ။

လေ့လာမှုတွေအရ တချို့အမူအကျင့်လေးတွေက ရိုးရှင်းမှုရှိမှ ပိုပြီးတော့ အလေ့အကျင့်ဖြစ်လွယ်ပါတယ်။ ဒီတော့ ပန်းတိုင် အကြီးကြီးတွေကနေမစဘဲ သေးသေးလေးတွေကနေစပြီး ကျင့်ကြည့်ပါ။

9.ကလေးအမေတွေမှာလည်း ကလေးမွေးပြီး ကိုယ်အလေးချိန်ပြန်ကျဖို့အတွက် ဆိုရင် အချိန်ပေးဖို့လိုပါတယ်။

ကလေးမမွေးခင်က ကိုယ်လုံးလေးကိုပြန်ရချင်တယ်ဆိုရင် အနည်းဆုံးတော့ ၆လ ကနေ တစ်နှှစ်လောက်ကြာတတ်တယ်ဆိုတာကို သိထားသင့်ပါတယ်။ ကလေးအမေတွေအနေနဲ့ ကလေးမွေးပြီး အနည်းဆုံး ၆ ပတ်လောက်ကြာမှ ကိုယ်အလေးချိန်ပြန်ချမယ့်အစီအစဉ်ကို ဆွဲသင့်ပါတယ်။ နို့တိုက်မိခင်တွေဆိုရင် အနည်းဆုံး အချိန် ၂ လလောက်စောင့်လိုက်ပါဦး။ ဖြစ်နိုင်ရင်တော့ မွေးပြီး 6 လကြာမှသာ စပြီးလျှော့ပါနော်။ ပြီးတော့အရမ်းအလျင်လိုပြီးတော့ အပြင်းအထန်ကြီးလည်းမလုပ်ပါနဲ့။ မိခင်က အာဟာရမျှတအောင် စားမှသာ ကိုယ့်ရဲ့နို့ရည်ကို သောက်သုံးနေရတဲ့ ကလေးလေးက ကျန်းမာမှာမို့လို့ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)






















Dr. Mya Myo Myo Swe (www.drmyanmar.com)